
PICHAUNG

INSTITUTE
အခြေခံပညာရေး
ပီချောင်းအင်စတီကျူးသည် လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ကလေးငယ်များ လွယ်လင့်တကူ အရည်အသွေးပြည့်မှီသည့် ပညာရေးကို သင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်နှင့်အညီ (၁) အခြေခံပညာရေးအစီအစဥ် (၂) အဆင့်မြင့်ပညာရေးအစီအစဥ် နှင့် (၃) သက်မွေး၀မ်းကြောင်းသင်တန်းများကို စီစဥ်သင်ကြားပေးလျက်ရှိသည်။ ၄င်းတို့အနက် ....
အခြေခံပညာရေးအစီအစဥ်သည်
ပဥ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသား/သူ လူငယ်မောင်မယ်များအား အခမဲ့ ပညာသင်ကြားပေးနေသော အစီအစဥ်ဖြစ်ပါသည်။ ဤအစီအစဥ်ကို ၂၀၀၉ − ၂၀၁၀ ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး မိမိတို့၏ ရည်ရွယ်ချက် (၁) နှင့် (၂) ဖြစ်သော “ကလေးငယ်တိုင်းသည် (မိမိတို့လက်လှမ်းမီသလောက်) အခြေခံပညာအဆင့် ပြီးဆုံးအောင် သင်ကြားခွင့်ရှိစေရမည် နှင့် သင်ကြားခွင့်ရရှိနေသည့် ကလေးငယ်တိုင်းသည် အရည်အသွေးပြည့်မီသည့် ပညာရေးကို သင်ကြားခွင့်ရှိစေရမည်” ဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နေသော အစီအစဥ် ဖြစ်ပါသည်။
၂၀၀၉ ခုနှစ်မှ စတင်ခဲ့သော ဤအစီအစဥ်တွင် ပီချောင်းဒေသတွင်းနှင့် ရခိုင်ပြည်အခြား ဒေသများမှ ကျောင်းသား/သူ လူငယ်ပေါင်း (၁၀၀၀) ခန့်ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ (၁၀၀) ကျော်ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုလက်ရှိ ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ်တွင် ပဥ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသား/သူ (၃၄၅) ဦးအား ဆရာ/ဆရာမ အင်အား (၂၆) ဦးဖြင့် ပညာသင်ကြားပေးလျှက်ရှိပါသည်။
အထက်တန်းအဆင့် ပညာရေး
နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများကို လက်ခံသင်ကြားရာတွင် မိမိတို့ ပီချောင်းအင်စတီကျူးသည်ပုံစံသုံးမျိုးကို ကျင့်သုံးလုပ်ဆောင်လျှက်ရှိသည်။
(က) ပထမပုံစံတစ်မျိုးမှာ
ဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားရန် မိဘများထံမှ လုံး၀ (လုံး၀) အထောက်အပံ့ မရရှိနိုင်သည့် ကလေးငယ်များအတွက်
(၁) ပညာသင်ကြားရေး
(၂) နေထိုင်ရေး နှင့်
(၃) စားသောက်စရိတ်အားလုံးကို ကျောင်းမှ တာဝန်ယူသင်ကြားပေးခြင်း။
(ခ) ဒုတိယပုံစံတစ်မျိုးမှာ
(၁) ပညာသင်ကြားရေး နှင့်
(၂) နေထိုင်ရေး တို့ကို ကျောင်းမှ တာဝန်ယူပြီး၊
(၃) စားသောက်စရိတ်ကိုမူ ကျောင်းသား မိဘများထံမှ အပြည့်အ၀ တာဝန်ယူစေခြင်းဖြင့် လက်ခံသင်ကြားပေးသည်။
(ဂ) တတိယပုံစံတစ်မျိုးမှာ
ငွေကြေးအတော်အတန်သုံးစွဲနိုင်သော ကျောင်းသားမိဘများ၏ သဘောဆန္ဒအရ သီးသန့်စာသင်၀ိုင်းများ စီစဥ်ပေးခြင်း ဖြစ်သည်။
(၁) နေထိုင်ရေးကို ကျောင်းမှတာ၀န်ယူထားပြီး
(၂) စားသောက်စရိတ်နှင့်
(၃) သင့်တော်သော စာသင်စရိတ်ကို မိဘများမှ တာ၀န်ယူစေပြီး သင်ကြားပေးသည်။
အလယ်တန်းအဆင့် ပညာရေး
အလယ်တန်းအဆင့် ကျောင်းသား/သူများကိုမူ ပီချောင်းအင်စတီကျူးမှ ဘာသာစုံ အချိန်ပြည့် တာဝန်ယူ သင်ကြားပေးခြင်းမဟုတ်ဘဲ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် အဂ်လိပ်စာ နှင့် သချ်ာ ဘာသာရပ်နှစ်ခုကိုသာ (အခမဲ့ ကျူရှင်အဖြစ်) အဓိက တာဝန်ယူ သင်ကြားပေးခြင်းဖြစ်ပါသည်။
မူလတန်းအဆင့် ပညာရေး
မူလတန်းအဆင့် ကလေးငယ်များအတွက်မူ မိမိတို့အနေဖြင့် တာဝန်ယူသင်ကြားနိုင်စွမ်းရှိသော်လည်း ကလေးငယ်များ နှင့် သင့်တင့်လျှောက်ပတ်သော ရာသီဥတုဒဏ်ခံနိုင်သည့် စာသင်ခန်းပါ အဆောက်အဦးမပြည့်စုံသေးသဖြင့် မူလတန်းအရွယ် ကလေးငယ်များအား လက်ခံသင်ကြားပေးနိုင်ခြင်း မရှိသေးပေ။ မိုးလုံလေလုံ စာသင်ခန်းပါ အဆောက်အဦး ရှိလာသည့်အချိန်တွင် မူလတန်းအရွယ် ကလေးငယ်များအား အချိန်ပြည့်တာဝန်ယူ သင်ကြားပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။