ခန္တီတရားကို လေ့လာခြင်း



ခန္တီတရားကို လေ့လာခြင်း


နိဒါန်း


ခန္တီဟူသော ဝေါဟာရသည် ဗုဒ္ဓဘာသာသုံး ပါဠိဝေါဟာရပင်ဖြစ်၏။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံသားတိုင်း ခန္တီဟူသော ဝေါဟာရကို နားလည်နိုင်ကြ၏။ ဗုဒ္ဓဘာသာ၌ ကိုယ်ကျင့်တရားကောင်းမွန်သူ (သီလရှိသူ) နှင့် စိတ်တည် ကြည်မှုရှိသူ (သမာဓိရှိသူ)ကို သူတော်ကောင်း (သပ္ပုရိသ) ဟု ဖော်ပြထား၏။ ကိုယ်ကျင့်ပြည့်စုံသူသည်သာ စိတ်တည် ငြိမ်၏။ စိတ်တည်ငြိမ်သူသာ အမှားအမှန်ကိုခွဲခြမ်းနိုင်၏ဟုဆို၏ (ဒီ ၂၊ ၆၈)။ ထို သီလ၊ သမာဓိ၊ ပညာတို့နှင့် ကုန်လုံပြည့် စုံသူကို အရိယာ (ကိလေသာကင်းစင်သူ) ဟုဆို၏။ အရိယာ သူတော်ကောင်း အကျင့်၏အစသည် သီလပင် ဖြစ်သည်။ သီလပြည့်စုံရခြင်း၏အဓိကအကြောင်းမှာ ခန္တီပြည့်စုံ ခြင်းပင်ဖြစ်၏ဟုဆိုသည် (နေတ္တိဋီ၊ ၁၀၅)။ ခန္တီနှင့်ပြည့် စုံခြင်းကို မြတ်သောကောင်းမှုမင်္ဂလာနှင့် ပြည့်စုံခြင်း တစ်ခုအဖြစ်လည်း ဟောထား၏ (ခုဒ္ဒ၊ ၁၀၊ ၄)။ တရားလက်ကိုင်ပြုကြသော မင်း(ဓမ္မရာဇာ)တို့သည်လည်း ခန္တီကိုဖြည့် ကျင့်ကြရ၏ (ဇာဋ္ဌ ၃၊ ၄၀၃)။ ဘုရားအလောင်းတော်သည်လည်း ဘုရားအဖြစ် သို့ ရောက်စေရန် ဗုဒ္ဓကရဏဟုခေါ် ဆိုအပ်သော ပါရမီတော် (၁၀)ပါးကို ဖြည့်ကျင့်ရာတွင် ခန္တီအကျင့်ကိုပါ ဖြည့်ကျင့်ခဲ့ ရ၏(ဗုဒ္ဓ-ဋ္ဌ၊ ၈၁)။ မြတ်စွာဘုရားသည် ဆန့်ကျင်ဘက်ရန်သူကိုသော်လည်းကောင်း၊ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး မမျှတသောအခါ မှာသော်လည်းကောင်း ခန္တီကိုကျင့်သုံးဖြင့်ဖြင့် ပြဿနာ ကိုဖြေရှင်း အနိုင်ယူလေ့ရှိခဲ့၏။ သို့ကြောင့်သာ မြတ်ဗုဒ္ဓသည် သာသနာပြုစေလွှတ်မည့် သူ၏ပထမဆုံး အရိယာသံဃာ တို့အား သြဝါဒမိန့်ကြားရာတွင် “ခန္တီသည် မဖြစ်မနေဖြည့် ကျင့်ကြရမည့်အကျင့် “တပ” ပင်ဖြစ်သည် (ဓမ္မ၊ ၁၈၄၊ ၄၁)” ဟု ခန္တီကိုလက်ကိုင်ပြုကြရန် အရေးတကြီးဆုံးမ၏။


လောကီအလုပ်၊ လောကုတ္တရာအလုပ်တို့တွင် မည်သို့သော အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ ခန္တီတရားကို ကျင့်သုံး သူတို့သည် အောင်နိုင် ကြစမြဲပင်ဖြစ်သည်။ ခန္တီအကျင့်သည် အတွင်း၊ အပြင် ဆန့်ကျင့်ဘက်ရန် သူအပေါင်းကိုလည်း ငြိမ်းစေတတ်၏။ ဘုရား၊ အရိယာသူတော် ကောင်းတို့သည် ခန္တီကိုကျင့် သုံးခြင်းဖြင့် အတွင်းရန်၊ အပြင်ရန်တို့ကိုအနိုင်ယူလျှက် ငြိမ်းချမ်းစွာ နေထိုင်လေ့ရှိကြ၏။ သူတော်ကောင်းစိတ်နှလုံးဖြင့် ငြိမ်းအေးစေလိုသူတိုင်း ခန္တီတရား၏ အလှသစ္စာကို ရှာဖွေကြ၊ ကျင့်သုံးကြဦး မည်ပင်ဖြစ်သည်။ ခန္တီနဲ့ပတ်သက်သော ထေရဝါဒဗုဒ္ဓဘာသာကျမ်းစာများလာ လေ့လာမိသမျှသော ဖွင့်ဆိုချက်တို့ကို စဉ်းစားတွေးခေါ်နိုင်ကြပါရန် ဤနေရာ၌အကျဉ်းသာ တင်ပြပါမည်။


ခန္တီအဓိပ္ပါယ်သုံးသပ်ချက်


ခန္တီအဓိပ္ပါယ်။ ။မြတ်စွာဘုရားသည် “ခန္တီ ပရမံ တပေါ တိတိက္ခာ- သည်းခံခြင်းဟူသော ခန္တီတရားသည် မြတ်သောအကျင့် (တပ) ဖြစ်၏ ”ဟူ၍ ခန္တီပုဒ်ကို တပပုဒ်နှင့်တွဲစပ်၍ ဟောကြားခဲ့၏ (ဓမ္မ၊ ၁၈၄၊ ၄၁)။

ထိုနှစ်ပုဒ်ကိုမူ “သည်းခံခြင်း အဓိဝါသကသဘောသည် ခန္တီ၊ ခြိုးခံသောအကျင့်သည် တပအကျင့်ပင်ဖြစ်၏”ဟု ဆိုဖွင့်ဆိုထား၏ (ဇာဋ္ဌ ၃၊ ၁၃)။

သူတပါး တို့ကဲ့ရဲ့ခြင်း၊ သူတပါးတို့မကောင်းပြုခြင်းနှင့် အပူအအေးစသည့်အားဖြင့် ဂုဏ်ကျေးဇူးကို ပြစ်မှားစော်ကားခြင်း တို့ကို သည်းခံခြင်းကို ခန္တီဟု ဖွင့်ဆို၏။ (သာရဋီ ၁၊ ၄၄၁)။

မိမိတို့အား ဆန့်ကျင်ဖက်ကို ပြုတတ်ကုန်သော ပတ်ဝန်း ကျင်ကို သည်းခံခြင်းသည် ခန္တီပင်ဖြစ်သည်ဟုဆိုလိုသည်။ တပပုဒ်ကိုဖွင့်ဆိုရာတွင် “ယုတ်မာကုန်သော အကုသိုလ်တို့ တရားတို့ကို ငြိမ်းစေတတ်သော အကျင့်ကို တပပင်ဖြစ်၏”ဟုဆို၏ (သုတ္တနိ -ဋ္ဌ ၂၊ ၃၃)။

အကုသိုလ်စိတ်နှင့် အကုသိုလ် အာရုံတို့ကို မတုန့်ပြန်ပဲ ချုပ်ငြိမ်းသွားအောင် မိမိတို့၏ အတွင်း (အဇ္ဈတ္တ)သဘောကို သည်းခံခြင်းကို တပ ဟုဆိုလိုသည်။ ထို့ကြောင့် သည်းခံခြင်းဟူသည် အကျင့်တစ်ခုပင်ဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင့် သီလ၊ သမာဓိ၊ ပညာကျင့်တို့ကို ထိခိုက်၊ ဆုတ် ယုတ်စေမည့် အပြင် (ဗာဟိရ) သဘောနှင့် အတွင်း (အဇ္ဈတ္တ)သဘောတို့ကို သည်းခံခြင်း အကျင့်မျိုးကို ခန္တီဟု ဆိုရမည်ဟု နားလည်နိုင်ပါသည်။


အကျင့်မြတ်ခန္တီ။ ။ခန္တီကို မြတ်စွာဘုရားသည် တပပုဒ်နဲ့တွဲစပ်၍ဟောထားခဲ့သောကြောင့် သည်းခံခြင်းသည် ဖြည့်ကျင့် ရမည့် အကျင့်တစ်ခုပင်ဖြစ်သည်ဟုနားလည်ရမည်။ ထို့ကြောင့် သည်းခံခြင်းကို “အဓိဝသိကပဋိပဒါ -အဓိဝါသိက အကျင့် တစ်ခုပင်ဖြစ်သည်”ဟုဆိုဖွင့်ဆို၏ (အံ ဋ္ဌ ၁၊ ၃၄၅)။

ဖြစ်ပေါ်နေသော ကိုယ်၌ဖြစ်သော ဝေဒနာတို့၏ ဆင်းရဲခက်ထန်ကုန် သော၊ ကြမ်းတမ်းကုန်သော၊ စပ်ကုန်(နာကုန်)သော၊ သာယာမှုကင်း ကုန်သော၊ စိတ်ဆင်းရဲစေသော အသက်ကိုပင်သေ စေတတ်သော ဝေဒနာတို့ကိုသည်းခံခြင်းကို အဓိဝါသိကရှိသူ ဟုဆို၏ (ဝိ ၂၊ ၄၂၄)။

ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ် လာ သော နာကျင်ခံခက်သော၊ ခံနိုင်ရန် မလွယ်ကူသော အခြေအနေ တရပ်တရပ်ကို (တုန့်ပြန်လိုသောခံစားချက်ကို) အကု သိုလ်ဖြစ်မည်စိုး၍ သည်းခံခြင်း အကျင့်မျိုးကို အဓိဝါသိက အကျင့်ဟုဆိုလိုသည်။ ထိုအကျင့်မျိုးကိုပင် သည်းခံခြင်း ခန္တီ အကျင့်ဟုဆိုရမည်။ ခန္တီကိုကျင့်သောအခါ “မြတ်သောအကျင့်အဖြစ်” တန်ဖိုးထား၍ကျင့်ကြရမည်။ သည်းခံနိုင်ခဲသည် များကို သည်းခံခြင်းဟူသော တပအဆင့်၊ အဓိဝါသိကအဆင့်မျိုး သို့ရောက် အောင်ကျင့်နိုင်မှ ထိုခန္တီသည် “မြတ်သော အကျင့်တစ်ခု” ဖြစ်လာမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ကိုယ်ကျင့်သီလကို အဓိကထားလိုသောအားဖြင့် သီလ၏ ဆန့်ကျင့်ဖက် ဒေါသကိုချိုးနှိမ်နှိပ်ကွပ်ထားလိုသောကြောင့် “သည်းခံခြင်းသည် အကျင့်အမြတ်တစ်ခုဖြစ်၏”ဟု ဟောထားခြင်းဖြစ်သည် (သာဋီ ၁၊ ၄၄၂)။

သတ္တဝါတို့သည် အလိုမရှိအပ်မနှစ် သက်အပ်သည်ကို သည်းခံကြရန် “သည်း ခံခြင်းအကျင့်”ကို အထူးအားဖြင့် မြတ်စွာဘုရား ပြဆိုလိုသည် ဟုဆို၏ (ဝိမတိဋီ ၁၊ ၉၂)။

မနှစ်သက်ခြင်း (ဒေါသ) သဘော နှင့် ကြိုက်နှစ်သက်ခြင်း (လောဘ)သဘော၊ ထို ၂ မျိုးလုံး၌မွေ့လျှော်ခြင်းကို နှိပ်ကွပ်လျှက် (မဖြစ်ပေါ်စေလျှက်) နေထိုင် ကျင့် သုံးခြင်းကို “မြတ်သော သည်းခံခြင်းကိုကျင့်ခြင်း”ဟုဆိုအပ်၏ဟုဆို၏ (ဒီ ၂၊ ဋီ၊ ၇၅)။

ခန္တီကိုကျင့်သောအခါ မြတ်သော အကျင့်အဖြစ်ကျင့်ရမည်ဟု ဆိုသည်။ အမှန်မှာ မိမိသူတပါးတို့အားမထိခိုက်စေသော အလယ်အလတ်လမ်းစဉ်ဖြစ် သော သီလ၊ သမာဓိ၊ ပညာတို့ကို ပြည့်စုံစေသော အကျင့်မျိုးကိုသာ မြတ်ဗုဒ္ဓ၏သာသနာတော်၌ အကျင့်မြတ် ဟုဆို၏။ ထို့ကြောင့် သည်းခံခြင်းခန္တီတရားသည် သီလ အစရှိသည့် (သီလ၊ သမာဓိ၊ ပညာ) တရားတို့၏ ဆန့်ကျင့် ဖက်တရားတို့ကို အကြွင်းမဲ့ ငြိမ်းစေတတ်၊ ဖျက်ဆီးတတ် သောကြောင့် “ကောင်းမြတ်သော တပ(သည်းခံခြင်း အကျင့်) ပင်ဖြစ်၏” ဟုဖွင့်ဆို ထား၏ (သာရဋီ ၁၊ ၄၄၁)။


အကျင့်မြတ်ခန္တီကိုဖြည့်ကျင့်ခြင်း။ ။ခန္တီကို အကျင့်မြတ်တစ်ခုအဖြစ်ကျင့်ကြမည်ဆိုလျှင် ပါရမီမြောက်ကျင့်ကြရမည်ဖြစ် သည်။ “ခပ်သိမ်းကုန်သောသူတို့၏ ကြမ်းတမ်းသောစကားကို သည်းခံရာ၏။ ထိုကဲ့သို့ သည်းခံခြင်းသည် ကောင်း မြတ်၏ ဟု သူတော်ကောင်းတို့ဆိုကုန်၏”ဟု ဟောတော်မူ၏ (ဇာ ၂၊ ၆၄၊ ၇)။

ခန္တီဝါဒီရသေ့ကဲ့သို့ ဆဲမျိုး (၁၀)ပါးတို့ဖြင့် ဆဲဆိုကျိမ်း မောင်းကုန်သော သူတို့ကိုကိုလည်းကောင်း၊ သတ်ခြင်းဖမ်းဖြင့်တို့ဖြင့် ညှင်းဆဲတတ်ကုန်သော သူတို့ကိုလည်းကောင်း မကြားဟန်၊ မမြင်ဟန်ဆောင်လျှက်၊ ရန်ကို ငြိမ်းစေလျှက် ခန္တီကိုကျင့်ရမည် (ခုဒ္ဒ ဋ္ဌ၊ ၁၂၅)။

ခန္တီဝါဒီရသေ့သည် မိမိ၏ခြေ လက်အင်္ဂါတွေကိုဖြတ်ခဲ့လျှင်ပင် အသိစိတ်မရှိသော အရုပ်ကို သတ်ဖြတ်နေသကဲ့သို့ ကာသိမင်းအား အမျက်မထွက်မူ၍ သည်းခံခဲ့၏။ ထိုကဲ့သို့သည်းခံခြင်းသည် ပါရမီမြောက်သော သည်းခံခြင်း ဟုဆို၏ (ဗုဒ္ဓဋ္ဌ၊ ၈၁)။ သို့သော် ကရုဏာကို ဖြစ်စေလျှက် သတ္တဝါသင်္ခါရတို့၏ ပြစ်မှားခြင်းကို သည်းခံခြင်းဟုဆိုအပ်သော ဒေါသမရှိ (မေတ္တာစိတ်)ကို အဓိကဖြစ် စေသော စိတ်ကို ခန္တီပါရမီစိတ် ဟုဆို၏ (ဒီ ၁၊ ဋီ၊ ၂၅၁)။

မိမိ အပေါ် မကောင်းကြံ၊ မကောင်းပြော၊ မကောင်းမှု ဆောင် ရွက်နေသော မည်သူ့ကိုမဆို “သတ္တဝါတို့သည် မိမိတို့၏ကံအားလျှော်စွာ ဖြစ်တည်ကြကုန်၏” ဟုနှလုံးသွင်းလျှက် မေတ္တာ၊ ကရုဏာစိတ် ထားနိုင်မှသာလျှင် ပါရမီမြောက်သော ခန္တီအကျင့်ကို ကျင့်နိုင်သည် ဟုဆိုရမည်။ ခန္တီဟူသော မြတ်သော အကျင့်ကိုဖြည့်ကျင့်ရာတွင် ဆန့်ကျင်ဖက်ရန်သူတို့၏ကိုယ်အားဖြင့်, နှုတ်အားဖြင့် ရန်ပြုဆဲဆိုမှုများကိုပင်လျှင် မိမိတို့အား အကုသိုလ်မဖြစ်စေလို၍ မသိကျိုးနွံပြုလျှက် နေထိုင်ကျင့်ကြံရမည်ဟုဆိုလိုသည်။ သည်းခံကြရာတွင် အများအားဖြင့် မိမိတို့သည် မိမိထက်အားကြီးသူတို့ ကိုသာလျှင် သည်း ခံတတ်ကြသော်လည်း မိမိအနိုင်ယူနိုင်ရနိုင်မည့်သူဆိုလျှင် သည်း ခံခွင့်လွှတ်လိုခြင်းမရှိပဲ ဒေါသဖြင့်အနိုင်ယူလိုသူက များ၏။ သို့သော် ခန္တီဟူသော မြတ်သောအကျင့်ကို ပါရမီမြောက် ကျင့် သူသည် အဆိုးအကောင်း အခြေနေ (၂) ရပ်လုံးကို သည်းခံနိုင်ရမည်ဟုဆိုသည်။ ဝေပစိတ္တိသုတ်၌ သူကောင်ကောင်း တစ်ယောက်သည် အားရှိသော်လည်း အားနည်းသူ၌ သည်းခံ၏၊ ထိုသို့သည်းခံခြင်းကိုသာ မြတ်သောသည်းခံခြင်းဟု ပြဆိုထား၏ (သံ ၁၊ ၂၂၃)။ ခန္တီအကျင့်ကို ယထာဘူတဒဿနအမြင်ဖြင့် ကျင့်ရမည်ဟု ခန္တီဖြစ်စေနိုင်သော အကြောင်း တရားကို ပြဆိုထား၏(ဒီ ၁၊ ဋီ၊ ၇၁)။

ယထာဘုတဒဿဟူသည်မှာ ဖြစ်တည်မှုကို အရှိအတိုင်းသိမြင်သော အသိဉာဏ်ကို ခေါ်သည်။ ဥပမာအားဖြင့် သတ္တဝါတို့သည် မိမိတို့၏ကံမှတပါးတခြားအားကိုးရာမရှိ၊ ထိုကံတရားသည်သာ ဘဝအနိမ့်၊ အမြင့်ကို ဖြစ်စေတတ်၏ဟု မြတ်ဗုဒ္ဓဟောထား၏ (မ၊ ၃၊ ၂၄၃)။ ကံကိုလည်း မြတ်စွာဘုရားက “ကိုယ်အမှု၊ နှုတ်အမှုတို့ ကို ဖြစ်စေတတ်သော စိတ်စေတနာ သည် ကံပင်ဖြစ်၏” ဟုရှင်းပြထား၏ (အံ-၂၊ ၃၆၃)။

ထို့ကြောင်း ကံကောင်းအောင် ကုသိုလ်စေတနာဖြင့် ကြံစည်၊ ပြောဆို၊ ပြုမူနေထိုင်းခြင်းမှတပါး မိမိတို့အတွက် တခြားအားကိုးရာမရှိဟူသော ယထာဘူတအသိဉာဏ်ဖြင့်ဆင်ခြင်၍ မိမိဘဝကို ထိခိုက် စေမည့် လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်များကို သည်းခံရမည်ဟုနားလည်ရမည်ဖြစ်သည်။ မည်သို့ဆိုစေ လောကီ၊ လောကုတ္တရာကောင်းကျိုးတရားတို့ကို ဆည်းပူလိုသော မည်သူမဆိုမိမိ တို့၏အကျင့်မြတ်ဖြစ်သည့် သီလ၊ သမာဓိ၊ ပညာတရားတို့ကို အထိခိုက်မခံလိုပဲ အကုသိုလ်ဖြစ်စေမည့် အာရုံမှန်သမျှကို သည်းခံရမည်ပင်ဖြစ်၏။ သည်းခံနိုင် အောင်လည်း လေ့ကျင့်ကြရမည်ဖြစ်သည်။ သည်းခံခြင်းသည် အရာရာကို အောင်မြင်နိုင်၏။


ဝိပဿနာဉာဏ်နှင့် ခန္တီ။ ။တရားအားထုတ်သော ယောဂီတို့သည် အာတာပီ(ဝီရိယ)၊ သတိ၊ ဆင်ခြင်ဉာဏ် (သမ္ပဇ္ဇည) တရားတို့ဖြင့် ဒေါမနဿ (စိတ်ဆိုးခြင်း) အစွန်းနှင့် အဘိဇ္ဈာ (တောင်းတခြင်း) အစွန်း ဟူသော အစွန်း (၂)ဖက်ကို ဆုံးမနှိပ် ကွပ်ထားရမည်ဟု မဟာသတိပဋ္ဌာန်တရား၌ မြတ်ဗုဒ္ဓဟောထား၏ (ဒီ၊ ၂၊ ၂၃၁ )။

ဣရိယာပုထ်ကြာကြာမှတ်လာသော အခါ ကိုယ်ခန္ဓာ နာကျင်၊ ကိုက်ခဲခြင်း ကာယိကဒုက္ခကို ယောဂီသည် ခံစားလာရ၏။ ထိုအခါ နာကျင်မှုကို မခံစားလိုသော ဒေါမနဿတရားနှင့် သက်သာခြင်းကို တောင်းတမှု (အဘိဇ္ဈာ)တရားတို့ဖြင့် စိတ်သည် နာကျင်စွာ ပျံ့လွင့်နေလေ့ရှိ တတ်၏။ ထိုကဲ့သို့ ပျံ့လွင့်နေသော စိတ်ကို သတိထားလျှက် ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ပြီး အဆက်မပြတ် အားထုတ်ခြင်း ဝီရိယကို စိုက်ထုတ်ရ၏။ ထိုသို့လုပ်နိုင်ဖို့ရန်မှာ ကိုယ်နာကျင်မှု (ကိုယ်ဆင်းရဲ) နှင့် မခံစားနိုင်မှု(စိတ်ဆင်း) ရဲတရား (၂)ပါးကို သည်းခံပေးနိုင်မှ အဆင်ပြေ၏။ ၎င်း သည်းခံမှုမပြုနိုင်သူတို့သည် တရားဘာဝနာအလုပ်ဟူသော သီလ၊ သမာဓိ၊ ပညာကျင့်စဉ်တို့ကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြ။ ထို့ကြောင့် သည်းခံခြင်းသည် သူတော်ကောင်း တရားတို့၏အဓိက အကြောင်းရင်ပင်ဖြစ်သည်ဟုဆိုရခြင်းဖြစ်သည်။ သာမန်လူတို့သည် အာရုံနဲ့စိတ်တို့ တွေ့ထိတိုင်းမှာ “ငါ ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ” ဟူသော အရိပ်နိမိတ်များကိုယာ အာရုံယူတတ်သောကြောင့် ထိုအရိပ် နိမိတ်များသာ စိတ်ထဲစွဲ နေလေ့ရှိ၏။ ထိုအခါ လိုချင်းခြင်း၊ မလိုချင်ခြင်းတို့ဖြစ်ကုန်၏(ဒီ ၁၊ ၆၆)။ ထိုပုံရိပ်များ၏ လွှမ်း မိုးမှုကို ခံရသူတိုင်းမှာ ဆန့်ကျင်ဖက်အာရုံကိုသည်းမခံနိုင်ပဲ နှစ်သက်သော အာရုံ၌ လောဘ (တဏှာ၊ ရာဂ)၊ နှစ် သက် သော အာရုံ၌ ဒေါသနှင့် နှစ်သက်ခြင်း, မနှစ်သက်ခြင်းမရှိသော (ဥပေက္ခာ) အာရုံတို့၌ မောဟများ ပွားကြကုန်၏ (မ ၃၊ ၃၃၂-၃၃၃ )။

အမှန်မှာ အာရုံနဲ့ စိတ်တို့ တွေ့ထိဆဲခဏမှာ “ငါ၊ သူတပါး” စသည့် အရိပ်နိမိတ်များကို မစွဲမူ၍ နာမ် ရုပ်သ ဘောကိုသာ သိမြင်မည်ဆိုလျှင်၊ ၎င်းအပြင် ထိုနာမ်ရုပ်သဘောတို့သည်လည်း ဖြစ်ပြီးလျှင် ပျက်နေကြကုန်၏ဟုသာ သိမြင်ခဲ့လျှင်၊ ထိုထက်မက ထိုနာမ်ရုပ်တို့၏ဖြစ်ခြင်းပျက်ခြင်းသဘောလက္ခဏာတို့သည်လည်း ဖြစ်ပြီးလျှင် ချုပ်ပျောက် ပျက်သုဉ်းသွားကြကုန်၏ဟု “ချုပ်ပျောက်ပျက်သုဉ်းခြင်း”တို့ကိုပါ သိမြင်ခဲ့လျှင် လောဘ၊ ဒေါသ၊ မောဟတို့ မဖြစ်နိုင်။ ထို အခါ အသိဉာဏ်ထဲ၌ ကိလေသာကို ပွားစေတတ်သော အရိပ်နိမိတ်များကင်းနေသကဲ့သို့ အရိပ်နိမိတ်နဲ့အတူ ကိလေသာ တို့သည်လည်း ချုပ်ပျောက်ပျက်သုဉ်း သွားကြကုန်၏။ နာမ်ရုပ်သဘောကိုမြင်ခြင်းနှင့် ထို၏ “ဖြစ်ပျက်”ကိုသိမြင် ခြင်းသည် ဝိပဿနာယထာဘူတဉာဏ်ပင်ဖြစ်၏။ ထိုနာမ်ရုပ်တို့၏သဘောလက္ခဏာ (ဖြစ်ပျက်)များ ချုပ်ပျောက်ပျက်သုဉ်းခြင်း (သုည)ကို သိမြင်ခြင်းသည် “မဂ်ဉာဏ်” ပင်ဖြစ်၏။ ထိုကဲ့သို့ ဝိပဿနာဉာဏ်အမြင်ရှိသူနှင့် မဂ်ဉာဏ်ကို ရရှိပြီးသူတို့သည် သာ အတွင်းရန်သူ ကိလေသာကို သည်းခံနိုင်ကြသကဲ့သို့ အကုသိုလ်ကိုပွားစေသော အပြင်ရန်သူများကိုလည်း သည်း ခံနိုင်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် အကုသိုလ်စိတ်ဖြစ်ပေါ်လာလျှင် ထိုစိတ်၏သဘောလက္ခဏာ (ဖြစ်မှုပျက်မှု) ကိုမြင် အောင်ကြည့်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် သုံးသပ်ကြကုန်၏။ ထိုအခါ ကိလေသာဖြစ်စရာ အရိပ်နိမိတ် လည်းမပေါ် သောကြောင့် ကိလေသာစိတ်များ ချုပ်ပျောက်ပျက်သုဉ်းကုန်ကြ၏။ ငြိမ်းအေးမှုသာ နှလုံးသား၌ထင်ဟစေ၏။ မိမိတို့၏ အတွင်းရန်ကို သည်းခံနိုင်မှ အပြင်ရန်ကိုသည်းခံနိုင်ကြကုန်၏။ ဤနည်းအားဖြင့် ဆန့်ကျင်ဖက် အတွင်းရန်၊ အပြင်ရန် တို့ကို ဘုရား၊ ရဟန္တာ၊ အရိယာသူတော်ကောင်းတို့သည် သည်းခံကြကုန်၏။ ထို့ကြောင့် ခန္တီရှိကြကုန်သော သူတော် ကောင်းတို့သည် အားကြီးသော ရန်သူကိုလည်း ရန်ငြိမ်းစေ၏ (ဇာ ၂၊ ၆၈၊ ၈)၊

ခန္တီမရှိ သောသူသည် ဆိုဆုံးမမှုကိုလည်း လက်မခံ၊ ထိုသူသည် ငြိမ်းချမ်းမှုလည်းမရှိနိုင် ဟုဆို၏ (ဇာ ၁၊ ၆၉၊ ၂၈၄)။ ခန္တီဟူသော သူတော်ကောင်းတရားရှိ သူတို့ သည်သာ နူးညံ့သိမ်မွေ့ကြကုန်သကဲ့သို့ ရန်သူမများ၊ မိတ်ဆွေများသာ တိုးပွားကြကုန်၏ ဟုမှတ်ရမည်ဖြစ်သည်။


ခန္တီလက္ခဏာ။ ။လက္ခဏာဟူသည် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ လောကတွင် အရာဝတ္ထုများကို နာမည်ဖြင့်မှတ် သားကြကုန်သကဲ့သို့ ပရမတ်တရားတို့ကိုလည်း ထို၏ပင်ကိုသဘောဖြင့် မှတ်သားနိုင်၏။ ခန္တီသည် သည်းခံခြင်း (ခမန) သဘောရှိ၏။ သည်းခံလိုက်ခြင်းစိတ်စေတနာသဘောသည် ခန္တီ၏အမှတ်အသားပင်ဖြစ်သည်၊ သည်းခံနိုင်စွမ်းဖြင့် ခန္တီရှိမရှိ မှတ်သားနိုင်သည်ဟုဆိုလိုသည်။ ခန္တီနဲ့ပြည့်စုံလာလျှင် လိုချင်ခြင်း၊ မလိုချင်ခြင်းတို့ကို သည်းခံနိုင်စွမ်း၏။ သည်းခံနိုင် စွမ်းလာ၏။ ခန္တီရှိလာလျှင် စိတ်ထဲ၌ကောင်းဆိုး (၂)တန်ကို သည်းခံလိုသော ဆန္ဒများ ပေါ်ပေါက်လာတတ်၏။ ထိုခန္တီသည် လည်း ကံကံ၏အကျိုးကိုသိမြင်ခြင်း၊ နာမ်ရုပ်နှင့်ထိုတို့၏ သဘောလ က္ခဏာကိုသိမြင် ခြင်းဟူသော ယထာဘူတ အမြင်များရှိမှ ဖြစ်တည်လာနိုင်၏ (သီ -ဋီ၊ ၇၁)။ ယထာဘူတအသိဉာဏ်ဖြင့်မဆင်ခြင်လျှင် ခန္တီအပြည့်စုံနိုင်ပါ။


နိဂုံး


အချုပ်ဆိုရသော် ခန္တီဟူသည် အကျင့်တစ်ခုပင်ဖြစ်၏။ သီလ၊ သမာဓိ၊ ပညာတို့အတွက် အရေးပါသော အကျင့်ဖြစ်သည်။ ခန္တီမရှိလျှင် မြတ်သောအကျင့် သီလ၊ သမာဓိ၊ ပညာတို့သည် မပြည့်စုံ။ ထိုကြောင့်သာ ခန္တီတရားသည် ဤသာသနာ၌ အကျင့်မြတ် (တပ)တစ်ခုဖြစ်၏ဟုဆို၏( ဓမ္မ-ဋ္ဌ ၂ ၊ နှာ ၃၉၉)။ မိမိတို့၏စိတ်ထဲ၌ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ဆန့်ကျင့်ဖက်အတွင်းရန်သူ ကိလေသာများဖြစ်ခွင့်မရှိအောင်၊ ထိုကိလေသာကို ပွားစေမည့် မည်သည့်ဆန့်ကျင့်ဘက် အပြင်အာရုံကို သည်းခံခြင်းသည် ခန္တီကပင်ဖြစ်၏။ ထိုခန္တီတရားသည် ကံက၏အကျိုးကိုလက်ခံသိမြင်သော ဉာဏ်ကို အ ခြေခံလျှက် မေတ္တ၊ ကရုဏာတို့ရှိသော အသိဉာဏ် နှင့် နာမ်ရုပ် (၂)ပါးနှင့် ထိုနာမ်ရုပ်တို့၏ သဘော လက္ခဏာ (ဖြစ်မှု ပျက်မှု)ကိုသိသော ဝိပဿနာယထာဘူတဉာဏ်ကို ရမှသာလျှင် ပိုမိုပြီးပြည့်စုံ၏။ ထိုကြောင့် ခန္တီတရားရှိသူတို့သည် အတွင်းရန်၊ အပြင်ရန်တို့ကို ငြိမ်းစေ၏။ စိတ်သဘောနူးညံ့သောကြောင့် လူချစ်လူခင်ပေါ၏။ မိမိစိတ်သန္တန်မှာလည်း အငြိုးအတည်း အာဃာတများကင်းသောကြောင့် စိတ်နှလုံးချမ်းမြေ့ခွင့်ရ၏၊ သံသရာအတွက်လည်း ပူစရာမရှိနိုင်အောင် သီလ၊ သမာဓိ၊ ပညာတို့ကို ပြည့်စေ၏။ ဤသည်မှာ ဗုဒ္ဓဘာသာကျမ်းစာများ၌လာသော ခန္တီအဓိပ္ပါယ်နှင့် သဘောတို့ကို လေ့လာတင်ပြလိုက်ရခြင်းဖြစ်သည်။ ဒေါသမပွား၊ ခန္တီထား၊ မေတ္တာများဖြင့် ငြိမ်းကြပါစေ။


မေတ္တာဖြင့်

ဦးပညာစက္က


မှီငြမ်းကျမ်းများ၊ နောက်ဆက်တွဲမှတ်စု


၁။ အံ ၂=အင်္ဂုတ္ထုရ်၊ ဒုတိယတွဲ၊ နှာ ၃၆၃ “စေတနာဟံ ဘိက္ခေ၀ ကမ္မံ ဝဒါမိ….”။

၂။ အံဋ္ဌ ၁=အင်္ဂုတ္ထိုရ်အဋ္ဌကထာ အတွဲ ၁၊ နှာ ၃၄၅။ “ခမာတိ အဓိဝါသိကပဋိပဒါ”။

၃။ ခုဒ္ဒဋ္ဌ=ခုဒ္ဒကပါဠိအဋ္ဌကထာ၊ ၁၂၅ “ခန္တီတိ အဓိဝါသနက္ခ န္တိ၊ တာယ သမန္နာဂတော စသည်”။

၄။ ဇာ၂=ဇာတကပါဠိတော် အတွဲ ၂ ၊ ပုဒ်စဉ် ၆၄၊ နှာ ၇ “ကောဓံ ဝဓိတွာ…”စသည်။ ပုဒ် ၆၈၊ နှာ ၈ “သရဘင်္ဂဇာတ်”။

၅။ ဇာ ၁=ဇာတကပါဠိတော် အတွဲ ၁၊ ပုဒ်စဉ် ၆၉၊ နှာ ၂၈၄။

၆။ ဇာဋ္ဌ ၃=ဇာတကဋ္ဌကထာ၊ အတွဲ ၃၊ နှာ ၁၃ “ ခန္တီတိ အဓိဝါသနခန္တီ၊ တပေါတိ တပစရဏံ”၊ နှာ ၄၀၃။ “ ဒါနံ သီလံ

ပရိစ္စာဂံ၊ အဇ္ဇေဝံ မဒ္ဒဝံ အဝိရောဓနံ” စသည်။

၇။ ဒီ ၁=သီလက္ခန္ဓာဝဂ္ဂပါဠိတော်၊ သာမညဖလသုတ်၊ နှာ ၆၆ “ဣဓ မဟာရာဇ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ……”။

၈။ ဒီ၂=မဟာဝဂ္ဂပါဠိတော်(သုတ်)မဟာပရိနိဗ္ဗာနသုတ်၊ နှာ ၆၈ “သီလပရိဘာဝိတော သမာဓိ ပဟပ္ဖလံ ဟောတိ…”။

မဟာသတိပဋ္ဌာနသုတ်တော်၊ နှာ ၂၃၁ “ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿနာ”။

၉။ ဒီ ၁၊ ဋီ=သီလက္ခန္ဓအဘိနဝဋီကာ၊ နှာ ၇၁ “ခန္တီ..ယထာဘူတဉာဏပဒဋ္ဌာနာ” ၊ နှာ

၁၀။ ဒီ ၂၊ ဋီ= မဟာဝဂ္ဂဋီကာ၊ နှာ ၇၅ “တဒုဘနေပိ ဥပ္ပန္နံ ရတိ ံ အဘိဘုယျ…” စသည်။

၂၅၁ “ကရုဏုပါယကော …” စသည်။

၁၁။ ဓမ္မ=ဓမ္မပဒပါဠိတော်၊ ပုဒ်စဉ် ၁၈၄၊ နှာ ၄၁ “ခန္တီ ပရမံ တပေါ တိတိက္ခာ”။

၁၂။ ဓမ္မဋ္ဌ ၂=ဓမ္မပဒအဋ္ဌကထာ အတွဲ ၂၊ နှာ ၃၉၉ “ဣဒံ ဣမသ္မိ ံ သာသနေ ပရမံ ဥတ္တမံ တပေါ”။

၁၃။ နတ်ေတိဋီ=နတ်ေတိပ်ပကာရဏဋီကာ၊ နှာ ၁၀၅ “ခန်တီပဓါနတ်တာ သီလဿ”။

၁၄။ ဗုဒ္ဓ-ဋ္ဌ=ဗုဒ္ဓဝံသအဋ္ဌကထာ၊ နှာ ၈၁။ “အစေတနံ၀ ကောဋ္ဋေန္တေ……..ခန္တီပါရမီ” စသည်။

၁၅။ မ ၃=ဥပရိပဏ္ဏာသပါဠိတော်၊ နှာ ၂၄၃ “စူဠကမ္မဝိဘင်္ဂသုတ်”၊ နှာ ၃၃၂-၃၃၃ “ဆဆက္ကသုတ်”။

၁၆။ ဝိ၂=ပါစိတ္တိယပါဠိတော်၊ နှာ ၄၂၄။ “ဥပ္ပန္နာနံ သရီရိကာနံ ဝေဒနာနံ” စသည်။

၁၇။ ဝိမတိဋီ ၁=ဝိမတိဝိနောဒနီဋီကာ အတွဲ ၁၊ နှာ ၉၂ “သတ္တသင်္ခါရေဟိ နိဗ္ဗတ္တာနိဋ္ဌာနခမနဝသေသတပနတော” စသည်။

၁၈။ သာရဋီ ၁=သာရတ္ထဒီပနီဋီကာ အတွဲ ၁၊ နှာ ၄၄၁ “ပရူပဝါဒံ ပရာပကာရံ သီတုဏှာဒိဘေဒဉ္စ” စသည်၊ နှာ ၄၄၂

“သီလပဓါနတ္တာ သီလဿ စ ဝိသေတော ဒေါသော ..” စသည်။

၁၉။ သံ ၁=သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ၊ နှာ ၂၂၃ “ယော ဟေ၀ ဗလဝါ…”။

၂၀။ သုတ္တနိဋ္ဌ=သုတ္တနိပါတ်အဋ္ဌကထာ အတွဲ ၂၊ နှာ ၃၃။ “ ပါပကေ အကုသလေ ဓမ္မေ တပေတီတိ တပေါ”။

1 view0 comments