ပန်းတိုင်၊ တာဝန်နှင့် လုပ်ငန်းစဥ်များ

ပီချောင်းအင်စတီကျူး

 

ပီချောင်းအင်စတီကျူးသည် ရခိုင်ပြည်နယ် ကျေးလက်ဒေသများမှ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/သူများနှင့် လူငယ်လူရွယ်များကို အခမဲ့ ပညာသင်ကြားပေးနေသော ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ယခု (၂၀၁၉ − ၂၀၂၀) ပညာသင်နှစ်တွင် ပဥ္စမတန်းမှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား/သူ စုစုပေါင်း (၃၄၅) ယောက်ကို ဆရာ/မ အင်အား (၂၆) ယောက်ဖြင့် ပညာသင်ကြား ပေးလျှက်ရှိပါသည်။  

 

မိမိတို့ ပီချောင်းအင်စတီကျူးတွင် “အခြေခံပညာရေးအစီအစဥ်နှင့် အဆင့်မြင့်ပညာရေးအစီအစဥ်” ဟူ၍ အစီအစဥ်နှစ်ရပ်ရှိပါသည်။

 

“အခြေခံပညာရေးအစီအစဥ်” သည် ပဥ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အလယ်တန်းနှင့် အထက် တန်း ကျောင်းသား/သူများကို သင်ကြားပေးသော အစီအစဥ်ဖြစ်ပြီး “အဆင့်မြင့်ပညာရေးအစီစဥ်” သည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ရခိုင်ပြည်နယ်ကျေးလက်ဒေသများမှ လူငယ်များအား “အဂ်လိပ်စာ၊ ကွန်ပျူတာ၊ လူမှုရေးသိပ္ပံနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို တစ်နှစ်ကြာ သင်ကြားပေးသည့် အစီအစဥ် ဖြစ်ပါသည်။

 

ဆက်လက်၍ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာပြီးဆုံးသည်အထိ သင်ကြားခွင့်မရရှိခဲ့သော လူငယ်များအတွက်လည်း “သက်မွေးဝမ်းကျောင်း” ပညာရပ်များကို သင်ကြားပေးနိုင်ရန် ကြိုးပမ်းစီ စဥ်လျှက်ရှိပါသည်။

ပီချောင်းအင်စတီကျူး၏ ပန်းတိုင်မှာ

          ငြိမ်းချမ်းသာယာသော လူ့ဘောင်ပတ်ဝန်းကျင်ဖန်တီးရာတွင် ပညာရေး ကဏ္ဍမှ ပါဝင်ကူညီရန်ဖြစ်သည်။

ပီချောင်းအင်စတီကျူး၏ အဓိက တာဝန်များမှာ

          ကျေးလက်ဒေသနေ ပြည်သူလူထု၏ ပညာရေး ဆိုင်ရာစိန်ခေါ်မှုနှင့် အခက်အခဲများကို တာဝန်ယူဖြေရှင်းရန်နှင့်  အရည်အသွေးမြင့်မားသည့် နိုင်ငံ့သား ကောင်း လူငယ်မောင်မယ်များအား ပြုစုလေ့ကျင့်မွေးထုတ်ရန်တို့ဖြစ်သည်။  

ပီချောင်းအင်စတီကျူး၏ လုပ်ငန်းစဉ်များမှာ

 ၁။ ကလေးသူငယ်တိုင်းသည် (မိမိတို့လက်လှမ်းမီသလောက်) အခြေခံပညာအဆင့် ပြီးဆုံးအောင် သင်ကြားခွင့် ရှိစေရမည်။

 ၂။ ပညာသင်ကြားခွင့်ရနေသည့် ကလေးသူငယ်တိုင်းသည် အရည်အသွေးပြည့်မီသည့် ပညာရေးကို သင်ကြားခွင့် ရှိစေရမည်။

 ၃။ အခြေခံပညာသင်ယူပြီးမြောက်ပြီးနောက် သက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ခွင့် မရရှိခဲ့ကြသော အရွယ်ရောက်ပြီးသည့် ကျေးလက်      နေလူငယ်များအား တက္ကသိုလ်အဆင့် ပညာရေးကို သင်ကြားပေးနိုင်ရန်။  

 ၄။ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာမပြီးဆုံးခဲ့သော ကျေးလက်နေလူငယ်များအား သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရန်။  

 ၅။ ငြိမ်းချမ်းသိမ်မွေ့သော လူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာရန်အတွက် မြတ်ဗုဒ္ဓ၏ စစ်မှန်သော အဆုံးအမများကို သင်ကြားပြသနိုင်ရန်တို့ဖြစ်သည်။

ပီချောင်းအင်စတီကျူးသည် အထက်ဖော်ပြပါ လုပ်ငန်းစဥ်များအနက် လုပ်ငန်းစဥ် (၁၊ ၂၊ ၃ နှင့် ၅) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး  လုပ်ငန်းစဥ် အမှတ် (၄) ကို မကြာမီ စတင်နိုင်ရန် ကြိုးစားအားထုတ်လျှက်ရှိပါသည်။

 

ပီချောင်းအင်စတီကျူးနောက်ခံသမိုင်း  

 

၂၀၀၈-ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သီးတင်းသုံးနေထိုင်သော ဘဒ္ဒန္တ စန္ဒာဝရ (ဝဲကြီးထောင့်ဆရာတော်) နှင့် ညီတော် နောင်တော်များဖြစ်ကြသော  ဘဒ္ဒန္တတေဇိန္ဒ၊ ဘဒ္ဒန္တနရိန္ဒ၊ ဘဒ္ဒန္တအာလောက၊ ဘဒ္ဒန္တသုန္ဒရ စသောရဟန်းတော်များသည် ကျေးရွာအတွင်းရှိ ကျောင်းသားလူငယ်များအတွက် (၃) လကြာ နွေရာသီ အင်္ဂလိပ်စာသင်တန်းတစ်ခုကို စီစဉ်ဖွင့်လှစ်သင်ကြားပေးခဲ့ကြပြီး သင်တန်းအမည်ကို အင်္ဂလိပ်ဘာသာဖြင့် “Royal English Language Teaching Centre” ဟု အမည်ပေးခဲ့ကြသည်။ (၃) လတာ သင်တန်းပြီးဆုံးပြီးနောက် ရဟန်းတော်များသည် ပီချောင်းဒေသခံ ကျေးလက်နေ လူငယ်များ၏ ပညာရေးဆိုင်ရာ အားနည်းချက်များကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့ကြပြီး ၎င်းအခြေအနေကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် ပုံမှန်လည်ပတ်နိုင်သော ပရဟိတပညာဒါနကျောင်း တစ်ကျောင်းကို စီစဉ်ဖွင့်လှစ်နိုင်ရန် စဉ်းစားအဖြေရှာဖွေခဲ့ကြသည်။

 

အသျှင်စန္ဒာဝရ (ဝဲကြီးထောင့်ဆရာတော်) ဦးဆောင်သော ရဟန်းတော်များသည် ၂၀၀၈ ခုနှစ် တစ်နှစ်တာလုံး ကြိုတင်စီစဉ်ကြပြီးနောက် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်အတွက် ရည်ရွယ်လျှက် ဝဲကြီးထောင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ပင် အမြဲတမ်း သင်ကြားပို့ချပေးနိုင်မည့် ပရဟိတပညာဒါနကျောင်းတစ်ကျောင်းကို “Royal Education Centre” (REC) ဟု အမည်ပေး၍ ၂၀၀၉ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြသည်။ ၎င်းနှစ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား  ကျောင်းသူ (၁၄) ဦးကို စတင်လက်ခံသင်ကြားပေးခဲ့ရာမှ (၅) ဦးက ပေါက်မြောက်အောင် မြင်ခဲ့ကြသည်။

 

၎င်းအောင်မြင်မှုကြောင့် “REC - ပီချောင်းပညာဒါန” သည် ပီချောင်းဒေသတွင်းရှိ ကျောင်းသား/သူ မိဘများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ထိုမှစတင်၍ ယခု ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်ထိ (၁၀) တိုင်တိုင် မရပ်မနား ခရီးဆက်လာနိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းကာလအတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ စုစုပေါင်း (၃၀၀) ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး မိမိတို့လက်အောက်မှ တက္ကသိုလ်ဝင်တန်း တိုက်ရိုက်အောင်မြင်သူ (၁၀၀) ကျာ် မွေးထုတ်ပေးနိုင်ခဲ့သည်။

 

မိမိတို့သည် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများကိုသာ စတင်လက်ခံ၍ သင်ကြားပေးနေရာမှ အခြေခံပြည့်ဝသော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် အောက်အောက် အတန်းများဖြစ်သော ၉ တန်း၊ ၈ တန်း၊ ၇ တန်း၊ ၆ တန်း၊ ၅ တန်းများရှိ ကလေးငယ်များကိုလည်း တဖြည်းဖြည်း လက်ခံသင်ကြားပေးလာခဲ့သည်။

 

အခြေခံပညာမူလတန်းအဆင့်ကိုမူ သင်ကြားပေးရန် ဆရာ/မ အလုံအလောက်ရှိသော်လည်း နေရာ စာသင်ခန်း အခက်အခဲကြောင့် ယခုထိ လက်ခံသင်ကြားပေးနိုင်ခြင်း မရှိသေးပေ။ ယခု ၂၀၀၈ - ၂၀၁၉ ပညာသင်နှစ်တွင် ပဉ္စမတန်းမှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား/သူ ဦးရေ (၂၆၀) ကျော် လက်ခံသင်ကြားပေးလျက်ရှိသည်။

 

၂၀၁၄ ခုနှစ် နွေရာသီမှစ၍ သိက္ခာမြန်မာ (ရန်ကုန်)၊ ကံ့ကော် ပညာရေးစင်တာ(ရန်ကုန်)၊ ဦးမြကြိုင်အင်္ဂလိပ်သင်တန်းကျောင်း (ရန်ကုန်)၊ Chin Institute of Social Science (ချင်းပြည်နယ်၊ဖလန်း) စသော ကျောင်းများနှင့် ချိတ်ဆက်၍ ၎င်းကျောင်းများမှ ကူညီစေလွှတ်ပေးသော စေတနာပြဆရာများဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား/သူများကို အင်္ဂလိပ်ဘာသာ စကားသင်တန်းများကို နှစ်စဉ် စီစဉ်ဖွင့်လှစ် သင်ကြားပေးလာခဲ့သည်။ ထိုမှ ထွက်ပေါ်လာသော လူငယ်များဖြင့် မိမိတို့ကျောင်း၏ ဆရာ/မ လိုအပ်ချက်ကို ဖြည့်စွပ်ပေးနိုင်သည့်အပြင် ရခိုင်ပြည်နယ် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး စသော မြို့နယ်အသီးသီးရှိ  ဆက်စပ်ရာရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များနှင့် ပညာဒါနကျောင်းများသို့လည်း စေတနာပြဆရာ/များအဖြစ် စေလွှတ်ကူညီပေးနိုင်ခဲ့သည်။

 

 

၂၀၁၇ ခုနှစ် အောက်တိုဘာလမှစတင်၍ ကျောင်းသားလူငယ်များနှင့် ဒေသခံလူထုများ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပီပညာရှင်များနှင့် အသိပညာရှင်များကို ဖိတ်ကြားကာ လစဉ်အသိပညာပေးဟောပြောပွဲများကိုလည်း လစဉ်လတိုင်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသည်။

 

“REC - ပီချောင်းပညာဒါန” ၏ တတိယမြောက်လုပ်ငန်းစဉ်ဖြစ်သော အဆင့်မြင့်ပညာရပ်များ သင်ကြားပြသနိုင်ရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ “Youth Education and Community Development Programme” (YECD) ကို စတင်မိတ်ဆက်နိုင်ခဲ့ သည်။ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီးသော ကျောင်းသား/သူများ အား အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုရေးသိပ္ပံနှင့် အခြားလုပ်ငန်းခွင်ဆိုင်ရာ အသုံးဝင်မည့် ဘာသာရပ်များကို အသုံးချနိုင် သည့် အဆင့်ထိရောက်ရှိအောင် (၁၂) လကြာ စခန်းသွင်း လေ့ကျင့်သင်ကြားပေးနိုင်ရေး ဖြစ်သည်။

 

အပတ်စဉ် (၁) တွင် ရခိုင်ပြည်နယ် ကျောက်တော်၊ ပေါက်တော၊ စစ်တွေနှင့် ရသေ့တောင် မြို့နယ်များမှ ကျောင်းသား/သူ (၂၃) ဦးကို လက်ခံသင်ကြားပေးနိုင်ခဲ့ပြီး ယခုလက်ရှိ အပတ်စဉ် (၂) တွင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနှင့် မြေပုံမြို့နယ်များမှ ကျောင်းသား/သူ ၂၆ ယောက်ကို လက်ခံ သင်ကြားပေးလျက်ရှိသည်။

 

ပညာဒါနလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ယင်း (၁၀) နှစ်တာ ခရီးသို့ရောက်ရှိလာခဲ့သော REC - ပီချောင်းပညာနကျောင်းသည် ၂၀၁၉ ခုနှစ်အရောက်တွင် အနာဂတ်ကာလသို့ လျှောက်လှမ်းမည့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ်များကို ယခင်ထက် စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန် ကျောင်း၏အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ သင်ကြားရေးများကို ပြုပြင်ပြောင်းလဲယင်း ကျောင်း၏အမည်ကိုပါ ပြောင်းလဲသုံးစွဲရန် စဉ်းစား ဆုံးဖြတ်ခဲ့ကြသည်။

 

၎င်းဆုံးဖြတ်ချက်နှင့်အညီ အမည်သစ်ကို ရွေးချယ်ကြရာ ဒေသကို ကိုယ်စားပြုသည့် ချောင်း၏ အမည်ကို ဂုဏ်ပြုသည့်အနေဖြင့် "ပီချောင်း" ဟူသောအမည်ကိုလည်းကောင်း၊ အခြေခံလွန်နှင့် အဆင့်မြင့် ပညာရေးကို အကောင်အထည်ဖော်ဆောင်သည့် လုပ်ငန်းစဉ်များနှင့် လိုက်ဖက်အောင် ရည်ရွယ်၍ "အင်စတီကျူး" ဟူသောအမည်ကိုလည်းကောင်း တွဲဖက်ကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ အဖွဲ့အစည်း၏ အမည်ကို Pechaung Institute (ပီချောင်းအင်စတီကျူး) ဟု တရားဝင် ပြောင်းလဲ သုံးစွဲခဲ့ သည်။

Pechaung Institute

 

Wae Griee Htaunt Village, Pechaung Region

Kyauktaw Township, 07061

Rakhine State, Myanmar

Follow Us

  • Facebook
  • Twitter
  • YouTube
Mobile: +95 9450866224, 9421746678

Email: admin@pechaunginstitute.com