ကျေးဇူးဆပ်တရား(တရားဦး)




ကျေးဇူးဆပ်တရား(တရားဦး)


တရားပိုင်ရှင် =ဗုဒ္ဓ

နေရာ = မိဂဒါဝုန်တော၊ အိန္ဒိယ

အချိန် = တစ်ခုသော ဝါဆိုလပြည့်နေ့


နိဒါန်း


မြတ်စွာဘုရားသည် သူကိုယ််တိုင်သိသော သစ္စာတရားဖြင့် ကျေးဇူးဆပ်ရန် သူ့အပေါ်ဓမ္မအားဖြင့်ဖြစ်စေ၊ ပစ္စည်းအားဖြင့်ဖြစ်စေ ကျေးဇူးများခဲ့ဖူးသော၊ နက်နဲသော သစ္စာတရားကို ထိုးထွင်းသိနိုင်သော ပညာပါရမီဓါတ်ခံတို့နှင့်လည်းပြည့်စုံသော ကျေးဇူးရှင်များကို ဆင်ခြင်ကြည့်ရှုတော်မူခဲ့သည်။ မြတ်စွာဘုရားအဖြစ်ရောက်ဖို့ရန် အလွန်ပင်ပန်းဆင်းရဲခံလျှက် ပဓါနအလုပ်ကို အားထုတ်စဉ်ကာလက ဆိုးတူကောင်းဖက် မိမိအနားတွင် အနစ်နာခံလျှက်ပေးဆပ်ခဲ့သော ရဟန်းငါးယောက်သည် သူ့အပေါ်၌ ဓမ္မကိုရှာဖွေရာတွင် ကျေးဇူးအလွန်များသူများဖြစ်ကြ၏။ မြတ်စွာဘုရားရှင်သိမြင်တော်မူခဲ့သော သစ္စာလေးပါးတရားတော်သည် လောက၌ အမြင့်မြတ်ဆုံးဖြစ်၏။ အသာလွန်ဆုံးလည်းဖြစ်၏။ ထိုတရားကို ထိုးထွင်းသိမြင်နိုင်ရေးအတွက် ကြိုးစားနေစဉ်အတွင်း မိမိအား ပစ္စည်အားဖြင့် ကျေးဇူးပြုပေးခဲ့ကြသော ထိုလူငါးယောက်တို့သည် မြတ်စွာဘုရားလောင်း ဒုက္ခဖြင့်နပန်းလုံးနေစဉ် ဆိုးတူကောင်းဖက်များဖြစ်၍ ဓမ္မအားဖြင့်ကြည့်ကြည့်၊ လောကအားဖြင့်ကြည့်ကြည့် ကျေးဇူးကြီးသူများပင်ဖြစ်၏။ အမှန်မှာ ဒုက္ခရောက်နေစဉ် ကူညီခဲ့ဖူးသော သူတို့သည် သုခကိုခံစားနေစဉ်ကူညီခဲ့ဖူးသူများထက် ကျေးဇူးတင်စရာကောင်းစမြဲပင်ဖြစ်၏။ ကျေးဇူးလည်းများ၏။ ချမ်းသာဆင်းရဲမကွဲမူ၍ အတူတကွခံစား၊ စံစားကြသော သူများကို မိတ်ဆွေဟုပင် စာထဲ၌ဆို၏။ ကျေးဇူးဟူသည် ကူညီခံရသူသို့ အကျိုးသက်ရောက်မှု၊ ကျေးဇူးပြုမှုတစ်ခုပင်ဖြစ်၏။ ထိုလူငါးယောက်တို့သည် မြတ်စွာဘုရားလောင်းတော်အား ၀တ်ကြီးဝတ်ငယ်ပြုစုပေးခြင်း၊ အတူတကွရှိနေပေးခြင်းတို့ဖြင့် သစ္စာတရားထူးရအောင် ကျေးဇူးပြုပေးခဲ့သူများဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားအတွက် သူတို့သည် ကျေးဇူးပြုခဲ့ဖူးသူ ကျေးဇူးရှင်များဖြစ်သည်။ ဘုရားဖြစ်ပြီး၍ ၄၉ ရက်မြောက် ဆိတ်ကျောင်းညောင်ပင်အောက်မှာ သီတင်းသုံးနေစဉ်တွင်လည်း မြတ်စွာဘုရားသည် မိမိသိမြင်ခဲ့သော တရားထူးကိုလည်းကောင်း၊ ထိုတရားထူးကိုသိမြင်ခဲ့ပုံအကျင့်တို့ကိုလည်းကောင်း ဆင်ခြင်နေခဲ့၏။ ထိုအချိန်တွင် ဆိတ်ကျောင်းသားတို့သည် ထိုညောင်ပင်အနီးအနားတွင်ပင် ဆိတ်ကျောင်းလျှက်ရှိနေခဲ့ကြမည်။ သို့သော် မြတ်စွာဘုရားသည် ထိုသူတို့အားတရားကို မဟောခဲ့ပါ။ အမှန်မှာ မိမိအပေါ်၌ကျေးဇူးရှိခဲ့ဖူးသောသူတို့အားသာလျှင် တရားတော်ကို ဦးစွာဟောမည်ဟု စိတ်အကြံရှိနေခဲ့၍ဖြစ်မည်ဟု စာရေးသူတွေးထင်မိ၏။ မည်သို့ဆိုစေ မြတ်စွာဘုရားရှင်သည် မိမိအပေါ်ကျေးဇူးရှိခဲ့ဖူးသော ဆိုခဲ့ပြီးသော လူငါးယောက်အားသာလျှင် သူသိမြင်ထားသောတရားနဲ့ ထိုတရားကိုသိမြင်နိုင် သူကျင့်သုံးသော လမ်းစဉ်တို့ကို ဦးစွာ ပြောပြ၊ ဟောပြတော်မူခဲ့၏။ ထိုတရားသည် လောကတွင် ဦးစွာဖြစ်သော သစ္စာတရားနှင့် သစ္စာကိုသိစေသော တရားပင်ဖြစ်သည်။ ထိုမတိုင်မှီတရားများစွာတို့သည် ရှိကောင်းရှိမည်။ သို့သော် မည်သူ့တရားကမှ သစ္စာတရားအဖြစ်လည်းကောင်း၊ သစ္စာကိုသိစေသောတရား အဖြစ်လည်းကောင်း အစစ်ဆေးမခံဝံ့ခဲ့ကြ။ မြတ်စွာဘုရားသည်သာလျှင် ငါသိလာသော ဤသစ္စာတရားနှင့် သစ္စာကိုသိမြင်စေသော လမ်းစဉ်မျိုး ယခင်မရှိခဲ့ဖူးဟု ခြင်္သေ့မင်းကဲ့သို့ ရဲရဲတင်းတင်း ကြွေးကြော်လျှက် ဟောတော်မူခဲ့ခြင်းဖြစ်သည်။ မည်သို့ဆိုစေ တရားဦးဟူသော ဓမ္မစကြာတရားသည် ကျေးဇူးဆပ်တရားဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ အကျွန်ုပ်သည်လည်း မြတ်စွာဘုရားဟောကြားခဲ့သော ကျေးဇူးဆပ်တရားကို မိမိသိမြင်သလောက် သုံးသပ်လျှက် ကျေးဇူးရှိခဲ့ဖူးသော ထိုသူတို့အား ဓမ္မအားဖြင့် ကျေးဇူးဆပ်ပါ၏။


လောက၌သစ္စာတရားများသည်ရှိ၏။ ထိုသစ္စာတရားများသည် အချိန်ကာ လကြောင့် ပျက်သုဉ်း မသွား။ သိ သည် ဖြစ်စေ၊ မသိသည်ဖြစ်စေ သစ္စာတရားတို့သည် ထင်ရှားရှိနေကြ၏။ သစ္စာကို မသိသော သူတို့ သည် လောက၏သရုပ်မှန်ကိုမသိကြကုန်။ လောကသည် မတည်မြဲခြင်း သဘောတရားများလွှမ်းမိုးထား သည်မှအမပ မက်မောစရာမရှိ။ ဖြစ်ခြင်းပျက်ခြင်းသဘောတို့သည် သတ္တဝါနှင့် လောကကို လွှမ်းမိုးချုပ် ကိုင်ထား၏။ သို့သော် သတ္တဝါတို့သည် လောက၏သရုပ်မှန်၊ သစ္စာ များကို မသိရှိကြ ကုန်သောကြောင့် ဘဝနှင့်လောကကို ခုံမင်တပ်မက်လေ့ရှိ၏၊ ပျော်စရာအဖြစ်ရှုမြင် ကျက်စားလေ့ရှိသည်။ မိမိတို့စိတ်သန္တာတွင် တပ်မက်မှုနှင့် စွဲလမ်းမှုများအရှိန်အဟုန်ဖြင့် ယိုစီနေသောကြောင့် လောက၏ သရုပ်မှန် များကို မသိကြကုန်ပဲ သံသရာတွင်နယ်ချဲ့နေကြလေ့ရှိ၏။ သံသရာနယ်ချဲ့တတ်သော တပ်မက်မှု၊ ထောင် လွှားမှုနှင့် စွဲလမ်း မှုများကို အမြစ်ဖြတ်နို်င်သောသူသည် သစ္စာနယ်ပယ်သို့ ကျရောက် သွားသောသူ၊ လောကကို လွန်မြောက် သွားသူ၊ အငြိမ်းဓါတ်သို့ဆိုက်သွားသူများပင်ဖြစ်ကြသည်။ တစ်နည်းအားဖြင့် သစ္စာနယ် ပယ်သို့ သက်သွား သောသူသာ တပ်မက်နှု၊ မာန်ထောင်မှုနှင့် စွဲလမ်းမှုများကို အမြစ်ဖြတ်နိုင်၏။


လူတို့သည် ရှိနှင့်နေသော အမှန်တရားများကိုသိမြင်လေ့မရှိ။ ထို့ကြောင့် လောကကြီးသည် အမိုက်တိုက်အတိဖြစ်နေ၏။ လောကကြီး၏သရုပ်မှန်ကို မသိသောကြောင့် လူတို့သည် အရာရာကို တပ်မက်၊ စွဲလမ်းလေ့ရှိ၏။ တပ်မက်စရာအမြင်ဖြင့် ကြည့်သောအခါ မိမိ၊ မိမိပတ်ဝန်းကျင်နှင့် ဘဝဖြစ်ရခြင်းများသည် သာယာဖွယ်ကောင်း၏။ လူတို့သည် လောကကို အမြင်မှားနေ၏၊ အသိမှားနေ၏၊ အမှတ်မှားနေ၏။ ထိုအမှားများဖြင့် မိမိတို့၏ပတ်ဝန်းကျင်ကိုသုံးသပ်၏။ ထိုအခါ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ အရာအာရုံ၊ အထိတွေ့အာရုံနှင့် အတွေးအာရုံဟူသော ပတ်ဝန်းကျင်ပေါ်မှာ လူတို့သည် သာယာယစ်မူးလျှက်၊ စွဲလမ်းနစ်မျောသွားလေ့ရှိကြ၏။ အမှန်မှာ လောကတွင် ဖြစ်ခြင်းပျက်ခြင်းမှတပါးဘာမှမရှိ။ ဘဝဟူသည်လည်း ဖြစ်ခြင်း ပျက်ခြင်းကြားမှ အခိုက်အတန့်သာဖြစ်၏။ ထိုအခိုက်အတန့်တွင် မလိုချစ်စရာများကိုသာ ကြုံတွေ့ရမည်ဖြစ်၏။ ဘာတစ်ခုမှစိတ်တိုင်းကျစရာ ဖြစ်မလာနို်င်ချေ။ သို့သော် ထိုသဘောမျှကိုမှ လူတို့သည် သိနိုင်စွမ်းမရှိ။ မသိ၍ဘဝကိုတပ်မက်၊ တပ်မက်မှုဖြင့် ကောင်းမှု၊ မကောင်းမှုကိုဆောင်ရွက်၊ ဆောင်ရွက်သမျှသော သတ္တိ ကလေးများက ဘဝကိုဖြစ်စေပြန်၏။ ထို့ကြောင့် မသိခြင်းနှင့် တပ်မက်ခြင်းသည် ဘဝဖြစ်စေသည့် သဘာ၀ များဖြစ်သည်ဟုဆို၏။ ဘဝဟုပြောလျှင် ကောင်းသောဘဝ၊ မကောင်းသောဘဝသည်ရှိ၏။ အများအားဖြင့် သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာမွေ့လျှော်သောကြောင့် မကောင်းသောဘဝများတွင်သာ သူတို့သည်အဖြစ် များကြ ကုန်၏။ မကောင်းသောဘဝများသည် ဆင်းရဲတွင်းများပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏စိတ်သည် မကောင်းမှု ဘက်သို့ညွတ်ချင်သော်လည်း မညွတ်ရအောင်စိတ်ကိုစောင့်ထိမ်းရ၏။ ထိုသို့စောင့် ထိမ်းခြင်းသည်လည်း အမြဲသတိထားရသောကြောင့် ပင်ပန်း၏၊ ဆင်းရဲ၏။ လုပ်ခြင်းတိုင်း၊ ပြောချင်တိုင်း၊ ကြံချင်းတိုင်း အခွင့်မရှိ။ အမြဲစောင့်နေရ၏။ ထိုနည်းတူစွာ ခန္ဓာရလာသောအခါတွင်လည်းပဲ ကျန်းမာအောင်စောင့်ရှောက်ရ၏၊ ကြီးပွားတိုးတက်အောင်လည်း အလုပ်ကို ကြိုးစားလုပ်ဆောင်ရ၏။ ခန္ဓာကိုယ်လည်း ထိုင်ခြင်းဖြင့်နာလျှင်ထ၊ ထခြင်းဖြင့်နာလျှင်လျှောက်၊ လျှောက်ခြင်း ဖြင့်နာလျှင် လျှောင်းခြင်းဖြင့် အမျိုးမျိုးသက်သာအောင်ပြုပြင်နေရ၏။ ဤသို့ပြုပြင်ရသော သဘော အားလုံး သည် သင်္ခတဒုက္ခပင်ဖြစ်သည၊် သတ္တဝါတို့ကိုအမြဲနှိပ်စက်နေ၏။ ထို့ကြောင့် ဘဝကို ရရှိခြင်းကို သူတော် ကောင်းတို့ အလိုမရှိ။ ဘဝသစ်မဖြစ်ခြင်းကို အမြဲတောင်းတနေကြ၏။ ဘဝသစ်ဖြစ်ခြင်း ကိုနိဂုံးချုပ်ပေးရန် ဘဝကိုတပ် မက်သောစိတ်နှင့် စွဲလမ်းသောစိတ်များကို ဖြတ်ပစ်ရမည်ဖြစ်သည်။ ထိုအမြစ်များပြတ်ရန် လောက၏ သရုပ်မှန်၊ သစ္စာများကိုသိရန်လိုအပ်၏။ သဘာဝလောကရှိအမှန်တရားများကို သိနိုင်သော ဉာဏ် သည်ဖြစ်ရန်လိုအပ်၏။ ထိုဉာဏ်မျိုးရှေ့ဦးစွာဖြစ်ပါမှ ဘဝသစ် ချုပ်ငြိမ်းမည်ဖြစ်သည်။ ထိုဉာဏ်မျိုးကို သစ္စ ဉာဏ်ဟုခေါ်သည်။


မဂ္ဂသစ္စာပိုင်း


အမှန်မှာ အမှန်တရားသစ္စာကိုသူ့အတိိုင်းသိသည်မဟုတ်။ ကျင့်ကြံအားထုတ်ပါမှသိမည်ဖြစ်သည်။ သစ္စာကိုသိနိုင်သော ပဓါနအကျင့်လမ်းသည်လည်း အမှန်ပင်ရှိ၏၊ ထိုနည်းလမ်းအတိုင်းကျင့်လျှင်အမှန်ပင် သစ္စာကိုမြင်၏။ ထို့ကြောင့် ထိုအကျင့်သည်လည်း အမှန်တရားတစ်ခုပင်ဖြစ်သည်။ ထိုအကျင့်နည်းလမ်းကို (မဂ္ဂသစ္စာ)ဟုခေါ်၏။ လောကတွင်ကျင့်နည်းအမျိုးမျိုးရှိ၏။ သို့သော် ကျင့်နည်းတိုင်းသည် မှန်ကန်သည်မဟုတ်၊ သစ္စာထိုက်သည်မဟုတ်။ နည်းမှန်လမ်းမှန်သော ကျင့်နည်းမှသာလျှင် သစ္စာထိုက်၏။


လောကတွင် တစ်ချို့သောအကျင့်တို့သည်ရှိ၏။ လူတို့လည်းလက်ခံနေကြ၏။ အိပ်ကာ၊ စားကာ၊ ကာမဂုဏ် များခံစားကာဖြင့် မိမိတို့နေမြဲတိုင်းနေနေကြ၏။ ထိုသည်လည်းအကျင့်တစ်ခုပင်ဖြစ်သည်။ ထိုအကျင့် သည်လွယ်ကူ၏။ ထိုအကျင့်မျိုးဖြင့်လည်း အချိန်တန်လျှင် နိဗ္ဗာန်ရမည်ဟု တချို့များယုံကြည်နေကြ၏။ ထိုအကျင့်မျိုးသည် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို တိုးပွားစေသောအကျင့်မှတစ်ပါး ဘာမှမထူးသောအကျင့်ဖြစ်၏။ ထိုကြောင့် ထိုအကျင့် မျိုးသည်လည်း နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းမဟုတ်။ မှားယွင်းသောအယူအဆ တရပ်ပေါ် အခြေခံ ထားသော မှားယွင်းသော နည်းလမ်းပင်ဖြစ်၏။ သစ္စာကိုသိချင်လျှင် ဤနည်းလမ်း ကိုရှောင် ကြဉ်ရမည်ဖြစ်သည်။ ဤနည်းလမ်းသည် ယုတ်ညံ့၏၊ ပုထုဇဉ်တို့အလေ့အကျင့်သာဖြစ်၏၊ အရပ်ထဲနေ သူတို့ အကျင့်ဖြစ်၏၊ သိမ်းဖျင်းသောအကျင့်ဖြစ်၏၊ အကျိုးမရှိသောအကျင့်ဖြစ်၏။ ထို့ကြောင့် ဤနည်းလမ်းသည် မှန်သောနည်းလမ်းမဟုတ်၊ သစ္စာ ထိုက်သောနည်းလမ်းမဟုတ်။ ပယ်ရမည့်အကျင့်ဖြစ်၏။


တချို့သောသူတို့သည် အစာမစား၊ ရေမသောက်၊ မအိပ်၊ အဝတ်မဝတ်၊ အိပ်လျှင်လည်း စူးပေါ် အိပ်၏။ စသည့်ကိုယ်ခန္ဓာကို ညှင်းဆဲလျှက်ကျင့်၏။ ခန္ဓာကိုယ်ကိုညှင်းဆဲထားလျှင် ကိလေသာတို့ မဖြစ် နိုင်ဟု လက်ခံ၏။ ထိုအကျင့်သည် ကိလေသာပြတ်ကြောင်းအကျင့်ဟုကျင့်ကြ၏။ အမှန်မှာ ကိလေသာသည် ခန္ဓာ ကိုယ်ပင်ပန်းနေသောအခါ မဖြစ်သလိုရှိသော်လည်း အားအင်ပြည့်လာလျှင် ဖြစ်မြဲဖြစ်၏။ နာကြင်မှုကြောင့် တဏှာ (ရာဂ)များမဖြစ်သော်လည်း ဒေါသ၊ မောဟတို့ဖြစ်နေ၏။ ထိုသည်မှာကိလေသာပင်ဖြစ်သည်။ ထိုကြောင့် ထိုအကျင့်သည် အကျင့်မှန်မဟုတ်။ ထိုအကျင့်သည် ပင်ပန်းရုံမှတစ်ပါး၊ ဆင်းရဲသည်မှတစ်ပါး အကျိုးမရှိ သော အကျင့် ဖြစ်၏။ ထို့ကြောင့် ထိုကဲ့သို့ခန္ဓာကိုယ်ကိုညှင်းဆဲလျှက်ကျင့်ခြင်းကို သစ္စာလမ်း ကြောင်း လျှောက်ရာတွင် ပယ်ရ မည့်အကျင့်၊ မလိုက်နာမကျင့်သုံးသင့်သောအကျင့်ဖြစ်သည်ဟုဆို၏။ သစ္စာမ ထိုက်သောအကျင့်သာဖြစ်၏။


ထိုတစ်ဖက်စွန်းနင်းသောအကျင့်များကိုပယ်သော၊ ထိုနှစ်ခုတို့၏အလယ်တွင်တည်နေသော ကျင့် စဉ်သည်သာ အကျင့်မှန်ဖြစ်၏၊ သစ္စာထိုက်သောအကျင့်ဖြစ်၏။ အလယ်အလတ်လမ်းစဉ်ဟုလည်းခေါ်၏။ ဤ ကျင့်စဉ်သည် ဉာဏ်မျက်စိကိုဖွင့်ပေးတတ်၏၊ ဉာဏ်ပညာကိုဖြစ်စေတတ်၏၊ ထူးသောဉာဏ်များကိုလည်း ဖြစ်စေတတ်၏၊ ထိုးထွင်းသိခြင်းကိုလည်းဖြစ်စေတတ်၏၊ နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုစေတတ်၏။


အမှန်မှာ အကျင့်တရားတို့၏ရည်ရွယ်ချက်မှာ လောဘ၊ ဒေါသ၊ မောဟ အရင်းခံသော ကိလေသာ များကိုပယ်ပြီး ကိလေသာမရှိသော နိဗ္ဗာန်သို့သက်ဝင်ရန်ဖြစ်၏။ ကိလေသာသည်လည်း သတ္တဝါတို့သန္တာတွင် အဆင့်(၃)မျိုး ဖြင့်ဖြစ်ပေါ်လေ့ရှိ၏။ သံသရာအဆက်ဆက်ကိန်းအောင်းလာသော ငြိမ်သက်နေသောကိလေသာ (အနုသယကိလေသာ)၊ လွန်ကျူးခြင်းကိုဖြစ်စေတတ်သော ကိလေသာ (ပရိယုဋ္ဌာနကိလေသာ)နှင့် ကျူးလွန်း တတ်သော ကိလေသာ (၀ီတိက္ကမကိလေသာ)တို့ဖြစ်ကြသည်။ ဤကိလေသာ (၃)မျိုးလုံးကို ပယ်သတ်နိုင် သော အကျင့်သည်သာ အကျင့်မှန်ဖြစ်သည်။ ဤကိလေသာများကို အိပ်ကာ၊ စားကာ၊ ကာမဂုဏ်ခံစားမျှဖြင့် ပယ်နိုင်မည်မဟုတ်သကဲ့သို့ ခန္ဓာကိုယ်ကိုညှင်းဆဲခြင်းဖြင့်လည်း အမြစ်ပြတ်ပယ်သတ်နိုင်မည်မဟုတ်။

အမှန်မှာ ဤကိလေသာ (၃)မျိုးကိုပယ်နိုင်သော အကျင့်မှာ ထိုအစွန်း (၂)မှလွတ်သော သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ (၃)ပါး အကျင့်သာဖြစ်သည်။ ဤအကျင့်သည်သာ ကိလေသာကိုပယ်နိုင်သော တစ်ခုတည်းသောအကျင့်ဖြစ်သည်။ သီလကို စောင့်ထိမ်းခြင်းဖြင့် လွန်ကျူးခြင်းကိလေသာ (၀ီတိက္ကမကိလေ သာ)ငြိမ်း၏။ သမာဓိကိုကျင့်ခြင်းဖြင့် လွန်ကျူးခြင်းကိုဖြစ်စေတတ်သောကိလေသာ (ပရိယုဋ္ဌာနကိလေသာ)ကို ပယ်နို်င်၏။ ပညာဖြင့် ငြိမ်သက်စွာကိန်းအောင်းနေသော ကိလေသာ (အနုသယကိလေသာ)ကို ပယ်နိုင်၏။ သီလဟူသည် ကိုယ်နှုတ် (၂)ပါးကို အကုသိုလ်မကျူးလွန်မိအောင်စောင့်ထိမ်းခြင်းဖြစ်၏။ အကုသိုလ် ကာယ ကံ၊ ၀စီကံတို့မှရှောင်ကြည်ခြင်း အကျင့်ပင်ဖြစ်သည်။ သမထဖြင့်သော်လည်းကောင်း၊ ၀ိပဿနာဖြင့် သော် လည်းကောင်း စိတ်၏တည်ငြိမ်မှုပင်ဖြစ်သည်။ သမထဖြင့် စိတ်ကိုတည်ငြိမ်စေလျှင် စျာန်နှင့် သမာပတ် ကိုရ နို်င်၏။ ၀ိပဿနာဖြင့် စိတ်ကိုတည်ငြိမ်စေလျှင် ၀ိပဿနာပညာနှင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကိုရနိုင်၏။ မဂ် ဉာဏ်၊ ဖိုလ်ဉာဏ်သည် ကိလေသာကို အမြစ်ပြတ်အောင်ပယ်နိုင်သော ဉာဏ်ထူးများဖြစ်ကြသည်။ အမှန်က မဂ်ဉာဏ်ကိုရမှသာလျှင် ဆိုင်ရာကိလေသာများအမြစ်ပြတ်ကုန်၏။ နောက်ထပ်ပြန်ဖြစ်နိုင်ခွင့်မရှိ၊ သေ၏။ ထိုမဂ်ဉာဏ်သို့ တက်ရောက်နိုင်ရန် သီလကိုအခြေပြုရ၏၊ သမာဓိကိုထူထောင်ရ၏။ ၀ိပဿနာပညာတို့ကို အ ဆင့်ဆင့်ပွားရ၏။ ထို့ကြောင့် သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာ (၃)ပါးအကျင့်တရားသည်သာ ကိလေသာ ကိုငြိမ်းစေနို်င်သော အကျင့်ကောင်းဖြစ်၏။ အကျင့်မှန်လည်းဖြစ်၏။ ထိုအကျင့်သည်လည်း အမှန်ပင်ကိလေ သာငြိမ်းစေသော အဖြစ်ကျင့်၍ သစ္စာထိုက်သောအကျင့်ဖြစ်၏။ အရိယာတို့လေ့ကျင့်အပ်သော အကျင့်လည်း ဖြစ်၏။ ထို့ကြောင့် ထိုအကျင့်ကို အရိယသစ္စာအကျင့်ဟုခေါ်၏။ အမည်အားဖြင့် မဂ္ဂသစ္စာ- မှန်ကန်သော အကျင့်လမ်း ဟုခေါ်၏။ ဤကျင့်နည်းကိုသိခြင်းသည်လည်း လွယ်သည်မဟုတ်၊ ဘုရားတစ်ဆူပွင့်မှ သိခွင့်ရ သောအကျင့်ဖြစ်၏။ တကယ့်လက်တွေ့တွင် ဤထက်နက်နဲ၏။ မှန်ကန်သော ဤကျင့်စဉ်ကိုလက်ခံခြင်း၊ သိမြင်ခြင်း၊ ကျင့်သုံးခြင်းသည် အရိယမဂ္ဂသစ္စာကိုသိခြင်းပင်ဖြစ်သည်။ သစ္စာဉာဏ်ဖြစ်ပေါ်ခြင်းပင်တည်း။ ဤသစ္စာသည် တိုးတက်အောင်ပွားများအားထုတ်ရမည့် သစ္စာ၊ အရိယာတို့အကျင့်ပင်ဖြစ်သည်။ နာမ်ရုပ်ကိုသိ သည့်ဉာဏ်မှစပြီး အရဟတ္တမဂ်တိုင်အောင် ပွားများထားရမည့်အကျင့်ပင်ဖြစ်သည်။ ဤအလယ်အလတ် လမ်း စဉ်ကိုသိခြင်းသည် သစ္စဉာဏ်ဖြစ်၏၊ အကျင့်ကိုလေ့ကျင့်ပွားများခြင်းသည် ကစ္စဉာဏ်ဖြစ်၏။

ဒုက္ခသစ္စာပိုင်း

ဤအလယ်အလတ်အကျင့်ကိုကျင့်ရသည်မှာ ဒုက္ခကိုသိပြီး ဒုက္ခ၏အဆုံးနိရောဓသို့ သက်ဝင််နိုင် ရန်အတွက်ပင် ဖြစ်သည်။ နိရောဓဟူသော ဒုက္ခ၏အဆုံးသို့ရောက်ဖို့ရန်မှာ ဒုက္ခကိုကောင်းစွာ သိမြင်ဖို့လိုအပ် ၏။ အမှန်မှာ ဘဝဟူသော လောကသည် ဒုက္ခပင်ဖြစ်သည်။ အမှန်မှာ နှိပ်စက်ညှင်းဆဲခြင်းသဘောကို ဒုက္ခ ဟုခေါ်သည်။ နှိပ်စက်ညှင်းဆဲခံနေရသောကြောင့် ဒုက္ခဖြစ်၏။ ပြုပြင်စီရင်ခြင်း သင်္ခတ သဘော၊ ပူလောင်ခြင်း သန္တာပသဘောနှင့် ဖောက်ပြန်ခြင်း ၀ိပရိဏာမသဘောတို့ဖြင့် သတ္တဝါတို့ကို သဘာဝသည်နှိပ်စက်တတ်၏။ ထို့ကြောင့် ထိုသဘော (၃)မျိုးကို ခံစားရခြင်းကို ဒုက္ခ ဟုခေါ်သည်။ နတ်၊ လူ၊ ငရဲ၊ ပိတ္တာနှင့် တိရိစ္ဆာန် ဘယ် ဘဝကိုပဲရရ ရရှိတဲ့ဘဝတိုင်းမှာ ဒီဒုက္ခများကို ရင်ဆိုင်ကြရမှာဖြစ်၏။ ဘဝမြင့်လျှင်သက်သာခွင့်ရရုံသာရှိမည်။ မပျောက်သွား။ အပါယ်ဘဝမှာတော့ ဆင်းရဲမှတပါးဘာမှမရှိ။ အတိဆင်းရဲဖြင့်ပြည့်၏။ ၄င်းဆင်းရဲကို သူတော် ကောင်းများကြောက်သောကြောင့် တရားဘာဝနာပွားကြကုန်၏။ မှန်၏၊ သာမန်လူတို့၏စိတ်သည် မကောင်းမှုမှာသာ မွှေ့လျှော်သောကြောင့် လူတို့သည်အပါယ်ဘဝနှင့်သာ အနီးစပ်ဆုံးဖြစ်ကုန်၏။ ထိုဒုက္ခ (၃)မျိုးသည် ဘဝကို ဆင်းရဲအတိပြီးစေ၏။ အပါယ်ဘဝများမှာတော့ ပြောစရာမလိုလောက်အောင် ဆင်းရဲမှ တပါးဘာမှမရှိပါသဖြင့် အာရုံပြုမိလျှင်ပင် ကြောက်လန့်ဖွယ်ဖြစ်၏။ ငရဲ၌ဖြစ်လျှင် မီး၌အကင်ခံရမည်။ အမျိုးမျိုးနှိပ်စက်ခံရမည်။ တိရိစ္ဆာန်၌ဖြစ်လျှင် အချင်းချင်းသတ်ဖြတ်ခံရမည်၊ စားစရာ၊ နေစရာ၊ ကျန်းမာရေးများ အတွက် ဘာမှအာမခံမရှိ၊ ဆင်းရဲတင်းနက်စွာကြုံမည်။ ပိတ္တာ၌ဖြစ်လျှင် တချိန်လုံး ဆာလောင်မွသိပ်မှု ကိုခံနေ ရမည်။ အသူရကာယ် ၌ဖြစ်လျှင် ပြည့်စုံလုံလောက်မှုရှိမည်မဟုတ်။ အမြဲတောင်းတနေရမည်။ အပါယ်လေး ဘုံသို့ကျရောက်သွားလျှင် တစ်ဖန်ပြန် တက်ဖို့မလွယ်ကူတော့ပေ။ အကြောင်းမှာ ကုသိုလ်စိတ်များမဖြစ် နိုင်သည့်အပြင်၊ ကုသိုလ်ပြုခွင့်လည်း ကြုံမည်မဟုတ်။ ကုသိုလ်ကောင်းမှုမှ ကင်းသောဘဝများပင်ဖြစ် သော ကြောင့်တည်း။


လူတစ်ယောက် လူဘဝ၊ နတ်ဘဝများမှာဖြစ်ချင်၏။ ထိုသို့ဖြစ်နိုင်ရန် လူ့ပြည်နှင့် နတ်ပြည် ရောက် ကြောင်းများဖြစ်သော ဒါန၊ သီလ၊ ဘာဝနာများကို မလုပ်ချင််သော်လည်းကြိုးစားအားထုတ်ရ၏။ ဗြဟ္မာဘဝကို ရချင်လျှင်လည်း လူ့ဘဝတုန်းက စျာန်ရအောင် အချိန်ပေးပြီးကျင့်ရ၏။ ဤသို့ပြုပြင်စီ ရင်ရခြင်း (သင်္ခတ) သည် ဆင်းရဲ၏။ ထိုဘဝများရလာလျှင်လည်း စိတ်အေးပြီလား လောဘ၊ ဒေါသ၊ မောဟများကြောင့် စိတ်ပူပန် စရာ များကြုံလျှင် ပူပန်ရ၏၊ ပူလောင်ရ၏။ ဤသည်(သန္တာပသဘော) မှာလည်းဆင်းရဲဖြစ်၏။ ဘဝမှသေဆုံး သွားလျှင်လည်း သေခါနီ အကုသိုလ် စိတ်များဝင်မိပြန်လျှင် အပါယ်လေးပါး တစ်ပါးပါးသို့ကျ ရောက်ပြန်ဦးမည်။ ဤသည်(၀ိပရိဏာမသဘော) မှာလည်းဆင်းရဲ၏။


လူဘဝမှာလည်း ပြုပြင်နေရသောဒုက္ခ နည်းနည်းနောနောမဟုတ်။ ပဋိသန္ဓေနေစဉ်တွင်လည်း လပေါင်းများစွာ အမေ၏ဝမ်းခေါင်းတွင် မွန်းကျပ်စွာနေရ၏။ မွေးဖွားလာလျှင်လည်းပဲ ကြီးပြင်းသည်ထိ မိဘတို့ ၏အစောင့်အရှောက်ကိုခံယူရသကဲ့သို့ မိမိကိုယ်တိုင်လည်း စောင့်ရှောက်နေရ၏။ ပညာသင်ယူရ၏၊ အလုပ် ကိုကြိုးစားလုပ်ကိုင်ရ၏။ အပါယ်ဘေးမှလွတ်အောင် ကုသိုလ်ကောင်းမှုများကိုလည်း ကြိုးစားအားထုတ် ရသေး ၏။ စိတ်ကိုလွှတ်လျှက် လုပ်ချင်ရာ၊ ပြောချင်ရာ၊ စိတ်ကူးချင်ရာများကို ပြုလုပ်၊ ပြောဆို၊ ကြံတွေးလိုကြကုန်၏။ သို့သော် သင့်မသင့်ဖြင့်အမြဲတွေဝေကာ လုပ်ချင်သော်လည်း မသင့်သည်ကို ချုပ်တည်းထားရပြန်သည်။ သင့်သည် မလုပ်ချင်သော်လည်း ကြိုးစားရပြန်၏။ ကျန်းမာရေးအတွက်လည်း အမျိုးမျိုးပြုပြင်နေရ၏။ လျှောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ် (၄)ပါးမျှတအောင်နေပေးရ၏။ အမြဲတမ်းမလျှောင်းနိုင်၊ အမြဲတမ်းမထိုင်နိုင်၊ အမြဲတမ်းမရပ်နိုင်၊ အမြဲတမ်း လမ်းမလျှောက်နိုင်။ ၄င်းအပြင် ကွေးနေရ၏၊ ဆန့်နေရ၏၊ အစာအာဟာ ရမှီဝဲနေ ရ၏။ အညစ်အကြေးများလည်း စွန့်နေရ၏။ အမျိုးမျိုး ပြုပြင်ပေးနေရ၏။ ဤသည်တို့မှာ ပြုပြင်ခြင်း သင်္ခတဒုက္ခများပင်ဖြစ်သည်။ ဤသည်တို့ကို မလုပ်ပဲ နေနိုင်သည်ဆိုလျှင် မည်သူမှလုပ်ကြမည်မဟုတ်၊ သို့သော် မလုပ်ပဲမဖြစ်၊ လုပ်နေ၊ ပြုပြင်နေရ၏။ ဘဝရှိလျှင် ဤဒုက္ခသည် ရှိနေမည်။ မည်သူမှမလွတ်။ ဒါကြောင့် ဘဝသည် ဒုက္ခသာဖြစ်၏ ဟု ပညာရှိများလက်ခံ၏။


သည်ကြားထဲ မနှစ်သက်သောသူနဲ့လည်း ဆက်ဆံနေကြရပြန်၏။ ချစ်သောသူနဲ့လည်း အတူ တူရှိနေချင်လျှက် သေကွဲ၊ ရှင်ကွဲအားဖြင့် ကွဲကွာကြရပြန်၏။ မိမိတို့စိတ်ထဲဖြစ်ချင် လိုချင်သည့်အတိုင်းလည်း ဖြစ်သည့်အခါ၊ ရသည့်အခါနည်းပါး၏။ မရသည်ကများ၏။ နေ့စဉ်ဘဝတွင် သောကရောက်ရခြင်း၊ ငို ကြွေးရခြင်း၊ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ အတွင်းလှစ်၍စိတ်ပူလောင်ခြင်းဒုက္ခများကို မခံစားချင်သည့် အဆုံး ခံစားကြရပြန်၏။ လူတို့သည် ကိုယ်အားဖြင့်ဆင်းရဲခြင်းကို တောင်ခံနိုင်စွမ်းရှိသော်လည်း၊ စိတ်ခံစားချက် များကိုမူမတောင့်ခံနိုင်ကြ၊ သည်းခံရန်ခက်ခဲကုန်၏။ ဤသည်မှာ မဟာ့မဟာဒုက္ခပင်ဖြစ်သည်။ စိတ်ချမ်း သာစွာ နေလိုကြ သော် လည်း ယင်းသို့မဖြစ် စိတ်ပူလောင်မှုဖြင့် သာအချိန်ကိုကုန် လွန်ကြ သည်ကများ၏။ ဤသည်ကို သန္တာပဒုက္ခ ဟုခေါ်သည်။ သန္တာပ စိတ်ပူလောင်ခြင်းဒုက္ခကို ဘာဝနာဆေးမှတစ်ပါးတခြားသော ဆေးများဖြင့် ကုစားနိုင်ကောင်းမည်မဟုတ်။ ထို့ကြောင့် သူတော်ကောင်းများ ဘာဝနာပွားကြကုန်၏။


ဒုက္ခသည်ထိုမျှဖြင့်မလုံလောက်သေး။ အိုခြင်း၊ နာခြင်း သေခြင်း ဒုက္ခဆုလာဘ်များကိုလည်း မလို ချင်းပဲ ပိုင်ဆိုင်ရဦးမည်ဖြစ်၏။ သေပြီးသည့်နောက် ဘယ်ဘဝမှာဖြစ်မည်ကိုလည်းမသိကြရကုန်။ အကုသိုလ် များအာရုံပြုမိလျှင် အပါယ်ဘဝမှတက်ရတော့မည်မဟုတ်။ ဤကဲသို့ဖောက်ပြန် ပျက်စီ၍ကျရောက်ခြင်းကို ၀ိပရိ ဏာမဒုက္ခဟုခေါ်သည်။ ဤသည်တို့မှာ ထင်ရှားသောဒုက္ခများဖြစ်၏။ လူသာမန်တို့ကြံ တွေးနို်င်သော ဒုက္ခ များဖြစ်သည်။ ဤဒုက္ခများကို သိမြင်ခြင်းသည်လည်း သစ္စာကိုသိခြင်းပင်ဖြစ်သည်။


၄င်းအမြင် သိမ်မွေ့နက်နဲ၍ သိနိုင်ခဲသော မိမိတို့ခန္ဓာကိုယ်အတ္တဘောနဲ့ပတ်သက်နေသော ဒုက္ခများ သည်ရှိ၏။ ခန္ဓာအတ္တဘောဟုဆိုလျှင် ခန္ဓာ (၅)ပါးအပေါင်းကိုရ၏။ နာမ်ခန္ဓာလေးပါးနှင့် ရုပ်ခန္ဓာ တစ်ပါး တို့ဖြစ် သည်။ ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓါတ်ကြီးလေးပါးတို့ဖြင့်ဖွဲ့ထားအပ်သော ရုပ်ခန္ဓာသည် ဖောက်ပြန်ခြင်းသဘောရှိ၏။ ထုံခြင်း၊ နာခြင်း၊ ကျင်ခြင်း၊ ကိုက်ခြင်း၊ ပူခြင်း၊ အေးခြင်း၊ ပေါ့ခြင်း၊ လေးခြင်း၊ စေးကပ်ခြင်း စသည့်တို့ဖြင့်နှိပ်စက်လေ့ရှိသည်။ ထိုသဘောများမှာ ရောဂါများပင်ဖြစ်သည်။ ထိုသဘောကို သက်သာစေရန် လျှောင်း၊ ထိုင်၊ ရပ်၊ သွားတို့ဖြင့်တောင့်ခံနေရ၏။ ဤသည်မှာ သင်္ခတဒုက္ခပင်ဖြစ်သည်။ သို့သော် နာခြင်းသဘောကို အမြဲတမ်းဖုံး ကွယ်မထားနိုင်။ ရုပ်၏သဘောမှာ နာခြင်းပင်ဖြစ်၏။ ယင်းနာခြင်းကို နာမ်ကခံစားသိနေ၏။ ထိုအခါ စိတ်ထဲတွင် ပိုနာရ၏။ ဤသည်ကို သန္တာပဒုက္ခဟုခေါ်သည်။ ထို ရုပ်နာသည်ကို စိတ်ဖြင့်ခံစားလျှက် နာနေခြင်းဒုက္ခသည် အကြီးဆုံးပင်ဖြစ်သည်။ ထိုပြုပြင်ခြင်း ဒုက္ခသဘောများနှင့် စိတ်တွင်း ပူပန်ခြင်း ဒုက္ခသဘောများကို တရားထိုင်လျှင် ပို၍သိသာ ထင်ရှားစွာခံစားရ၏။ ထို့ကြောင့် ခန္ဓာနဲ့တူ သောဆင်း ရဲမရှိဟုဟောတော်မူခြင်းဖြစ်သည်။ သို့သော် ဘာဝနာသည် ကိုယ်နာခြင်းပေါ်တွင် စိတ်မနာအောင် ခွါထားနိုင် စွမ်းရှိ၏။ ထို့ကြောင့် ကိုယ်နာသောအချိန်တွင် ကိုယ်နာခြင်းအပေါ်တွင် စိတ်မနာအောင် သူတော် ကောင်းများ တရားပွားကုန်၏။


နာမ်ရုပ်တို့သည် ဖောက်ပြန်ခြင်း ၀ိပရိဏာမသဘောရှိ၏။ မျက်တောင်တစ်ခပ်အတွင်း ကုဋေတစ် သိန်းမကသော နာမ်တို့သည် ဖြစ်လိုက်ပျက်လိုက်ဖြင့် ပြေးသွားကုန်၏။ မျက်တောင်တစ်ခပ်အတွင်း ရုပ်က လာပ်တို့သည်လည်း ကုဋေ ငါးထောင်ကမ ဖြစ်လိုက်ပျက်လိုက်နဲ့ပြေးသွားကုန်၏။ ထို့ကြောင့် နာမ်နဲ့ ရုပ်တို့ သည် မမြဲဟုဆိုခြင်းဖြစ်သည်။ ထိုနာမ်ရုပ်တို့သည် အဘယ်မှာဖြစ်ကုန်သနည်းဟူမူ၊ မြင်ဆဲခဏ၊ ကြားဆဲခဏ၊ နံဆဲခဏ၊ စားဆဲခဏ၊ ထိဆဲခဏနှင့်တွေးကြံဆဲခဏတို့တွင် ဖြစ်ပျက်သွားကြကုန်၏။ သို့သော် သတိ၊ သမာဓိ၊ ပညာတို့ဖြင့် ရှုကြည့်မနေသောသူများထိုသဘောများသည် မထင်ရှားကုန်။ ထိုကဲ့သို့ ပညာနည်းသူများသည် အာရုံတွင်နစ်မျော်လျှက်သာကုန်လွန်ကြကုန်၏။ နာမ်ရုပ်တို့၏ဖြစ်ခြင်းပျက်ခြင်းကို သိနိုင်စွမ်းမရှိကုန်။ ထိုအခိုက် အတန့်များတွင် နာမ်ရုပ်တို့သည် တစ်ခုဖြစ်လိုက်ပျက်လိုက်၊ နောက်တစ်ခုဖြစ်လိုက်ပျက်လိုက် စသည်ဖြင့် အစီ အတန်းအားဖြင့် မြစ်ရေအလျှဉ်ကဲ့သို့လည်းကောင်း၊ ဆီမီးလျှံကဲ့သို့လည်းကောင်းသွားနေ၏။ အချုပ် ပြော ရလျှင် ဖြစ်ခြင်းပျက်ခြင်းဖြင့်သာ အလုပ်လုပ်နေကြကုန်၏ဟုဆိုရမည်။ ခန္ဓာကိုယ်မှ နာသောအခါတွင်ပင် ရုပ်၏နာခြင်းသဘောသည် တစ်နာပြီးတစ်နာသွားနေ၏။ နာခြင်းကိုသိနေသော စိတ်သည်လည်း တစ်စိတ်ပြီး တစ်စိတ်သွားနေ၏။ ထိုအခါ နာခြင်းကို စိတ်ကမခံစားတော့ပဲ ဖြစ်ခြင်းပျက်ခြင်းဟာ သဘာဝပဲဟု အရှိသ ဘောကို သိနေရုံမျှသာသိနေတော့သည်။ ထို့ကြောင့် နာမ်ရုပ်တို့သည် ဖြစ်ခြင်း ပျက်ခြင်းသဘောရှိသောကြောင့် မမြဲ၊ မမြဲသောကြောင့်ဆင်းရဲ၊ ဆင်းရဲသောကြောင့် အစိုးမရ (ဖောက် ပြန်တတ်၏)ဟု ဆို၏။ အမှန်မှာ ဖြစ်ခြင်းပျက်ခြင်းဟူသော ဆင်းရဲအစုမျှသာ နာမ်ရုပ်တို့တွင်ရှိ၏ ဟုဆိုရ မည်ဖြစ်သည်။ ထိုအစုကို ဘာဝနာမယဉာဏ်ဖြင့်သာမြင်နိုင်၊ သိနိုင်ကုန်၏။ ဘာဝနာမယဉာဏ် အားကောင်း သောသူသည် မြင်းတိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ တွေးကြံတိုင်း မှာ နာမ်ရုပ် တို့၏ဖြစ်ခြင်း ပျက်ခြင်းကို ထင်မြင်ကုန်၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုရှုမြင်နိုင်ကုန်၏။ ထိုအသိမရှိသူတို့သည်ကား မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ ထိခြင်း၊ တွေးခြင်းခဏတို့တွင် နာမ်ရုပ်ပင်မထင်ကုန်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာနှင့်တွေးကြံစရာအာရုံများသာထင်ကုန်၏။ ဤကဲ့သို့အားဖြင့် ဆင်းရဲခြင်းသဘောကို သုတမယ ဉာဏ်မှ ဘာဝနာမယဉာဏ်ထိ သိမြင်ခြင်းသည် ဒုက္ခသစ္စာကိုသိခြင်းပင်ဖြစ်သည်။


သမုဒယသစ္စာပိုင်း

အမှန်မှာ ထိုကဲ့သို့ဒုက္ခကိုသိနိုင်မှ နာမ်ရုပ်အပေါ်တွင် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအားဖြင့် စွဲလမ်းခြင်းနှင့်တပ်မက်ခြင်းများဖြစ်မည်မဟုတ်။ စွဲလမ်းတပ်မက်နေခြင်းသည် ဒုက္ခကိုမသိ၍ဖြစ်သည်။ ထို့ ကြောင့် သမုဒယဟူသော အစွဲအလမ်းကိုပယ်နိုင်ရန် ဒုက္ခကိုသိရမည်၊ ဒုက္ခဟူသည် သိရမည့် တရားဖြစ် သည်ဟုမိန့်တော်မူ၏။ ဒုက္ခသဘောကို သဘောပေါက်ခြင်းသည် သစ္စဉာဏ်ဖြစ်သည်။ ထိုဒုက္ခကို ဒုက္ခဟု သ ဘာဝအတိုင်းသိနေခြင်းသည် ဒုက္ခကိုသိနေခြင်း ကိစ္စဉာဏ်ပင်ဖြစ်သည်။


လူတို့သည် နာမ်ရုပ်အစုကြီးဖြစ်သော မိမိခန္ဓာကိုယ်၊ သူတပါးခန္ဓာကိုယ်တို့၏ ဒုက္ခသဘောကို ထိုးထွင်း၍မသိနိုင်ကြကုန်။ မသိသောကြောင့် ထိုဒုက္ခအစုကြီးများကို တပ်မက်သာယာလေ့ရှိကြကုန်၏။ ဒုက္ခ မှန်းသိလျှင် မည်သူမှတပ်မက်ကြမည်မဟုတ်။ ဒုက္ခကိုမသိကြသောကြောင့် လူတို့သည် ဤဘဝ၌ဖြစ်သော ကာမဂုဏ်အာရုံ (၅)ပါးအပေါ်တွင် သာယာတပ်မက်လေ့ရှိကြကုန်၏။ ထိုမျှကိုသာတပ်မက်ကြသည်မဟုတ် ကုန်သေး၊ နတ်ဘဝ၊ ဗြဟ္မာဘဝများကိုပါတပ်မက်ကုန်၏။ တစ်ချို့သောသူတို့သည် ဤဘဝပြတ်လျှင် ဘာမှမရှိ ဟုပင် ဘဝပြတ်ခြင်းကို သာယာလေ့ရှိကြကုန်၏။ မည်သို့ဆိုကေ တက်မက်မှုဖြင့် နေ့စဉ်ဘဝတွင် လုပ်ဆောင် ခြင်း၊ ပြောဆိုခြင်းနှင့် တွေးကြံခြင်းများ၏ သတ္တိများသည် ဘဝသစ်ကိုဖြစ်စေမည်ဖြစ်သည်။ သာယာတပ်မက် သော စိတ်ကို သမုဒယဟုခေါ်၏။ အမှန်ရှိသော သဘောတစ်ခုပင်ဖြစ်သည်။ ထိုအမှန်တရားကို သမုဒယ သစ္စာဟုခေါ်သည်။ ဘဝသစ်ဟူဆိုရာတွင် နတ်၊ လူ၊ ငရဲ၊ ပိတ္တာ၊ တိရိစ္ဆာန်ဟူသော ဂတိများတွင်ဖြစ်ရမည့် ဘဝတို့သာဖြစ်သည်။ ထိုဘဝများကိုရရှိကြလျှင် ဒုက္ခသစ္စာပိုင်းတွင်ဖော်ပြခဲ့သော ပြုပြင်နေရခြင်းဒုက္ခ၊ စိတ် ဒုက္ခနှင့် ဖောက်ပြန်စွာဖြစ်တည်ရခြင်းဒုက္ခများကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်တပ်မက်သော စိတ်သည် သတ္တဝါတစ်ဦးတစ်ယောက်အား မိမိိတို့ကြုံကြိုက်ရာ နေရာဒေသနှင့် ဘဝများတွင် မွေ့လျှော် စေနိုင်၏။ သို့သော် ဒုက္ခအစုကို သာယာနေခြင်းမျှသာဖြစ်သည်။ ဒုက္ခဟူ သောအမှန်ကို မသိခြင်းနှင့် ဒုက္ခကို ယာသာခြင်းသဘောတို့သည် ဘဝဖြစ်ရခြင်း၏မူလ၊ ဒုက္ခဖြစ်ရခြင်း၏အရင်း မြစ်ပင်ဖြစ်သည်။ ထိုသာယာ တပ် မက်မှုသည် အဘယ်တွင်ဖြစ်သနည်းဟူမူ မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ ထိဆဲနှင့် တွေးကြံဆဲများတွင် နေ့စဉ် လုပ်ငန်းများကိုလုပ်နေစဉ်အတွင်းဖြစ်ပေါ်လေ့ရှိ၏။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ ကြံဆဲခဏတွင် နာမ်ရုပ်ဒုက္ခအစုဟု မသိမြင်ပဲ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမအဖြစ် အစဉ်အခဲအနေဖြင့် သိမြင်၏။ ထိုအသိသည် အသိ မှားဖြစ်၏။ အဝိဇ္ဇာအသိပင်ဖြစ်သည်။ ထိုအသိကြောင့် ထိုခဏများတွင်ဖြစ်သော နာမ်ရုပ်များကို သာယာ လေ့ရှိ၏။ အမှန်မှာ နာမ်ရုပ်တို့၏ဖြစ်ခြင်းပျက်ခြင်း ဒုက္ခသဘောကို မသိကုန်၍ ဒုက္ခကို သုခထင်လျှက် သာယာ တပ်မက်၏၊ တပ်မက်မှုကြောင့်ပင် စွဲလမ်းမှု ဒိဋ္ဌိဖြစ်ခွင့်ရ၏၊ တပ်မက်မှုကြောင့် ထောင်လွှားခြင်းမာန လည်း ဖြစ်နိုင်၏။ တပ်မက်ခြင်း၊ ထောင်လွှားခြင်းနှင့် စွဲလမ်းခြင်းသဘောတို့သည် သံသရာ လည်စေတတ်သော သဘာဝများဖြစ်ကြသည်။ ထိုတရားတို့တွင် တပ်မက်ခြင်းတဏှာသည် အဓိကဦးဆောင် ပင်ဖြစ်သည်။ သံသရာ နယ်ချဲ့ခြင်းဟူသည် ဘဝသစ်များဆက်ကာဆက်ကာဖြစ်စေခြင်းပင်ဖြစ်သည်။ ဘဝသစ် ဖြစ်ခြင်းကို ရပ်တန့်ပစ်ရန်တပ်မက်မှုကို ဖြတ်ပစ်ရမည်။ ထို့ကြောင့် တပ်မက်မှုသည် ပယ်ရမည့်တရားဖြစ်၏ဟု ဟောတော်မူ၏။ တပ်မက်မှုသည် ဘဝဟူသောဆင်းရဲကိုရခြင်း၏အကြောင်းတရားဖြစ်သည်။ အမှန်မှာ ဘဝကို ဆင်းရဲဟုမြင်လျှင် ဘဝကို တပ်မက်မည်မဟုတ်။ တပ်မက်မှုကိုဖြတ်ရန် ဘဝကိုဆင်းရဲဟုသိအောင်လုပ်ရမည်။ နာမ်သဘာ ၀ရုပ် သဘာဝတို့၏ ဖြစ်ခြင်းပျက်ခြင်းဟူသော ဆင်းရဲဒုက္ခကိုသိနေသော အခိုက်အတန့်တွင်ပင် တပ်မက်မှုမဖြစ်။ မြင်းဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိဆဲ၊ ကြံဆဲခဏများတွင် ထိုခဏများကိုသိအောင် မရှုမှတ်ထားလျှင် ကောင်းသည်ဟုခံစားရာတွင် တပ်မက်မှုဖြစ်၏၊ မကောင်းဟုခံစားရာတွင် ဒေါသဖြစ်၏။ ကောင်းမကောင်း အနေနဲ့ ခံစားရာတွင် မောဟဖြစ်၏။ လောဘဖြစ်လျှင် လောဘ၊ မာန၊ ဒိဋ္ဌိများသည် ကပ်ပါ လာတတ်စမြဲဖြစ်၏။ ရှုမှတ်မထားသောသူသည် မြင်ဆဲခဏတွင် အသွင်သဏ္ဍာန်ကိုမြင်သည်ဟု ထင်မြင်၏။ ထိုသည် ဒိဋ္ဌိပင်ဖြစ်သည်။ ငါမြင်၏ဟုထင်နေ၏။ ထိုသည် မာနပင်ဖြစ်သည်။ သာယာစရာ ဟုခံစား လျှင်သာ ယာ၏။ ထိုသည် တဏှာပင်ဖြစ်သည်။ တဏှာအားကြီးလာသောအခါ တပ်မက်မှုပြင်းထန်လာ၏။ ရင်ထဲပူ လောင်ရ၏။ စိတ်မငြိမ်သက်၊ သက်သာရာမရ၊ ဆောက်တည်ရာမရဖြစ်တတ်၏။ လိုတာမရသောအခါ သောက၊ ပရိဒေဝ၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ၊ အတွင်းလှစ်၍ပူလောင်းခြင်းများသည် ဖြစ်ပေါ်လာတတ်၏။ ဤသည်တို့မှာ တပ်မက်ခြင်း ကြောင့်ဖြစ်ပေါ်လာသော ဒုက္ခများပင်ဖြစ်သည်။ အမှန်တကယ်အားဖြင့် လူတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ပို၍တပ်မက်စွဲလမ်းလေ့ရှိ၏။ အဘယ်ထိတပ်မက်စွဲလမ်းသနည်းဟူမူ ရုပ်သဘောရ ရုပ်ခန္ဓာနာသည်ကိုပင် ငါနာ၏ဟု တပ်မက်ခံစားလေ့ရှိ၏။ ထိုအခါ နာခြင်းသဘောသည် ပိုလွန်၍နာ၏။ ရုပ်အနာသည် စိတ်ဘဝသို့တိုင်နာစေသောကြောင့် ပိုနာရ၏။ ထိုသို့ ပို၍နာရခြင်းသည် ခန္ဓာကိုယ်ကို တပ်မက်သောကြောင့်ဖြစ်သည်။ တပ်မက်မှုတဏှာကြောင့် ဒုက္ခဖြစ်သည့်သဘောပင်ဖြစ်၏။ ဘာဝနာတရား ကိုနိုင်နင်းသောသူသည် ရုပ်ခန္ဓာကိုယ်နာသည့်အခါ ရုပ်အနာတွင် စိတ်ကိုမကပ်ထားပဲ နာခြင်းကိုသိနေရုံမျှ သိ၍နေ၏။ တပ်မက်စွာမခံစား။ ရုပ်မို့လို့ နာ၏။ နာခြင်းကို နာမ်ကခံစားနေခြင်းသာဖြစ်၏။ ငါကနာ နေခြင်း မဟုတ်ဟု ထင်ရှားစွာသိမြင်နေ၏။ ထို့ကြောင့် တပ်မက်မှုမဖြစ်၊ ရုပ်အနာတွင် တပ်မက််မှုမဖြစ် သောကြောင့် စိတ်ထဲတွင် မနာ။ ရုပ်အနာသည် စိတ်ကိုမလွှမ်းမိုးနိုင်ပဲ၊ စိတ်ကသာ ရုပ်ကိုလွှမ်းမိုးလျှက်သိနေ၏။ တပ်မက်မှု တဏှာမကပ်သောသူအား နာကျင်မှု ဒုက္ခသည်မဖြစ်ပါ။ ဒုက္ခသည် တဏှာကြောင့်သာဖြစ်ရ၏ဟူသည်ကို သိစေရုံသာဖြစ်၏။ ဤသည်တပ်မက်မှုသည်လည်း တကယ့် စစ်မှန် သော နာမ်သဘာဝတစ်ခုဖြစ်သည်။ ထို့ကြောင့် တပ်မက် မှုတဏှာကို ဒုက္ခ၏ အကြောင်းဟု သိခြင်းသည် စစ်မှန်သောသိခြင်း သစ္စဉာဏ် ပင်ဖြစ်သည်။ တပ်မက်မှုကို ဒုက္ခကိုမြင် အောင် ရှုခြင်းဖြင့် ပယ်နိုင်ခြင်းသည် သမုဒယသစ္စာ၌ ကိစ္စဉာဏ် ပင်ဖြစ်သည်။

နိရောဓသစ္စာအပိုင်း

နိရောဓ ဟူသည် ချုပ်ငြိမ်းခြင်းသဘောကိုဆိုလိုသည်။ ချုပ်ငြိမ်းခြင်းဟူသည် အနုပ္ပါဒ-တစ်ဖန်မဖြစ်ခြင်းကိုဆိိုုလိုသည်။ အဘယ်၏ချုပ်ငြိမ်းခြင်းကို နိရောဓဟု ဆိုအပ်သနည်းဟူမူ၊ တဏှာဟုဆို အပ်သော တပ်မက်မှု တရားများ ငြိမ်းနေခြင်းကို နိရောဓဟုဆိုအပ်၏။ အမှန်မှာ တဏှာချုပ်ငြိမ်းခြင်းသဘောနှင့် ဒုက္ခချုပ်ငြိမ်း ခြင်းသဘော (၂)ခုလုံးကိုပင် နိရောဓဟုဆိုလိုသည်။ သို့သော် ဒုက္ခ၏အကြောင်းသည် တဏှာပင် ဖြစ်သောကြောင့် လုံးဝတဏှာချုပ်လျှင် ဒုက္ခပါချုပ်သွားလေသောကြောင့် တဏှာချုပ်ခြင်းသဘောကို အဓိက အားဖြင့် ဟောခြင်းဖြစ်သည်။ တဏှာချုပ်ခြင်းဆိုသည်မှာ တဏှာကိုစွန့်ပစ်ခြင်း၊ ပယ်ပစ်ခြင်း၊ တဏှာပြတ်စဲ သွားခြင်းသဘောကိုဆိုလိုသည်။


ဘဝသံသရာကိုနယ်ချဲ့တတ်သော တပ်မက်ခြင်း တဏှာကို ပယ်နိုင်ရန် နာမ်သဘာဝရုပ် သဘာဝတို့၏ ဖြစ်ခြင်းပျက်ခြင်းဟူသော ဆင်းရဲဒုက္ခကိုသိနေရမည်။ သိနေသော အခိုက်အတန့်တွင်ပင် တပ်မက်မှုမဖြစ်။ ၄င်းသည်ချုပ်ပျောက်ခြင်းပင်ဖြစ်သည်။ မြင်းဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိဆဲ၊ ကြံဆဲခဏများတွင် ထိုခဏများကိုသိအောင် မရှုမှတ်ထားလျှင် ကောင်းသည်ဟုခံစားရာတွင် တပ်မက်မှုဖြစ်၏၊ မကောင်းဟုခံစားရာတွင် ဒေါသဖြစ်၏။ ကောင်းမကောင်း အနေနဲ့ ခံစားရာတွင် မောဟဖြစ်၏။ လောဘဖြစ်လျှင် လောဘ၊ မာန၊ ဒိဋ္ဌိများသည် ကပ်ပါလာတတ်စမြဲဖြစ်၏။ ရှုမှတ်မထားသောသူသည် မြင်ဆဲခဏတွင် အသွင်သဏ္ဍာန်ကိုမြင်သည်ဟု ထင်မြင်၏။ ထိုသည် ဒိဋ္ဌိပင်ဖြစ်သည်။ ငါမြင်၏ဟုထင်နေ၏။ ထိုသည် မာနပင်ဖြစ်သည်။ သာယာ စရာဟုခံစားလျှင်သာယာ၏။ ထိုသည် တဏှာပင်ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ တဏှာ၊ မာန၊ ဒိဋ္ဌိတို့မှ လွတ်အောင် မြင်ဆဲခဏတွင် မြင်တယ်ဟု ရှုမှတ်ရမည်ဟုဆို၏။ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိဆဲ၊ တွေးဆဲ ခဏများ တွင်လည်း ဤနည်းအတိုင်းပင်ဖြစ်သည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ် များ၏ ခဏတွင် ရှုမှတ် မထားလျှင်လည်း ငါလျှောင်း၊ ငါထိုင်၊ ငါရပ်၊ ငါသွားဟုသာ ထင်မြင်နေ၏။ သာယာနေတော့၏။ ကွေးခြင်း၊ ဆန့်ခြင်းတို့တွင်လည်း ရှုမှတ်မထားလျှင် သာယာ၏၊ မောက်မာ၏။ စွဲလမ်း၏။ ရှုမှတ်ထားလျှင် သာယာခြင်း တဏှာ၊ မောက်မာခြင်း မာနနှင့် စွဲလမ်းခြင်း ဒိဋ္ဌိများ ငြိမ်းနေ၏။ ရှုမှတ်ဆဲတွင် ဆင်းရဲခြင်းအမှန်တရားများကိုသိနေသဖြင့် တပ်မက်မှုများမဖြစ်။ ထိုခဏကိုလည်း နိရောဓဟုခေါ်သည်။


အချုပ်အားဖြင့်ဆိုရသော် နိရောဓဟူသည် ဒုက္ခနဲ့သမုဒယတို့ ချုပ်ခြင်း၊ တဖန်မဖြစ်ခြင်းရှိသော ချုပ်ပျောက်ခြင်းသဘော။ ကုန်ခြင်းပျက်စီးခြင်း ရာဂကင်းခြင်းသည်လည်း နိရောဓပင်ဖြစ်သည်။ ဝိပဿနာ ခဏမှာ တဒင်္ဂနိရောဓ၊ မဂ်ခဏမှာ ဝိက္ခမ္ဘနနိရောဓ။ ဝိပဿနာ မှာခဏမှာ ကုန်ခြင်းသဘောစီဝင်သဖြင့် နိဗ္ဗာန်ဖြစ်၏။ မဂ်ခဏမှာ နိဗ္ဗာန်ဖြစ်၏။


ဤသို့အားဖြင့် လောက၌ သိနိုင်ခဲသော၊ မြင်နိုင်ခဲသော လူသာမန်၊ နတ်သာမန်တို့ မသိအပ်သော သစ္စာလေးပါးမြတ်တရားကို မြတ်စွာဘုရားသည် ကိုယ်တိုင်ထိုးထွင်းသိခဲ့သည့်အတိုင်း သူသည် တရားထူးရရှိပြီးဖြစ်၍ မသေရာမှန် မြတ်နိဗ္ဗာန်ကို ရရှိခဲ့သူဖြစ်ကြောင်းကို ရဟန်းငါးပါးတို့အားချပြရင်း သက်သေထူခဲ့သောနေ့မှာ ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။


မေတ္တာဖြင့်

အရှင်ပညာစက္က

2 views0 comments