ဗုဒ္ဓနှင့် စံပြခေါင်းဆောင်မှု


ဗုဒ္ဓနှင့် စံပြခေါင်းဆောင်မှု


9, 6, 2018 Bangkok

ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့ အတွက် မိဂဒါဝုန်တောကို ကြွလှမ်းတော်မူခဲ့ပါတယ်။


အဲဒီမှာ ဗုဒ္ဓက ... "ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။ "လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။


အဲဒါကို သူတို့က သံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့်


တတိယအကြိမ်မှာတော့ ဗုဒ္ဓက ... " ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။ " လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။


ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။

နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။


ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့ ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင် တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။