ကမ္ဘာ့နိုင်ငံသစ်များနှင့် အာရက္ခတိုင်းပြည်



ကမ္ဘာ့နိုင်ငံသစ်များနှင့် အာရက္ခတိုင်းပြည်


သန်းအောင်ဖြိုး

14/06/2022


၁။ နိဒါန်း


ငယ်စဥ်က ကမ္ဘာ့သမိုင်းကို ကျောင်းသင်ခန်းစာမှာ လေ့လာခဲ့ရတယ်။ လူ့သမိုင်းတစ်လျောက် စစ်ပွဲဆိုတာ အဓိကဇာတ်ကောင်ပါ၊ သမိုင်းတွေကို စစ်ပွဲတွေနဲ့ ထုဆစ်ပုံဖော်ထားတယ်။ စစ်ပွဲတွေဖန်တီးပြီး နယ်ပယ်တွေချဲ့ထွင်ကြ၊ အင်ပါယာတွေကို စစ်ပွဲတွေနဲ့ဖြိုခွဲရ၊ ကမ္ဘာမှာ နိုင်ငံအသီးသီး အောင်လံစိုက်ထူကြ။ တစ်ချိန်က ဗမာပြည်ကို စစ်ပွဲတွေနဲ့ တည်ဆောက်ခဲ့သလို၊ စစ်တိုက်ရင်းနဲ့ အင်္ဂလိပ်တွေက မြန်မာပြည်ကို နှစ် ၁၀၀ အုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ရေးရပြီး မြန်မာပြည်ကို စစ်တိုက်ရင်းနဲ့ burminization ပြုကြပြန်တယ်။ လူ လူချင်း တန်းတူဖြစ်ရမယ်ဆိုတဲ့ အခြေခံသဘောကနေ စစ်ပွဲတွေပေါ်လာပြန်တယ်။ ဒါက ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းကို တီးခေါက်ကြည့်တာ။ မိမိတို့ရခိုင်နိုင်ငံဟာလည်း တစ်ချိန်က နယ်ချဲ့ဗမာလက်အောက်ထံ ကျူးကျော်သိမ်းပိုက်ခံခဲ့ရ။ ခေတ်အဆက်ဆက် ရခိုင်နိုင်ငံတော်ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးစစ်ပွဲကိုဆင်နွှဲခဲ့ကြတယ်။ ယနေ့ထိတိုင် အာရက္ခနိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ရခိုင်ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးစစ်ပွဲကို ဆင်နွှဲနေ့ကြ၏။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အောင်ပွဲဆင်ခဲ့ကြတဲ့ နိုင်ငံသစ်တွေအကြောင်းနဲ့ ခေတ်သစ်ရခိုင့်နိုင်ငံတော်အကြောင်းကို ယှဥ်တွဲလေ့လာကြည့်ကြရအောင်။


၂။ တောင်ဆူဒန်သမ္မတနိုင်ငံ ( Republic of South Sudan )


တောင်ဆူဒန်နိုင်ငံဟာ အာဖရိကတိုက်မှ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်တယ်။ မြောက်ပိုင်းတစ်ခွင် အာရပ်လူမျိုးတွေကြီးစိုးထားတဲ့ ပင်မဆူဒန်နိုင်ငံကနေ၊ ၂၀၁၁ ခုနှစ် ဇူလှိုင်လ ၉ ရက်နေ့မှာ ခွဲထွက်ပြီး လွတ်လပ်ရေးယူခဲ့တာ။ ပင်မ ဆူဒန်နိုင်ငံဟာ ၁၈၉၉ ကနေ ၁၉၅၆ အထိ အင်္ဂလန်နဲ့ ပြင်သစ်တို့ထံ သိမ်းပိုက်ခံခဲ့ရတယ်။ နိုင်ငံသစ်မထူထောင်နိုင်မီ ဆယ်စုနှစ် ၅ ခုခန့် တိုက်ပွဲဝင်ခဲ့ရပြီး၊ အာဖရိကတိုက်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့တောင် သတ်မှတ်ကြပြီး၊ နိုင်ငံသစ်ထူထောင်နိုင်ရေးအတွက် ပြည်သူ ၂ သန်းအသက်ပေးသွားခဲ့ရတယ်။ လွတ်လပ်ရေးကြေညာတဲ့ အခမ်းအနားကို ဆူဒန်သမ္မတ နဲ့ ကုလသမဂ္ဂအတွင်းရေးမှုချုပ်

မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ တောင်ဆူဒန်နိုင်ငံကို ပင်မ ဆူဒန်နိုင်ငံကလည်းအသိအမှတ်ပြုခဲ့ပြီး ၁၉၃ ခုမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေးရဲ့အသီးအပွင့်လို့ဆိုရမည့် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တောင်ဆူဒန်ပြည်သူတို့ တာရှည်မခံစားလိုက်ရပေ။

လွတ်လပ်ရေးရပြီး ၂ နှစ်အကြာ သမ္မတ နဲ့ ဒုသမ္မတဟာ နိုင်ငံရေးအရအငြင်းပွားပြီး၊ ပြည်တွင်းစစ်တစ်ဖန်ပေါက်ဖွားလာပြန်တယ်။ စစ်အာဏာသိမ်းမှုလည်း ဖြစ်ပေါ်ခဲ့တယ်။ ရေနံကြွယ်ဝသည့်နိုင်ငံတစ်ခုဖြစ်သည့်တိုင် ပြည်သူတို့မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပြည်တွင်းစစ်ဒဏ်ကို တစ်ဖန်ကြုံတွေ့နေရသည်။ ၂၀၁၉ ခန့်မှန်းခြေအရ လူဦးရေး ၁၂ သန်းကျော်ရှိသည့်နိုင်ငံမှာ၊ ပြည်သူတစ်သန်းခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး၊ ကလေးသူငယ်သေဆုံးမှု မြင်မားသောနိုင်ငံတစ်ခုဖြစ်နေသည်။ လွတ်လပ်ရေးရဲ့ တန်ဖိုးကို တစ်လွဲအသုံးချရင် ပြည်သူတို့၏အသက်အိုးအိမ် ပျက်စီးရတယ်ဆိုတာ ဆူဒန်နိုင်ငံရဲ့သမိုင်းကြောင်းက သက်သေပြနေတယ်။ မြန်မာနိုင်ငံနှင့်လည်း အလားတူနေတယ်။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးသာရရှိခဲ့တယ်။ ယနေ့ထိ မြန်မာပြည်သူတစ်ရပ်လုံး လွတ်လပ်မှုရဲ့အရသာကို မခံစားဖူးသေးပေ။ မိမိတို့ ရခိုင်တွေအနေနဲ့လည်း လွတ်လပ်ရေးကိုလည်မျှော်၊ လွတ်လပ်မှုနဲ့အတူ ရင်ဆိုင်လာရမည့် ပြသနာတွေကို ကြိုတွေးထားနိုင်ရမယ်။


၃။ ကိုဆိုဗို ( Republic of Kosovo )


ကိုဆိုဗိုနိုင်ငံဟာ ဥရောပအရှေ့တောင်ပိုင်းမှ ဒေသတစ်ခုဖြစ်ပြီး၊ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆားဘီးယားနိုင်ငံမှ လွတ်လပ်ရေးကြေညာခဲ့တယ်။ ဆားဘီးယားနဲ့ ရုရှားနိုင်ငံတို့ကတော အသိအမှတ်မပြုကြပေ။ လူဦးရေး ၂၀၂၁ ခန့်မှန်းခြေအရ ၁.၉သန်း ခန့်ရှိပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင် ၁၁၁ နိုင်ငံက တရားဝင် အသိအမှတ်ပြုထားတယ်။ ကိုဆိုဗိုဒေသအုပ်ချုပ်ရေးကို ၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂက လွှဲပြောင်းတာဝန်ယူခဲ့တာ။ ဆားဘီးယားနိုင်ငံကလည်း ကိုဆိုဗိုရဲ့ တစ်ဖက်သတ်ခွဲထွက်မှုကို လက်မခံဘဲ၊ ကိုဆိုဗိုဒေသကို ဆားဘီးယား သမ္မတနိုင်ငံအတွင်းက ကုလသမဂ္ဂအုပ်ချုပ်နယ်မြေတစ်ခုအဖြစ်သာ သတ်မှတ်ထားဆဲ။ သို့သော် အစိုးရ ၂ ရပ်အနေဖြင့် ၂၀၁၃ ခုနှစ် ဘရပ်စ်ဆဲသဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ နှစ်ဖက်ဆက်ဆံရေးများ စတင်နေပြီ။ လက်ရှိ ကိုဆိုဗိုနိုင်ငံကို ရှေးယခင်က ရိုမန်အင်ပါယာ၊ ဘိုင်ဇန်တိုင်းအင်ပါယာ၊ ပထမ ဘူဂေးရီးယား အင်ပါယာ၊ ဆားဘီးယားအင်ပါယာနဲ့ အော်တိုမန်အင်ပါယာတို့ အပါအဝင်၊ အင်ပါယာ မြောက်များစွာတို့က ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့ကြပြီး၊ ၂၁ ရာစုရောက်မှ မွေးကင်းစနိုင်ငံတစ်ခု ဖြစ်လာတာ။ ကိုဆိုဗိုနိုင်ငံမှ ရခိုင်ပြည်သူတို့ သင်ခန်းစာယူနိုင်သည်မှာ၊ မြန်မာအစိုးရက အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ မိမိတို့၏ အုပ်ချုပ်ပိုင်ခွင့်အာဏာသည် မိမိတို့လက်ထဲ၌ရှိနေအောင် ကြိုးပမ်းကြရမည်။ ကိုယ်ခြေထောက်နဲ့ ကိုယ် ရပ်တည်နိုင်အောင်၊ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို အတွေ့အကြုံရင့်ကျက်လာအောင်၊ ကြိုတင်ပြင်ဆင်ထားရပေမည်။


၄။ အရှေ့တီမော ( East Timor or Timor Leste )


တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှ ကျွန်းနိုင်ငံတစ်ခုဖြစ်တယ်။ လူဦးရေအားဖြင့် တစ်သန်းကျော်မျှသာရှိ၏။ ၁၉ ရာစု နှောင်းပိုင်းမှာ ပေါ်တူဂီတို့က တီမောကျွန်းစုအရှေ့ခြမ်းကို ''ပေါ်တူဂီ-တီမော နိုင်ငံ'' အဖြစ် သတ်မှတ်အုပ်ချုပ်ပြီး၊ တီမောကျွန်းစုရဲ့ အနောက်ဖက်ခြမ်းနဲ့ အင်ဒိုနီးရှားကျွန်းစုကြီးတစ်ခုလုံးကို ဒတ်ရှ်တို့က သိမ်းပိုက်အုပ်ချုပ်ခဲ့ကြတယ်။ ယခုအရှေ့တီမောနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ နယ်နမိတ်အပိုင်းအခြားကို၊ ၁၉၁၄ ခုနှစ်မှာ ပေါ်တူဂီနှင့် ဒတ်ရှ်တို့က သတ်မှတ်ခဲ့ကြတာ။ အရှေ့တီမောနိုင်ငံသားတွေဟာ သူတစ်ပါးထံကျွန်ပြုခံရတာ မနှစ်မြို့ကြောင်း စစ်ပွဲတွေနဲ့ သက်သေပြခဲ့ကြတယ်။ ၂၀ ရာစု အစောပိုင်းမှာ ပေါ်တူဂီတို့အား ဆန့်ကျင်တော်လှန်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ မှ ၄၅ အထိ ကျပန်တို့ရဲ့ကျူးကျော်ဝင်ရောက်သိမ်းပိုက်မှုကိုလည်း ဆန့်ကျင်ခဲ့ကြတယ်။ တီမောတိုက်ပွဲဆိုပြီး ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးသလို ပြည်သူ ၇ သောင်းအသက်စတေးခဲ့ရတယ်။ ဂျပန်ဆုတ်တော့ ပေါ်တူဂီထံ ပြန်လည်သိမ်းပိုက်ခံရပြီး၊ ၁၉၇၅ မှာ ပေါ်တူဂီတပ်ဖွဲ့တို့ကိုလည်း မောင်းထုတ်ခဲ့ရပြန်တယ်။

၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အရှေ့တီမောဟာ လွတ်လပ်ရေးကြေညာခဲ့သည်တိုင်၊ ဒီဇင်ဘာလ ၇ ရက်နေ့ အင်ဒိုနီးရှားထံသိမ်းပိုက်ခံရပြန်တယ်။ အရှေ့တီမောနိုင်ငံသားတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နဲ့ အနောက်နိုင်ငံတွေနဲ့ လက်တဲဲကိုမပ်းမှုကြောင့်၊ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ အင်ဒိုနီးရှားတပ်တွေ အရှေ့တီမောနယ်မြေမှ ဆုတ်ခွာခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေမှာ၊ ၂၁ ရာစုရဲ့ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံငယ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပြီး၊ ကုလသမဂ္ဂရဲ့ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ ရခိုင်ဘုရင်နိုင်ငံဟာ ၁၇၈၄ မှာ ဗမာဘုရင်လက်အောက်ထံကျရောက်သွားတယ်။ ချင်းပျံက ရခိုင်ပြည်ပြန်ရရေး ထတော်လှန်တယ်။ အင်္ဂလိပ်လက်အောက်ထံကျရောက်သွားတယ်။ မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းအောင်ကျော်ရွီ၊ မြို့သူကြီး အောင်ကျော်ဇံတို့ အင်္ဂလိပ်ကိုတော်လှန်တယ်။ ဂျပန်ဆီမှာ အသိမ်းခံရတယ်။ ဂျပန်ကိုတော်လှန်တယ်၊ မြန်မာပြည်လွတ်လပ်ရေးရတော ဗမာက အုပ်ချုပ်ပြန်တယ်။ ဗမာအစိုးရကို ယနေ့ထက်ထိ တော်လှန်နေသေးတယ်။ အစိုးရတွေ၊ လူတွေ၊ ခေတ်တွေသာ ပြောင်းသွားတယ်၊ ရခိုင်နိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးဟာ ရခိုင်သားတိုင်းရဲ့ တာဝန်တစ်ခုအနေနဲ့ ရှိနေဆဲ။ အရှေ့တီမောနိုင်ငံသားတွေလို ရခိုင်ပြည်သူတို့၊ လွတ်လပ်ရေးအောင်မြင်မှုကို မဆွတ်ခူးနိုင်သေးပေ။


၅။ ချက်သမ္မတနိုင်ငံ ( Czech Republic )


ချက်သမ္မတနိုင်ငံဟာ ဥရောပအလယ်ပိုင်းမှ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု၊ တစ်ချိန်က ဘိုဟီးမီးယား (Bohemia) ဟု လူသိများခဲ့တဲ့ ချက်နိုင်ငံသည် ၉ ရာစုကနေ ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်။ ၁၅၂၆ ခုနှစ်မှာ မိုဟက်တိုက်ပွဲ (Battle of Mohács) ဖြစ်ပွားပြီးနောက်ပိုင်း၊ ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်လက်အောက်သို့ ကျရောက်သွားတယ်။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာခဲ့တယ်။ ကွန်မျူနစ်ဝါဒကို ထောက်ခံသူများပြားလာပြီး၊ ၁၉၄၈ မှာ အာဏာသိမ်းမှုနဲ့အတူ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့တယ်။ ၁၉၆၈ ခုနှစ်ကနေ ကွန်မြူနစ်အစိုးရအပေါ် မကျေနပ်မှုများတိုးပွားလာကာ ဖြုတ်ချနိုင်ရန်ကြံကြပြီး၊ ၁၉၈၉ ကတ္တီပါတော်လှန်ရေး ( Velvet Revolution) ဖြင့် ကွန်မြူနစ်အစိုးရကို ဖြုတ်ချလိုက်ကြသည်။ ချက်သမ္မတနိုင်ငံဆိုပြီး မပေါ်ပေါက်ခင်၊ ချက်ကိုဆလိုဘားကီးယား နိုင်ငံဧရိယာထဲ တည်ရှိနေခဲ့တာ။


ချက်နှင့်စလိုဗက်ဖက်ဒရယ် ပြည်ထောင်စုကြီးအား ဖျက်သိမ်းပြီးနောက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် ချက်သမ္မတနိုင်ငံဖြစ်လာခဲ့တာဖြစ်တယ်။ ၂ နှစ်ငံလုံးက ခွဲရေးကို ကြည်ကြည်ဖြူဖြူလက်ခံကြပြီး၊ ဖက်ဒရယ်လွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ ပညာရည်ပြည်ဝပြီး၊ သဘောထားကြီးတဲ့နိုင်ငံလို့ ဆိုနိုင်တယ်။ မိမိတို့ မြန်မာနိုင်ငံအတွက်တော ထိုအခင်းအကျင်းဖြစ်ပေါ်လာမည်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် ချက်လူမျိုးတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်အခံကို ရခိုင်တွေအနေနဲ့ စနမူနာယူနိုင်ပေသည်။ နိုင်ငံတစ်ခုထူထောင်ဖို့ လူဦးရေအသင့်အတင့်၊ ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားရန်လိုအပ်သလို၊ လူ့အရင်းအမြစ်ဟာလည်း အရေးပါကြောင်းကို ချက်နိုင်ငံက သက်သေပြထားတယ်။ မိမိတို့ ရခိုင်လူ့အဖွဲ့အစည်းသည်လည်း လူ့အရင်းအမြစ်ကို ကျားကုတ်ကျားခဲ၊ ကြိုးစားပမ်းစား တည်ဆောက်ရန်လိုအပ်တယ်။ ရခိုင်ပြည်ဟာ ရေခံ၊ မြေခံနဲ့ သဘာဝသယံဇာတပြောကြွယ်ဝပြီး ပင်လယ်ပြင်ကိုပိုင်ဆိုင်ထားသောကြောင့်၊ နိုင်ငံတစ်ခုအနေနဲ့ရပ်တည်နိုင်တယ်ဆိုတာကို မည်သူမှငြင်းမရပေ။


၆။ ဆိုမာလီလန်း ( Somaliland )


ဆိုမာလီယာနိုင်ငံဟာ အာဖရိကတိုက်ရဲ့ အရှေ့ဖက်ဆုံး အပိုင်းမှာရှိပြီး၊ ကန်းရိုးတန်းအရှည်လျားဆုံး နိုင်ငံတစ်ခု။

၁၉၆၀ ခုနှစ်မှာ ဆိုမာလီယာဟာ လွတ်လပ်ရေးရခဲ့တယ်။ ကုလသမဂ္ဂ အုပ်ထိန်းနယ်မြေတစ်ခုလည်းဖြစ်၊ အီတလီအုပ်ချုပ်ရေးလက်အောက်ခံလည်းဖြစ်တဲ့ ဆိုမာလီယာနဲ့၊ ဗြိတိသျှအထိမ်းအသိမ်းခံ နိုင်ငံတစ်ခုဖြစ်တဲ့ ဆိုမာလီလန်းတို့ ပေါင်းစပ်ထားတဲ့ ပြည်ထောင်စုအဖြစ်လွတ်လပ်ရေးယူခဲ့ကြတာ။ ၁၉၆၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူခမျာ ဒုက္ခမျိုးစုံနဲ့နေထိုင်ခဲ့ကြရတယ်။ သွေးချောင်းစီးတဲ့ ပြည်တွင်းစစ်နဲ့ အာဏာရှင်ကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြတာ။ စစ်အာဏာရှင်ပြုတ်ကျပြီးနောက်ပိုင်းလည်း ဆိုမာလီယာနိုင်ငံဟာ နိုင်ငံရေး စစ်ရေး ဝရုံးသုံးကားအခြေအနေနဲ့ကြုံတွေ့ရတယ်။ ဖြုတ်ချလိုက်တဲ့အစိုးရနေရာ အစားထို့မည့်၊ ဗဟိုအစိုးရတစ်ရပ်မပေါ်လာတော့၊ သူတလူ ငါတမင်းနဲ့ အရပ်သားပြည်သူ ထောင်ပေါင်းများစွာ ထိခိုက်သေဆုံးရပြန်တယ်။


ထိုစဥ် ဆိုမာလီယာနိုင်ငံမှ ဆိုမာလီလန်းဟာ ၁၉၉၁ ခုနှစ် မေလ ၁၈ ရက်နေ့မှာ၊ ဆိုမာလီယာနိုင်ငံကခွဲထွက်ပြီး တစ်ဖက်သတ် လွတ်လပ်ရေးကြေညာခဲ့တာဖြစ်တယ်။ နိုင်ငံအချို့က ဆိုမာလီလန်းနဲ့ တရားမဝင် ဆက်ဆံသည့်တိုင်၊ သံတမန်ရေးအရ အသိအမှတ်မပြုကြ။ ပင်မ ဆိုမာလီယာနိုင်ငံအပါအဝင်၊ အာဖရိကတိုက်မှ နိုင်ငံများ စုပေါင်းဖွဲ့စည်းထားတဲ့ Africa Union လည်း အသိအမှတ်မပြုထားပေ။ အခုဆို ဆိုမာလီလန်းမှာ ငွေကြေးကအစ အစိုးရအဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်တိုင်၊ ဆက်ဆံမည့် အဖော် အိမ်နီးချင်းနိုင်ငံမရှိသေးလို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကဲ့သို့ လည်ပတ်နိုင်ဖို့ မလွယ်သေးဘူး။ ရခိုင်တွေအနေနဲ့လည်း မိမိကိုယ်ကို အုပ်ချုပ်မည့် အစိုးရတစ်ရပ်ပေါ်လာသည့်တိုင်၊ အိမ်နီချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမတည်ဆောက်နိုင်ရင် နိုင်ငံတော်အိပ်မက် တိုးလိုးတန်းလန်းဖြစ်နေမှာ။ အိမ်နီးချင်းဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို ကြိုတွေးထားရမယ်။


၇။ ဘင်္ဂလားဒေရှ့် ပြည်သူ့သမ္မတနိုင်ငံ ( Bangalardesh )


တောင်အာရှမှ နိုင်ငံတစ်ခု၊ အဌမမြောက်လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ စတုတ္ထအကြီးဆုံး မွတ်ဆလင်အင်အားကြီး နိုင်ငံတစ်ခုဖြစ်တယ်။ ၁၉၄၇ ခုနှစ်မှာ အန္ဒိယလွတ်လပ်ရေးရတော့၊ ကိုးကွယ်ရာဘာသာမတူသည့် ပါကစ္စတန်နိုင်ငံလည်း လွတ်လပ်သည့်နိုင်ငံအဖြစ်ပေါ်ပေါက်လာခြင်းဖြစ်ပေတယ်။ ပါကစ္စတန်နိုင်ငံရဲထူးခြားချက်က နိုင်ငံရဲ့ နယ်နိမိတ်ဟာ တစ်စပ်တည်းမဟုတ်ဘဲ၊ နယ်မြေတစ်ခုနဲ့ တစ်ခု မိုင် ၉၀၀ ဝေးကွာတယ်။ အနောက်ပါကစ္စတန် နဲ့ အရှေ့ပါကစ္စတန် ဆိုပြီး ၂ ပိုင်းခွဲထားတာ။ အရှေ့ဘက်နယ်မြေ ( ယခု ဘင်္ဂလားဒေရှ့်နိုင်ငံဟာ ) အနောက်နယ်မြေ ( ယခု ပါကစ္စတန် နိုင်ငံကနေ ) ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်လိုက်ကြတာ။ ဘာကြောင့်နဲ့ သီးခြားနိုင်ငံထူထောင်သွားရတာလဲဆိုတဲ့ အကြောင်းပြချက်ရှိတယ်။ ခွဲခြားဆက်ဆံပြီး ဖိနှိပ်ခြင်းကြောင့်လို့ ယေဘုယျသုံးသပ်ရမယ်။ လွတ်လပ်ရေးရပြီးနောက် စစ်တပ်နဲ့ အစိုးရဌာနတွေမှာ အကြီးအကဲတွေဟာ အကုန်လုံး အရှေ့ပါကစ္စန်နိုင်ငံသားတွေ ဖြစ်လာတယ်၊ အုပ်ချုပ်သူစိတ်ဝင်ပြီး တစ်ဖက်သားကို နေရာမပေးလိုတော့ဘူး။


အူရဒူဘာသာစကားကို ရုံးသုံးအဖြစ်ထားပြီး၊ ကျောင်းနဲ့ မီဒီယာတွေမှာ သက်ဆိုင်ရာဘာသာစကားအလိုက် သီးခြားသုံးကြဖို့ ဆုံးဖြတ်ကြတယ်။ ဘာသာစကားတော်လှန်ရေးလို့ ဆိုရမယ်။ အရှေ့ပါကစ္စတန်မှာ ဘင်္ဂလီဘာသာစကားကို ရုံးသုံးအဖြစ်ပြဌာန်းဖို့၊ ကျောင်းသားနဲ့ ပြည်သူတွေစုပေါင်းပြီး တောင်းဆိုလာကြတယ်။ ထိုအချိန်မှစပြီး အာဏာရှင်အစိုးရတစ်ရပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဘင်္ဂလားပြည်သူတွေကိုအကြမ်းဖက်၊ ပညာရှင်တွေကို ဖမ်းဆီးထောင်ချတော့တာဘဲ။ ဘင်္ဂလီဘာသာစကားကို ရုံးသုံးအဖြစ် ပြဌာန်းလိုက်၊ ပြန်ဖြုတ်လိုက်၊ ပြည်နယ် ၂ ခု ရုံးသုံးဘာသာစကား ၂ ခုမူဝါဒပြဌာန်းလိုက်နဲ့ နောက်ဆုံး ထိန်းမနိုင်သိမ်းမရဖြသ်ပြီးတော့ သီးခြားနိုင်ငံထူထောင်သွားတာ။ လွတ်လပ်ရေးအတွက် ပြည်သူတွေ အသက်ပေးဆပ်ခဲ့ရတယ်။ အန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးရအောင် နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွေမှာ ကူညီခဲ့တယ်။ မြန်မာနိုင်ငံဟာလည်း ဘင်္ဂလားဒေရှ့်ကို ပထမဆုံးအသိအမှတ်ပြုတဲ့နိုင်ငံဖြစ်တယ်။ ရခိုင်ပြည်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတစ်ခု၊ ရခိုင်နဲ့ ဘင်္ဂလားဒေရှ့်ကြား ၂ ဖက် ပူးပေါင်း ဖြေရှင်းရမည့် ပြသနာတွေလည်းရှိပြန်တယ်။ ရခိုင်တွေဟာလည်း ဘင်္ဂလားဒေရှ့်နဲ့ သံတမန်ရေးအရ ဆက်ဆံနိုင်အောင် ကြိုးပမ်းနေကြတယ်။


၈။ အာရက္ခတိုင်းပြည် ( Arakan )


အာရက္ခဒေသဟာ အရှေ့တောင်အာရှမှ ကန်းရိုးတန်းဒေသတစ်ခု၊ လူဦးရေ ၄ သန်းနီးပါးရှိပြီး ရခိုင်လူမျိုးအများစုနေထိုင်ရာ ဒေသဖြစ်တယ်။ လက်ရှိမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အဖွဲ့ဝင် ပြည်နယ်တစ်ခု။ ရခိုင်ပြည်ဆိုတာ AD 1784 အထိ၊ သီးခြားနိုင်ငံတော်တစ်ခုဖြစ်တယ်။ ကိုယ်ပိုင် နိုင်ငံ၊ ဘုရင်၊ နန်း၊ အုပ်ချူပ်ရေးစနစ်ရှိခဲ့ပြီး၊ မြောက်ဦးခေတ် ဟာ ရခိုင်တို့ရဲ့ ယဥ်ကျေးမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့တဲ့အချိန်ဖြစ်တယ်။ မြို့ပြနိုင်ငံထူထောင်ပြီး နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် 1784 ခုနှစ်မှာ၊ မြန်မာပြည်ဘုရင် ဘိုးတော် မောင်ဝိုင်းရဲ့ ကျူးကျော်သိမ်းပိုက်မှုကိုခံရပြီး၊ ရခိုင်နိုင်ငံတော် ပျက်သုဥ်းသွာတာ။ မြန်မာဘုရင်လက်အောက်ထံ နှစ်ပေါင်း ၄၀ ခန့် အုပ်ချုပ်ခံအဖြစ်နေခဲ့ရပြီး၊ 1824 ခုနှစ်မှာ နယ်ချဲ့အင်္ဂလိပ်လက်အောက်ထံ ကျရောက်သွားတယ်။ မြန်မာပြည်မှ အင်္ဂလိပ်အထွက် ဖက်ဆစ်ဂျပန်အဝင်ကာလမှာလည်း၊ ရခိုင်တွေဟာ ဂျပန်တွေရဲ့ အုပ်ချုပ်ရေးလက်အောက်ကျရောက်ခဲ့သေးတယ်။ ​၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရတော့၊ မြည်မှာပြည်ထောင်စုထဲမှာ အဖိနှိပ်ခံ အုပ်ချုပ်ခံ လူတန်းစားတစ်ရပ်အနေနဲ့ နေထိုင်လာကြတာ ယနေ့ထိတိုင်ဘဲ။


ရခိုင်တွေဟာ သူများအုပ်ချုပ်မှုအောက်မှာ တစ်ရက်တစ်လေမှ မ​နေထိုင်လိုတာ၊ ခေတ်အဆက်ဆက် ရခိုင်လူထုရဲ့ တော်လှန်ရေးသမိုင်ကို လေ့လာကြည့်ရင် သိနိုင်တယ်။ ခေတ်အဆက်ဆက်၊ မျိုးဆက် အဆက်ဆက် ရတဲ့နည်းနဲ့၊ နည်းမျိုးစုံနဲ့ တော်လှန်လာကြတာ ယနေ့ထိပဲ။ ခေတ်တွေနဲ့ လူတွေသာ ပြောင်းသွားမယ်၊ ရခိုင်နိုင်ငံတော်ကျရှံးသွာတာ ဘယ်ရခိုင်ကမှ မေ့နိုင်မှာမဟုတ်ဘူး။ အခွင့်သာရင် သာသလို ရခိုင်နိုင်ငံတော်ကို ပြန်လည်ပုံဖော်ဖို့ကြိုးစားကြတယ်။ ယခုအချိန်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရက္ခိုင့်တပ်တော် AA ရဲ့ ဦးဆောင်မှုအောက်မှာ ရခိုင်ပြည်သူလူထုတို့ လိုက်ပါရင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကံကြမ္မာကို မိမိတို့သာ ဖန်တီးနိုင်ခွင့်ရှိရေး ကြိုးပမ်းနေကြတယ်။ စစ်တပ်၊ အစိုးရ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု တို့ကို တည်ဆောက်နေတယ်။ ရခိုင်တွေဟာ အိမ်စာလုပ်နေကြတယ်လို့ ဆိုရမယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလားရာကိုလည်း စင်းလုံးပစ် မယုံကြည်ကြသလို၊ မိမိတို့ကို မိမိတို့ကသာ ကယ်တင်မည်ဟု ခံယူထားသူတွေ။ အခွင့်သာရင် သာသလို ပြည်ထောင်စုကနေ ဘေးထွက်ထိုင်ပြီး၊ သီးခြားနိုင်ငံနဲ့ နေထိုင်လိုသူတွေ။


၉။ နိဂုံး


နိုင်ငံထူထောင်ရေးဆိုတာ ဌာနေလူထုရဲ့ သဘောထားဆန္ဒအပေါ်မှာဘဲ မူတည်တယ်ဆိုတာ၊ မကြာသေးမီက လွတ်လပ်ရေးကြေညာသွားတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာ နိုင်ငံရေးဇာတ်စင်မှာ လှလှပပ ကစားတတ်ဖို့လိုတယ်။ အိမ်နီးချင်နိုင်ငံတွေကို အလေးထားကိုင်တွယ်ရမယ်။ မဟာမိတ်ဆက်ဆံရေးတွေ တည်ဆောက်ရမယ်။ နိုင်ငံတည်ဆောက်ရေး နဲ့ တိုင်းပြည်တည်ဆောက်ရေးကို ကျကျနန ဖော်ဆောင်တတ်ရမယ်။ မထောက်ခံမှုတွေ၊ ပိတ်ဆို့မှုတွေ၊ ပြိုင်ဘက်နဲ့ ထိပ်တိုက်တွေမှုတွေ၊ စစ်ပွဲတွေ၊ ဆင်းရဲမွေးတေမှုတွေ၊ နိုင်ငံရေးအပေးအယူတွေ အစရှိသည် စိန်ခေါ်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံတွေလာအုံမှာပါ။ အာရက္ခနိုင်ငံတော်တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီးပြောရရင်၊ ခက်တောခက်မှာပါ၊ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ မဖြစ်လို့လည့်မရဘူး၊ ဖြစ်ကိုဖြစ်လာဖို့ လိုအပ်ပါတယ်။ မအောင်မြင်ခဲ့ရင် ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို ပြေးမြင်ကြည့်ထားကြပါ။ အနာဂါတ်မျိုးဆက်တွေအတွက် မဖြစ် ဖြစ်အောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖန်တီးနိုင်ရမယ်။ အဓိက လူထုရဲ့ လိုချင်ဇောရမ္မက်ဟာ မဖောက်ပြန်ဘဲ၊ နိုင်ငံတော်အရွေ့အတွက် ဦးဆောင်သူနဲ့ လူထု လက်တွဲညီရင်တော့။


သန်းအောင်ဖြိုး

ပြီး

4 views0 comments