
ပန်းပြာ (သို့) အပြာရောင်ပန်းကလေး
Updated: Jan 9
ပန်းပြာ (သို့) အပြာရောင်ပန်းကလေး
💙💙💙💙💙💙💙💙💙💙
✍ မိညို ရေးသည်
အခန်း (၂)
ရီရီ ပန်းဆိုင်မှာ မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်လုပ်သည်။ ရီရီ့အပြင် ဆိုင်မန်နေဂျာနှင့်၊ အခြား မိန်းကလေး အချိန်ပြည့် ဝန်ထမ်း ၂ ဦးရယ် ရှိသည်။ ရီရီက နဂိုကတည်းက စိတ်ရှည်တော့ ဝယ်သူတွေ လိုအပ်သည့်အတိုင်း စိတ်ရှည်ရှည်နဲ့လုပ်ပေးသည်။ သူတို့က လိုချင်တဲ့ပန်းပုံစံလေးတွေပြောလိုက်၊ ရီရီက ပြင်ပေးလိုက်။ တစ်ခါ တစ်လေ သူတို့က ဘာပန်းကို ဘယ်လိုပေးသင့်မှန်း မသိတော့တဲ့အခါ ရီရီ က ပန်းအဓိပ္ပာယ်လေးနဲ့ ရှင်းပြပြီး ဝင်စဉ်းစားပေးလိုက်နဲ့ ရီရီ အလုပ်လုပ်ရပေမယ့် ပင်ပန်းတယ်လို့တောင်မထင်ပါ။ ရီရီ ၆လလောက် အချိန်ပိုင်းလုပ်ပြီးတော့ တစ်နေ့မှာ မန်နေဂျာက "ရုံးခန်းခဏလာတွေ့ပါ" ဟု အခေါ်ခံရသည်။ 'ရုံးခန်းခေါ်တယ်ဆိုတော့ သေချာပေါက်အဆူခံရတော့မှာပဲ'။
ရီရီ ဘာအမှားများလုပ်မိလဲမသိ။ ၆လလောက်လုပ်ပြီးပေမယ့် မျက်နှာချင်းဆိုင်မိတဲ့ အချိန်ကို လက်ချိုးရေလို့ရသည်။ စကားပြောဖြစ်သည်ကား ၄/၅ ကြိမ်ထက်မပို။ နာမည်ကိုက ကြက်သီးထချင်စရာကြီး။ "ဘုန်းရှိန်" တဲ့။'
"အော် ရီရီ ထိုင်ဦး။ တရုတ်က ကျွန်တော်တို့ ဆက်ထားတဲ့ ကုမ္ပဏီက ဆက်သွယ်လာတယ်။ ရီရီကို ပန်းအလှဆင်ပညာလေ့လာဖို့ တစ်နှစ် ပို့ပေးပါတဲ့။
"ဗြုန်းစားကြီး ပြောလိုက်သော ဝမ်းသာစရာသတင်းကြောင့် ရီရီ မှာ ပြင်ဆင်ချိန်တောင်မရလိုက်။ ဒီနေရာမှာ အခြားမန်နေဂျာတစ်ယောက်သာဆိုရင် ရီရီရဲ့လုပ်ရည်ကိုင်ရည်တွေကို အရင်ချီးကျူးပြီးမှ သတင်းကောင်းကိုပြောမှာ သေချာသည်။ အခုက တခြားသူမှ မဟုတ်တာ ဘုန်းရှိန် လေ။ ကိုဘုန်းရှိန်က အဲ့လိုလူစားမျိုး။
ရီရီ တရုတ်ကို ပန်းပညာသင်ဖို့ တစ်နှစ်ထွက်သွားပြီး ပြန်လာတဲ့အချိန်က စပြီး ရီရီ ရဲ့ တည်ငြိမ်နေတဲ့ ရေပြင်က လှုပ်ခတ်သွားတော့တာပါပဲ။
တရုတ်ဘက်က ခေါ်တာကိုတော့ ရီရီ ကျောင်းပြီးတဲ့အထိ စောင့်ခိုင်းလို့ အဆင်ပြေသည်။ ရီရီ ကျောင်းပြီးလို့ ဘွဲ့ရပြီးတာနဲ့ တရုတ်ကို ထွက် တော့မည်ဖြစ်သည်။ ဟိုဘက်က ရီရီတို့ ပန်းဆိုင်နဲ့ ဆက်ထားတဲ့ရုံးချုပ်က ရီရီ ကို ပန်းနဲ့ပတ်သတ်တဲ့ အတန်းတွေကို လိုက်တက်ခိုင်းမည်။ ရီရီ တို့ဌာနကို လာဖူးတဲ့ ယူနန် တက္ကသိုလ် ပန်းအလှဆင်ပညာရှင်တွေဆီမှာ အသေးစိတ်လေ့လာဆည်းပူးနိုင်အောင် စီစဉ်ပေးမည်ဖြစ်ကြောင့် အာမခံသည်။
တစ်နှစ်သွားရမည့်ကိစ္စကို သိသိချင်းပဲ ကိုဉာဏ်လင်းကို အသိပေးတော့ ကိုဉာဏ်လင်းလည်း ရီရီ နဲ့ထပ်တူ ဝမ်းသာသည်။ သွားဖို့ကိုလည်း အားတိုက်သည်။ တရုတ်ကို ထွက်ဖို့ ရီရီ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်၊ တရုတ်စကား နည်းနည်း လေ့လာ တာကအစ ကိုဉာဏ်လင်းက ကူညီပေးသည်။ ကိုဉာဏ်လင်းက ရီရီကို အားမလိုအားမရ ဖြစ်၍ အထပ်ထပ် မှာရသော အရာတစ်ခုရှိသည်။
"ရီရီ နင် လူတွေကို အားနာတတ်တာ၊ လူတွေကို အလွန် အလျှော့ပေးတာတို့ကို နည်းနည်းပါးပါးလျှော့နော် ။ ဒီလိုပုံစံနဲ့ ဆိုရင် အနိုင်ယူခံနေရမယ်။"
"ရီရီ က ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပဲ အလျှော့ပေးတတ်တာပါ"
"ဒါဆို ရည်းစားရရင်ရော သူ့ကို အလျှော့ပေးမှာလား။ အဲ့လိုဆိုရင် ရီရီကို သူတစ်သက်လုံးနိုင်သွားလိမ့်မယ်။ ကိုယ်က ချစ်လို့အလျှော့ပေးတာကို ရီရီအကျင့်လို့ ထင်လာလိမ့်မယ်။ ရီရီအလျှော့မပေးဖြစ်တဲ့ တစ်ခါကျရင်တော့ 'ရီရီ ပြောင်းလဲသွားတယ်' ဆိုပြီး အပြစ်တွေ ရီရီ့အပေါ်ပုံချပြီး ရီရီကို ကျော့ခိုင်းသွား လိမ့်မယ်။ အဲ့တော့ နာကျင်ရမယ့်သူက ရီရီပဲ ဖြစ်မှာ"
ကိုဉာဏ်လင်းက အတည်အပေါက်ကြီးနဲ့ သူ့ညီမကို စိုးရိမ်လို့သတိပေးနေသော်လည်း ရီရီက သွားတက်ကလေးများပေါ်အောင်ရယ်၍သာနေသဖြင့် ကိုဉာဏ်လက်းက မကျေနပ်နိုင်။
"ရီရီ ငါအတည် သတိပေးနေတာနော်"
ကိုဉာဏ်လင်း စိတ်ဆိုးတာကို မြင်တော့မှ ရီရီ ကပြန်ဖြေသည်။
"ကိုဉာဏ်လင်းရယ် ရီရီက မိတ်ဆွေသူငယ်ချင်းတွေကိုပဲ အလျှော့ပေးမယ်လို့ ပြောထားတာနော်။ ရည်းစားကို တော့ အလျှော့မပေးဘူး။ လုံးဝပဲ။ ဒီရုပ်နဲ့ ဒီစကားပြောစရာလားလို့ မေးလည်းခံရမှာပဲ။ ရည်းစားကတော့ ရီရီကပဲ နိုင်မှာ။ "
"ရီရီ့ရုပ်က ဆိုးတာမဟုတ်ပါဘူး။ အသားနည်းနည်းညိုနေလို့ အရောင်သိပ်မထွက်ဘူး ဖြစ်နေတာ။" ကိုဉာဏ်လင်းကတော့ အားပေးရှာသည်။
"ရီရီ ရုပ်မဆိုးတာ ရီရီလည်းသိပါတယ်။ အဲ့ဒါကြောင့် ရုပ်ချောတဲ့ ရည်စားကိုရမယ်၊ သူက ရီရီကိုအရှုံးပေးမယ်လို့ ယုံကြည်ချက်ရှိတာလေ"
တစ်ထွာလောက် အကောင်းပြောရင် တစ်တောင်လောက်မြှောက်တက်သွားသည့်ပုံစံဖြင့် ပြန်ပြောတတ်သော ရီရီ ကိုကြည့်၍ ကိုဉာဏ်လင်းတစ်ယောက် ပြန်ပြောစရာစကားမရှိ ရယ်ကျဲကျဲသာ လုပ်နေရတော့သည်။
"ကိုဉာဏ်လင်း မယုံရင် ရီရီ ရဲ့ boyfriend type ကို စာရင်းလုပ်ထားတာကို ပေးခဲ့မယ်လေ။ အကုန်လုံးတော့ ကောင်းတာတွေချည်းပဲ။ အဲ့ပုံစံ မရလို့ကတော့ ရီရီ အပျိုကြီးလုပ်ပစ်မှာ"
"ကိုဉာဏ်လင်းတော့ ဖွင့်ဖတ်ဖြစ်အောင်ဖတ်နော်"။
ရီရီ တရုတ်ကို ထွက်သွားတာ တစ်ပတ်လောက်ကြပြီ။ ဉာဏ်လင်းလည်း မာစတာဆက်တက်ရင်း အချိန်ပိုင်းကျူတာလုပ်ဖို့ စီစဉ်နေသည်။ သူ့ရည်မှန်းချက်ကတော့ မကြာခင်မှာ အကောင်အထည်ပေါ် တော့မည်။ သခ်ျာ ဆရာတစ်ယောက်အဖြစ် တရားဝင်ရပ်တည်နိုင်တော့မည်။
ရီရီ မသွားခင်ပေးထားခဲ့သော မှတ်စုစာအုပ်အပါးလေးကို ဒီနေ့မှ ဉာဏ်လင်း ဖွင့်ဖတ်ဖြစ်သည်။
စာအုပ်ထဲက ပန်းရောင်စာရွက်လေးတစ်ရွက်ထွက်လာသည်။ အနီရောင်စာလုံးဝိုင်းဝိုင်းလေးတွေနဲ့ နံပတ်စဉ်တပ်ပြီး ရေးထားတဲ့ အချက် ၉ ချက်က သေသေသပ်သပ်နဲ့ လှလွန်းနေပါသည်။
" ရီရီ့ ချစ်သူတွင် ရှိရမယ့် အချက်များ"
၁။ ရီရီ့ ထက် အသက်ကြီးရမည်။
၂။ စိတ်ထားကောင်းရမည်။ လူကြီးကို ရိုသေ၊ မိန်းကလေးတွေကို ညှာတာတတ်ရမည်။
၃။ ဥပဓိရုပ်ကောင်းရမည်။
၄။ ငွေရှာတော်ရမည်။
ရီရီလည်းရှာမှာမှန်ပေမယ့် တချို့ပစ္စည်းလေးတွေကို ဝယ်ပေးပါလို့ချွဲပြီး တောင်း ချင်တယ်။
၅။ ကိစ္စတစ်ခုခုကို မဆုံးဖြတ်ခင် "ရီရီ့ကို မေးကြည့်ရဦးမယ်" လို့ပြောနိုင်ပြီး
ရီရီကို အလေးထားတဲ့ သူဖြစ်ရမယ်။
၆။ ရီရီက အခြားသူတွေကို အလျှော့ပေးတတ်ပေမယ့် ရှင်ကတော့ ရီရီကို အ လျှော့ပေးရ မယ်။
၇ ။ စိတ်ကောက်တာကို ရီရီက လုပ်မယ်၊ ချော့ တာကို ရှင်လုပ်။
မုန့်စားတာကို ရီရီ လုပ်မယ်၊ ပိုက်ဆံရှင်းတာကို ရှင်လုပ်။
၈။ အိမ်မှာ အကြီးမ မလို့ မဆိုးနွဲ့ခဲ့ရတာကို ရှင့်ဆီမှာဆိုးမှာမလို့ လူကြီးဆန်ဆန် သည်းခံရမည်။
၉။ အရေးအကြီးဆုံးက အသောက် အစား၊ မူးယစ်ဆေးဝါး ကင်းသူဖြစ်ရမယ်။
ရီရီ...
ရီရီ ရဲ့ boyfriend type list တွေကို ဖတ်ပြီး ဉာဏ်လင်းသဘောကျစွာပြုံးမိသည်။ ဒီကောင်မလေးကတော့ တော်တော်ကိုမနိုင်တာပဲ။ရီရီကို လေဆိပ်လိုက်ပို့တုန်းက တစ်ခါမှမတွေ့ဖူးတဲ့ ရီရီ မျက်နှာက အပြုံးပန်းလေး ညိုးငယ်နေတာကို မြင်ယောင်မိသေးသည်။ အမှန်တော့ ရီရီရဲ့ သူ့အပေါ် မပွင့်မလင်းတဲ့ ခံစားချက်ကို ရိပ်မိခဲ့ပါသည်။ သို့သော် ရီရီ ရဲ့ ငယ်သူမို့ဖြစ်တဲ့ ခံစားချက်ပဲရှိမှာပါဆိုပြီး မသိယောင်ဆောင်ခဲ့သည်။ ရီရီက သူ့အပေါ် ဘာခံစားချက်မှ မရှိတာကို ယုံတယ်လို့လည်းပြောခဲ့ဖူးသည်။ မသိယောင်ဆောင်မယ်၊ လျစ်လျူရှုတယ်ဆိုတာဟာ ဉာဏ်လင်း အရမ်းတော်တဲ့ အလုပ်ပဲလေ။ အဲ့ဒါကို ရီရီက ထွက်မသွားခင် အသိပေးဖြစ်အောင်ပေးသွားပါလား။ ဒီကလေးမလေးတော့ မလွယ်ဘူး။
အခုဆို ရီရီ နိုင်ငံခြားကိုရောက်နေတာ ၁လတောင်ကျော်နေပြီ။ ကိုဉာဏ်လင်းဆီကလည်း အဆက်အသွယ်မရ။ ရီရီပေးခဲ့တဲ့ စာကို ဖွင့်လို့ ဖတ်မှဖတ်ပါ့မလား။ ဖတ်ရင်တော့ ရီရီကို တစ်ခုခု ပြောဖို့သင့်ပြီ။ အော်.. ဖွင့်ဖတ်ပြီး သိသွားလို့ ရီရီ တွေးသလို မတွေးပေးနိုင်လို့ အဆက်အသွယ်ဖြတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ရီရီ ၁ လတောင်မှ စောင့်ကြည့်ပြီးပြီ။ သူ့ဘက်က ဘာမှမထူးတော့ ရီရီလည်း လက်လျှော့သင့်ပါပြီ။
ရီရီ တို့မိန်ကလေးတွေ ဒီလောက်ပဲ တတ်နိုင်ပါတယ် ကိုဉာဏ်လင်းရယ်။ တတ်နိုင်သမျှ အရိပ်အမြွက် ပေးလို့ ဘာမှမထူးရင်တော့ ဒီဇာတ်လမ်းကို ဆက်မကရုံပဲပေါ့။
ရီရီ သူ့ကို သတိရတဲ့စိတ်ကို တတ်နိုင်သမျှမေ့ပျောက်အောင်ကြိုးစားပြီး ပညာလေ့လာတဲ့နေရာမှာပဲ အသုံးချတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ရီရီနဲ့နေတဲ့ အခန်းဖော် တရုတ်မလေး ရှောင်ချိုးက ရီရီကို အဖော်ပြုပေး၊ အပြင်လိုက်ပို့ပေးနဲ့ဆိုတော့ ရီရီနေရတာ ပျော်လာသည်။ အနေများလို့ ရင်းနှီးလာတော့ ရီရီရဲ့ တစ်ဖက်သတ် အချစ်ကို ရင်ဖွင့်မိသည်။ အဲ့ဒီအချိန်မှာ ရှောင်ချိုးက မေးခွန်းတစ်ခုမေးသည်။
"ရီရီ ရဲ့ အားသာချက်ကဘာလဲ သိလား။"
ရီရီ ခေါင်းခါမိသည်။
"ရီရီက ကြည့်လိုက်ရင်တော့ သာမန်မိန်းကလေးပါပဲ။ ဒါပေမယ့် ရီရီနဲ့ အနေကြာလာရင် ရီရီကို စွဲလမ်း သွားအောင် ဆွဲငင်နိုင်တဲ့စွမ်းအားရှိတယ်။"
ဒီတစ်ခေါက်တော့ ရီရီ အားရပါးရ ရယ်လိုက်သည်။
"ဒါမျိုး ဟာသထက် ရယ်ရတာရှိမှာမဟုတ်တော့ဘူး။"
"ရီရီ ရှောင်ချိူး တကယ်ပြောတာနော်။"
"အဲ့ဒီစွမ်းအားက တကယ်ရှိရင်တောင် ကိုဉာဏ်လင်းအပေါ် မသက်ရောက်ဘူးထင်တယ်။"
"အဲဒါ တို့လည်းစဉ်းစားနေတာပေါ့။ သူ ရီရီ ကို ဘာမှမခံစားရဘူးဆိုတာသာ အမှန်ဆိုရင် သေချာတယ် သူက ရုပ်ရည်ကိုပဲကြည့်တာဖြစ်မယ်။"
ဒီတစ်ခါတော့ ရီရီ မရယ်နိုင်တော့ပါ။
ရှောင်ချိုး ပြောတာ မှန်သည်။ရီရီက ပိန်ပိန်ညိုညို ၊ ပုပု ။
ဥပဓိရုပ်က ဘာမှကောင်းတာမရှိ။ ဒီအဆင်နဲ့ ဒီအဆင် မှန်းစရာလားလို့ပြောလည်းခံရမှာပါပဲ။
ရီရီ မျက်နှာပျက်သွားတာကိုမြင်တော့ ရှောင်ချိုးက ကပျာကယာနဲ့ ပြန်ပြောသည်။
"တို့ပြောတာက သူကမမြင်တတ်ဘူးလို့ပြောတာပါ။
ရီရီက မပြင်မဆင် ရိုးနေလို့ နဂိုရုပ်မထွက်ဘူးဖြစ်နေတာ။ ရှောင်ချိုး အာမခံတယ်။ ရီရီ ဒီက ပြန်သွားရင် အဲ့ဒီဉာဏ်လင်း ဆိုတဲ့လူ တဖြုတ်ဖြုတ်ကြွေသွားစေရမယ်။"
ရီရီ့ကို တဖြုတ်ဖြုတ် ကြွေသွားမယ်ဆိုတဲ့ ရှောင်ချိူးရဲ့ စကားကိုတော့ သဘောကျစွာလိုက်ရယ်မိသည်။
"ရှောင်ချိုး ရီရီ အဆောင်ပြန်နှင့်တော့မယ်နော် နေသိပ်မကောင်းလို့"
"အင်း အင်း ရီရီ ဂရုစိုက်ပြီးပြန်နော်"
ရီရီ အတန်းစောပြီးတာနဲ့ ရှောင်ချိုးကို စောင့်မနေဘဲပြန်လာသည်။ လှေခါးအဆင်မှာ ရီရီ ရိပ်ခနဲမူးသွားသဖြင့် လှေခါးလက်ရမ်းကို ဆွဲမည်အပြုတွင် နောက်က တစ်ယောက်က ထိန်းပေးလိုက်သည်။
"ချဲ့ ချဲ့ နီ "
ဟူ၍ ရီရီက ပြောလိုက်တော့
"Are you Myanmar ?"
ဟူ၍ထိုလူက ပြန်မေးသည်။ ထူးထူးဆန်းဆန်း ရီရီ ကို မြန်မာမှန်းတန်းသိတာပါလား ဟုတွေးကာ ရီရီ နောက်သို့ လှည့်ကြည့်လိုက်သည်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ လူငယ်ဆန်ဆန် သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူတစ်ဦး၊ တရုတ်လူမျိုးပုံစံ အစစ်ပါပဲ။
"Ah yes , I am Myanmar"
"ဟား ... ကျွန်တော်မှန်းတာ မမှားဘူးပဲ။ နိဟောင်
ကျွန်တော်လည်း မြန်မာပါပဲ"
ဟုပြောကာ ဟိုလူက လက်ကမ်းပေးသည်။
'နိဟောင်' လို့နှုတ်ဆက်ပြီး ကိုယ့်ကိုကိုယ် မြန်မာပါလို့ မိတ်ဆက်နေတဲ့ တရုတ်မျက်နှာနဲ့ လူကို ရီရီ ကြောင်ပြီးကြည့်နေမိသည်။ နောက်တော့သူက လက်ကို ပြန်သိမ်းပြီး
"အမှန်အတိုင်းပြောရရင်တော့ ကပြားပေါ့။ တရုတ်-မြန်မာကပြား။ ကိုယ့်မြန်မာလူမျိုးတွေ့တော့ ဝမ်းသာသွားလို့ပါ"
ရီရီသည် ဆက်ပြီးရပ်မနေနိုင်တော့အောင်ကို ခေါင်းကထိုးကိုက်လာသဖြင့် ခေါင်းကိုကိုင်၍ တစ်ချက် ညည်းလိုက်လေသည်။
"ဘာဖြစ်တာလဲခဗျာ။ နေမကောင်းဘူးလား။ ကျွန်တော်....."
ရီရီ့ နားမှာ ဘာမျှ သေသေချာချာ မကြားရတော့ပေ။ မျက်လုံးရှေ့မှာလည်း အားလုံးအရိပ်သာသာ တွေ့ရပြီး မကြာမီ မှောက်မိုက်သွားလေသည်။
"ရီရီ နိုးလာပြီလား။ တော်သေးတာပေါ့ ဘာမှ ထွေထွေထူးထူး မဖြစ်လို့။
ရှောင်ချိုးမှာဖြင့် စိုးရိမ်လိုက်ရတာ။"
ဘေးက တရုတ်လို တတွတ်တွတ်ပြောနေသော ရှောင်ချိုး အသံကို ကြားနေရသည်။ မျက်လုံးဖွင့်ခါစ အလင်းရောင်က စူးရှလွန်းနေသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရီရီ ဆေးရုံရောက်နေတာ သိလိုက်သည်။ အော် ရီရီနဲ့လှေခါးမှာ ဆုံခဲ့တဲ့ ကပြားလည်းရှိနေတာပဲ။ ရီရီ ကို ဆေးရုံလိုက်ပို့တာ သူထင်တယ်။ ကျေးဇူးတင်စကားပြောချင်ပေမယ့် စကားမပြောနိုင်။ ဟိုလူငယ်က ခဏကြာတော့ ရှောင်ချိုးကို နှုတ်ဆက်ပြီး ထွက်သွားသည်။
ရီရီ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။ ဆေးရုံဆင်းအဆောင်ပြန်ရောက်တော့ အိမ်နဲ့ ဖုန်းပြောပြီး မေ့မေ့ နဲ့ ညီမလေး အဖိုးကို လွမ်းကြောင့် ပြောပြီး အားရပါးရငိုသည်။ နေမကောင်းဖြစ်တော့မှ အိမ်ရဲ့ နွေးထွေးမှုကို အငမ်းမရလိုချင်သည်။
"ရီရီ ဆရာဝန်ကပြောတယ်။ ဖိအားတွေများပြီး ကိုယ်ပင်ပန်းလို့ ဖြစ်တဲ့လက္ခဏာတဲ့။ ရီရီ ဘာတွေများ အဲ့လောက် စိတ်ဓာတ်ကျစရာတွေရှိနေတာလဲ။ ရှောင်ချိုးကိုပြောနော်။
ဟို ဉာဏ်လင်းဆိုတဲ့ တစ်ယောက်ကြောင့်ပဲလား။"
"သူ့ကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး ရှောင်ချိုးရယ်။ ရီရီက အခုတလော ပင်ပန်းတာတွေနဲ့ ပေါင်းပြီးဖြစ် သွားတာနေမှာ ။ နောက်ဆို ဂရုစိုက်ပါ့မယ် ဟုတ်ပြီလား"
"အဲ့ဒါဆိုလည်းပြီးရော"
"အော် ဒါနဲ့ မနေ့က ရီရီ ကိုဆေးရုံပို့ပေးတာ ဟိုကပြားလား ကျေးဇူးတောင်မတင်လိုက်ရဘူး။"
"ဟုတ်သားပဲ အဲ့ကိစ္စပြောရဦးမယ်။ ရီရီ သူနဲ့ ဘယ်လိုသိတာလဲဟင်။"
"ရီရီနဲ့ မသိပါဘူး။ အဲ့နေ့က ရီရီ ခေါင်းမူးနေလို့ သူက ကူတွဲပေးရုံပါ။"
"ဟုတ်လား၊ မသိပါဘူး၊ ရီရီတို့ အသစ်များတွေ့နေလားလို့။ ဟီး...."
"မဟုတ်တာ။ ဒါနဲ့ သူက မြန်မာလူမျိုးလို့ပြောတယ်။ မြန်မာစကားလည်းပြောတယ်။"
"ဒါပေါ့ သူက မြန်မာလူမျိုးပဲလေ။ အဖေက တရုတ်၊ အမေက မြန်မာ။ သူ့တို့သားကို ကြိုက်တာ ရွေးခွင့်ပေးတော့ မြန်မာလူမျိုးခံယူဖို့ပဲ ရွေးခဲ့တာလေ။ ကျောင်းလည်း မြန်မာမှာတက်ခဲ့တာ။ စီးပွားရေးနဲ့ ပြီးထားတယ်။ မြန်မာပြည်က အသေးစား ကုမ္ပဏီတစ်ခုမှာ သူ့အဖေက ယာယီ ဦးစီးခိုင်းထားတယ်တဲ့။ ဒီ Yunnan Normal University က ဒုပါမေက္ခနဲ့ သူ့အဖေ ဆွေမျိုးမကင်းဘူးလေ။
သူလည်း ဒီကို ရောက်တိုင်း တက္ကသိုလ်ထဲကို လာလာလည်တတ်တယ်။ သူ့ကိုမသိတဲ့သူက ဒီထဲမှာ ခပ်ရှားရှားပဲ။ မြန်မာ နာမည်က 'ထက်အာကာ' တဲ့။ ဒီမှာလည်း သူ့ကို အာကာ လို့ပဲခေါ်ကြတယ်။"
ရှောင်ချိုးတစ်ယောက် ပြောရင်း ပြောရင်းတောင်ပြုံးစိစိနဲ့ ဖြစ်နေတာကိုကြည့်ပြီး ရီရီ မရယ်မိဘဲ မနေနိုင်တော့ပြီ။
" ရီရီ လာပါ။ အတန်းမရှိတဲ့ ရက်လေးသွားရတာ။ အခုရက်ပိုင်း ရီရီ လုံးဝ ပျော်စေရမယ်။
မိန်းကလေးတွေ မပျော်မရွှင်ဖြစ်ရင် ဖြေဖျောက်တဲ့နည်းက ဘာလဲသိလား။ "
ရီရီက ခေါင်းခါပြသည်။
"Shopping လေ။ ဈေးဝယ်ထွက်တာတဲ့၊ လာပါ ရီရီ သွားရအောင် နော် "
"ဟုတ်ပြီ သွားမယ် သွားကြစို့၊ ရီရီ ရဲ့ စိတ်ညစ်မှုတွေကို လွှင့်ပစ်လိုက်တော့မယ်။"
"ရေး .... သွားမယ်..."
ရီရီနဲ့ ရှောင်ချိုး ကုန်တိုက်တွေမှာ အဝတ်ဆိုင်တွေကို ဝင်လိုက်ထွက်လိုက်၊ မိတ်ကပ်ပစ္စည်းတွေ ဝယ်လိုက် နဲ့နှစ်ယောက်သား ပစ္စည်းတွေ တော်တော်လေး ဝယ်ဖြစ်သည်။
"ရီရီ တို့တွေ အရင်ဆုံး ဆံပင်ကစပြီးပြင်ရအောင်။"
"အင်း ပြင်ပေါ့ ။ ရှောင်ချိုးပြင်မှာပဲကို"
"မဟုတ်ဘူး၊ ရီရီကို ပြင်မှာ"
"ဟင်"
"ဒီက အစ်မဆံပင်လေးတွေက ရှည်ပြီး မဲမှောင်နေတာပဲ ။ ညှပ်ရမှာတောင် နှမြှောစရာကြီး"
ဆံပင်ဆိုင်က ညီမလေးက ရီရီ ဆံပင်ကို အားကျစွာပြောသည်။ ရီရီ က ခါးထိ ဝဲကျနေတဲ့ ဆံပင်ကို မညှပ်လို့ မရဘူးလား ဟူသောအကြည့်ဖြင့် ရှောင်ချိုးကိုကြည့်သည်။ ရှောင်ချိုးက မျက်နှာတင်းကြီးဖြင့် ခေါင်းခါပြသည်။
"ညီမ ပခုံးကျော်လောက်ထိတော့ ညှပ်မယ်။ ပြီးရင် စတိုင်လ် ကို လှလှလေးပြင်ပေး"
"ကောင်းပါပြီ မမ "
ရီရီရဲ့ အမြဲတမ်းစည်းထားတဲ့ ဆံပင်တွေကို စတိုင်လ်လေးနဲ့ ဖားလျားချထားလိုက်တော့ မျက်နှာက ပိုကြည့်ကောင်းသွားသည်။ မျက်နှာပေါ်မှာ ဘာမိတ်ကပ်မှ မခြယ်သထားပေမယ့် မျက်ခုံးမွေးက ထူပြီး သေသပ်နေတော့ ဆံပင်ချလိုက်တာနဲ့ ပိုလှသွားသည်။ ရှောင်ချိုးက တစ်ခုခုကို သတိရဟန်ဖြင့် အိတ်ထဲက နှုတ်ခမ်းနီကို ထုတ်၍ ဆံပင်ဆိုင်မှာပဲ ရီရီကို နှုတ်ခမ်းနီဆိုးပေးသည်။
"တွေ့လား ရီရီ။ ရီရီ့ကို နဂိုရုပ်မထွက်တာလို့ ပြောသားပဲ။"
ရီရီ ကတော့ ဆံပင် ပုံစံပြောင်းတာကလွဲ ကိုယ့်ရုပ်ကို အတူတူပဲ မြင်နေရသည်။
"ရီရီ ဒီဟာလေး ဝတ်ကြည့်ပါလား ၊ ရီရီ နဲ့ လှမှာသေချာတယ်။"
"ရှောင်ချိုး မလုပ်ပါနဲ့ ။ အရမ်း မိန်းမဆန်လွန်းနေတယ်။ အတွန့် အတွန့် တွေနဲ့။ ရီရီနဲ့ ကြည့်ကောင်းမှာ မဟုတ်ဘူး။"
"ရီရီက မိန်းကလေးလေ နည်းနည်းလေးမဟုတ်ဘူး။ အများကြီး မိန်းမဆန်ဆန် နေရမယ်။
မိန်းကလေးက မိန်းမ မဆန်ရင် လူမလေးစားဘူး သိလား။
ဘယ်လောက်ပဲ ရိုးရိုးရှင်းရှင်းနေတယ်လို့ ပြောခံရလည်း မိန်းကလေး အရှိန်မရှိတော့ ရိုးရိုးရှင်းရှင်းပဲ အမြင်ခံရမယ်။ ရော့ စမ်းဝတ်ကြည့် "
ရီရီမှာ မငြင်းသာတော့ပေ။
"ကြည့်စမ်း .. ရီရီ ကို တို့ပြောတဲ့ လူကို စွဲမက်စေတဲ့ ဓာတ်ဆိုတာ ဒီဝတ်စုံနဲ့ ပိုပြည့်စုံသွားတယ်။ "
ရီရီက နောက်မှာရှိတဲ့ ကိုယ်လုံးပေါ်မှန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ရှောင်ချိုးကိုလည်း ယုံရတာ မဟုတ်။ ဂျင်းထည့်တာဆို ဘယ့်နှယ်လုပ်မလဲ။
အနီရောင်ဂါဝန် လက်ရှည်၊ ဂါဝန်ကပခုံးကျယ်တော့ ရီရီရဲ့ ညာဘက်ပခုံးနားရောက်နေတဲ့ မှဲ့နက်နက်ကလေးကို အထင်အရှားမြင်နေရသည်။ ခါးစည်းလေးက ရီရီရဲ့ သေးသွယ်တဲ့ ခါးလေးကို ပကတိထင်ရှားစေသည်။ ဆံပင်ဆိုင်က လက်ဆောင်ပေးလိုက်သော ကလစ်အနီရောင်ကို တပ်ထားသော ရီရီသည် မှန်ထဲတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးနှင့်ပင် တူနေသည်။
"တစ်ခုခုလိုနေသေးတယ်ထင်တယ်။ အော်..သိပြီ၊ ဖိနပ်လိုနေတာ။ ခဏလေးနော်"
"ရှောင်ချိုး တော်....ပြီ" ရှောင်ချိုးက မြန်လိုက်တာ။
"ရော့ ဝတ်ကြည့် ။ တော်မှာပါ။
ဟယ်.. ကွက်တိပဲ။ အခုမှပြန်ပြည့်စုံသွားတော့တယ်။ မှန်ကြည့်လိုက်ဦး။ တို့ ပိုက်ဆံသွားရှင်းလိုက်မယ်။ "
ရီရီ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်တော့ အရပ်က သိသိသာသာ ရှည်ထွက်သွားသည်။ နဂိုက ကုတ်ကုတ်ကလေးနေတတ်တဲ့ ခါးက ဒေါက်မြင့်ဖိနပ်ကြောင့် ဆန့်ထွက်သွားသည်။
ရီရီ မှန်ကို ခဏကြာအောင်စိုက်ကြည့်နေတုန်းမှာပင် နောက်က လက်ခုပ်သံကို ကြားလိုက်ရသည်။
"ရှောင်ချိုး ..." ဟုခေါ်ကာ လှည့်ကြည့်လိုက်တော့
"ဟင်..." ...
✍ မိညို
အခန်း ၃ ဆက်ရန်