ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

Updated: Jan 9


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙💙💙💙

✍မိညိုရေးသည်

အခန်း (၁)

"တကယ်တော့ရီရီဆိုတဲ့မိန်းကလေးဟာအပြာရောင်ပန်းလေးတစ်ပွင့်ပါပဲ။"

"အပြာရောင်ရဲ့သဘောသဘာဝက အေးချမ်းတယ်၊ တည်ငြိမ်တယ်။ အပြာရောင်ဟာ ကောင်းကင်နဲ့ပင်လယ် တို့ရဲ့အရောင်လည်းဖြစ်တယ်။အပြာရောင်ကိုနှစ်သက်တဲ့ရီရီကရောကောင်းကင်နဲ့ပင်လယ်လိုနက်ရှိုင်းပြီးနားလည်ရခက်တဲ့မိန်းကလေးတစ်ယောက်လား။"

"ပန်းအလှဆင်ခြင်းအနုပညာဟာ အခူးခံရတဲ့ပန်းကလေးတွေရဲ့သေပြီးသားဘဝကို တစ်ဖန်ပြန်လည် အသက် သွင်းရှင်သန်စေခြင်းတစ်မျိုးပါပဲ" တဲ့။ ပန်းအလှဆင်ပညာရှင်တွေကအဲ့လိုယူဆကြတယ်။

ဒီအဓိပ္ပယ်ကိုအလေးအနက်မထားခင်အထိတော့ပန်းအိုးထိုးတာတို့ဘာတို့ကိုသိပ်အလေးမထားခဲ့ဘူး။

ကိုယ်ပြင်ဆင်လိုက်ရတဲ့ပန်းလေးတစ်ပွင့်လှလှပပလေးနဲ့နည်းနည်းကြာရှည်ရှင်သန်ခွင့်ရပါလားလို့အတွေးကလေးစဝင်လာတော့ ပန်းပြင်ဆင်ရတာတွေကိုနှစ်ခြိုက်လာတယ်။ စကားကြီးစကားကျယ်ပြောရရင် ပန်းအလှဆင် ပညာရှင်ဖြစ်ချင်လာတယ်။ ဒီနိုင်ငံမှာတော့ ပန်းအလှဆင်ပညာရှင်သီးသန့်ရှိတာသိပ်မကြားဖူးသေးပါဘူး။ နိုင်ငံခြားတွေမှာတော့ပန်းအလှဆင်လုပ်ငန်းဟာ တော်တော်လေးကိုခေတ်စားပြီး အောင်မြင်တဲ့လုပ်ငန်း တစ်ခု လို့ဆိုနိုင်တယ်။

ရီရီပန်းအလှဆင်ပညာရှင်ဖြစ်ချင်တယ်လို့အရူးအိပ်မက်စမက်ခဲ့တာတော့

ရန်ကုန်တက္ကသိုလ်ရီရီမြန်မာစာတတိယနှစ်မှာတရုတ်ပြည်ယူနန်တကက္ကသိုလ်ကပန်းအလှဆင်ပညာရှင်တွေကပန်းအလှဆင်ပညာကို၃ရက်တာသင်တန်းပို့ချဖို့ဖြစ်လာတာကစခဲ့တာပဲ။

"ပန်းအလှဆင်ပညာရပ်" တဲ့ ။ စိတ်ဝင်စားတော့တက်ဖြစ်ခဲ့သည်။

စ,စချင်းနေ့ ပန်းအကြောင်းမိတ်ဆက်နဲ့ ပန်းတွေကပြောတဲ့စကား၊ အဓိပ္ပယ်လေးတွေကို ရှင်းပြတဲ့ ပထမနေ့နဲ့တင်ရီရီပန်းသင်တန်းကိုကြွေသွားပါတော့သည်။ပန်းကလေးတွေရဲ့ရည်ညွန်းတဲ့အဓိပ္ပာယ်လေးတွေ၊

ပန်းနဲ့ဖော်ပြလို့ရတဲ့အဓိပ္ပာယ်စသည်ဖြင့်ပြောရင်တော့ကုန်မှာမဟုတ်တော့ဘူး။

ပန်းပညာရှင်ဆရာမကပြောတယ်။

"ပန်းအလှဆင်တယ်ဆိုတာ စိတ်ထွက်ပေါက်တစ်ခုပဲတဲ့။"

တကယ်လည်းဟုတ်ပါတယ်။အဲ့ဒီထဲစိတ်နှစ်ထားလိုက်ရင်တကယ့်ကိုငြိမ်းချမ်းစေတယ်။ပန်းအလှဆင် ပညာရပ်အကြောင်းကိုတော့ရီရီအသေးစိတ်မရှင်းပြတော့ဘူး။ဘာပဲဖြစ်ဖြစ်ပထမနေ့နဲ့တင်ရီရီကြွေသွားပါပြီ။


ပထမနေ့မှာခြင်းတောင်းနဲ့ပန်းထိုးနည်းကိုသင်ပြီးကိုယ်တိုင်ဖန်တီးရတယ်။သိပ်အတော်ကြီးမဟုတ်ပေမယ့် မဆိုးပါဘူး။ ကြည့်ကောင်းပါတယ်။

ဒုတိယနေ့မှာတော့စိမ်းစိမ်းစိုစိုအရွက်လေးတွေ၊နွယ်ပင်လေးတွေနဲ့အပင်ပုံစံလိုမျိုးထိုးရတယ်။သဘာဝကို ဦးစားပေးတဲ့အရှေ့တိုင်းပန်းထိုးနည်း။ဆိုင်တွေမှာအလှထားတဲ့ပုံစံပေါ့။လူပေါင်းတစ်ရာကျော်ရဲ့ပန်းအိုး တစ်ရာကျော်ဟာတကယ့်တောအုပ်လေးလိုစိမ်းစိုနေတာအေးချမ်းလိုက်တာ။ဒုတိယနေ့လည်းသဘာဝတောအုပ်လေးထဲမှာရီရီတော်တော်ကိုကြည်နူးရပါတယ်။


တတိယနေ့ကတော့ပန်းစည်းလုပ်ရတယ်။ နောက်ဆုံးနေ့ပန်းလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတော့ ရီရီကိုယ့်ကိုကိုယ်တောင်သိမ်ငယ်မိတယ်။ပန်းလေးတွေကအရောင်စုံပြီးလှလွန်းနေတော့အသားညိုညိုနဲ့ရီရီကမှိန်နေရတယ်‌လေ။ပန်းသင်တန်းက၃ရက်နဲ့ပြီးသွားပေမယ့်ရီရီရင်ထဲကတစ်စုံတစ်ခုကတော့ကြီးထွားသန်မာလာခဲ့တယ်။


ရီရီရဲ့အနာဂတ်အစီအစဉ်ထဲမှာပန်းအလှဆင်ပညာရှင်ဖြစ်ဖို့ပါပါလာခဲ့တယ်။အမှန်အတိုင်းပြောရရင်ရီရီမှာဝါသနာတော်တော်များသည်။ အဆို၊ အက၊ အတီး၊ အရေး၊ ပန်းချီဆွဲတာကအစ ရီရီဝါသနာ ပါသည်။ တော်တာ၊ မတော်တာ အသာထားဝါသနာကအကုန်ပါသည်။ စာမူဆောင်းပါးလေးတွေရေးပြီး တက္ကသိုလ်မဂ္ဂဇင်းမှာ ပါဖူးတော့အရေးပိုင်းကိုရီရီအားသန်လာခဲ့သည်။ ဆက်လည်းရေးဖြစ်သည်။ အနာဂတ်အစီအစဉ်ထဲမှာလည်း ဆက်ရေးဖြစ်ဖို့ပါသည်။ အခုတော့နောက်တစ်ခုထပ်တိုးသွာပြီ။ ပန်းအလှဆင်ပညာရှင်တဲ့။

နောက်ပိုင်းကျောင်းမှာ အခမ်းအနားတွေပြင်ဆင်လျင် 'ရီရီကပန်းသင်တန်းဆင်း' ဆိုပြီးဆရာမတွေက ပန်းဆင်ဖို့အမြဲခေါ်ကြသည်။ ရီရီကလည်းစိတ်ရှည်ရှည်နဲ့ပြင်ဆင်ပေးဖြစ်သည်။ စိတ်နှစ်ထားလို့လားမသိ၊ ရီရီလက်ရာသိသိသာသာကိုကောင်းသည်၊လှသည်။ ကိုယ့်ဌာနတွင်းသာမက တခြားဌာနတွေထိပါ ရီရီမှာ အကူတွေခေါ်ပြီးလိုက်ပြင်ဆင်ပေးရသည်။ နည်းနည်းကြာလာတော့ တစ်ကျောင်းလုံးဆိုသလို ရီရီ့လက်ရာ ကိုလူသိလာသည်။ အခမ်းအနားတစ်ခုရှိရင် ပန်းဆင်ဖို့ရီရီကိုရှာဆိုတာမျိုးဖြစ်လာသည်။ မအားလပ်တဲ့ကြားက အချိန်လုပြီးပြင်ဆင်ပေးရတာကိုပင်ရီရီကြည်နူးရပါသည်။အတန်းချိန်တွေလွတ်၊ အိမ်စာတွေ မလုပ်ဖြစ်ဘဲ ပျက်ကွက်လာတော့ ကိုဉာဏ်လင်းကရီရီကိုဆူပါလေရော။ စာဂျပိုးရှေ့မှာမှ စာလိုက်မမီ တာတွေပြောမိတဲ့ ရီရီကိုကမှားတာပါ။

ကိုဉာဏ်လင်းကတော့ရန်ကုန်တက္ကသိုလ်၊ သင်္ချာမေဂျာကျောင်းသား။ ရီရီထက်တစ်တန်းကြီးတဲ့ စီနီယာ အစ်ကိုဖြစ်သည်။ ရီရီပထမနှစ်မှာ ဒုတိယနှစ်ကိုဉာဏ်လင်းနှင့် စခင်ကြသည်။ ရီရီတို့နှစ်ယောက် စတွေ့တာကတော့ သူများတွေလို စိတ်ကူးယဉ်ဆန်ဆန်၊ လှလှပပလေးလည်းမဟုတ်၊ သင်္ချာပုံသေနည်းတွေနဲ့ ရီရီကိုခေါင်းမဖော်နိုင်အောင် ပညာပြသွားတဲ့နေ့‌ကပေါ့လေ။

ဖြစ်ပုံကတော့ရသစာတမ်းပြိုင်ပွဲနေ့မှာပေါ့။ ပြိုင်ပွဲဝင်တွေကဖြေပြီးပြန်အထွက်မှာငြင်းခုန်ပြီးထွက်လာကြတဲ့အထဲရီရီလည်းအပါအဝင်ပေါ့။ငြင်းကြတာကဖြေခဲ့ရတဲ့ရသစာတမ်းခေါင်းစဉ်ကြောင့်ဖြစ်သည်။ "တစ်ဖက်သတ်အချစ်" တဲ့။ အချစ်ဒဿနပညာရှင် တွေတောင် ဒီစာတမ်းကိုရှင်းနိုင်မှာမဟုတ်ဘူး။ရီရီနဲ့အတူအတန်းဖော်တို့နှစ်ယောက်သားက ဘာဘာ ညာညာနဲ့ အမြင်လေးတွေပြောဖြစ်ကြသည်။ တစ်ဖက်သတ်ဆိုပေမယ့် ချစ်ပေးတာကြာလာတော့ တစ်ဖက်ကလည်းပြန်ချစ်ချင်ချစ်လာနိုင်ကြောင်းပြောနေကြတော့ဘယ်အချိန်တည်းကနားထောင်နေမှန်းမသိတဲ့လူတစ်ယောက်ကအနောက်ကနေ

"ညီမတို့မှားနေတယ်"

လို့ပြောလိုက်တော့ရီရီတို့နှစ်ဦးသားပြိုင်တူလှည့်ကြည့်လိုက်သည်။


ဥပဓိရုပ်ကောင်းကောင်း၊တီရှပ်အဖြူ၊ဂျင်းဘောင်းဘီနဲ့ဦးလေးကြီးတစ်ယောက်။သူ့ရုပ်မှသူအားမနာရီရီတို့ကိုညီမလေးတဲ့သူမွေးရင်သူ့သမီးလောက်ရှိမယ်ဟုရီရီစိတ်ထဲကပြောမိလိုက်သည်။အမှန်တကယ်တော့ အဲ့လောက်အရွယ်ကျတာလည်းမဟုတ်၊ ရီရီတို့စကားကိုဘလိုင်းကြီးအမှားလာထောက်လို့ အလိုလိုကြည့် မရဖြစ်သွားခြင်းဖြစ်သည်။ အဲ့ဦးလေးကြီးကအလိုက်မသိဘဲဆက်ပြောသည်။

"ဒီကညီမတို့ကအချစ်ကိုသိပ်နားမလည်သေးတဲ့မအူမလည်ပထမနှစ်တွေထင်တယ်"

'ဟယ်ကြည့်စမ်းလူကိုမှိုချိုးမျှစ်ချိုးနဲ့ပြောနေလိုက်တာ'စိတ်ထဲကပဲပြောဖြစ်သည်။တည်တည်တံ့တံ့နဲ့ပြောနေတဲ့ဦးလေးကြီးကိုပေါ်တင်တော့မပြောရဲ။

"ညီမတို့ကသခ်ျာမေဂျာကထင်တယ်။ ဒါကြောင့်အစ်ကို အချစ်ကိုသခ်ျာနဲ့ပြောပြမယ်။ "

'ကြည့်စမ်းသူများကမြန်မာစာပါရှင့်။ ဘယ့်နှယ်ရမ်းတုတ်ပြီးတော့သခ်ျာလို့ပြောရတာတုန်း။ '

ရီရီအသံတော့မထွက်ရဲ။ဘေးကပါလာတဲ့အတန်းဖော်အေးဝင်းကတုန်ပါတုန်နေသေးသည်။

"အချစ်ဆိုတာပေါင်းခြင်းမဟုတ်ဘူး။ အချစ်ဆိုတာမြှောက်ခြင်းပဲ။ တစ်ဖက်ကတန်ဖိုးဘယ်လောက်များ ပါစေ၊ နောက်တစ်ဖက်က သုညဆိုရင်အဖြေကသုညပဲ။ အချစ်မှာလည်းတစ်ယောက်က ဘယ်လောက်ပဲ ပုံအောပြီး ချစ်နေပါစေ နောက်တစ်ယောက်ကပြန်မချစ်နိုင်ရင် အဲ့ဒီအချစ်ကလုံးဝ စလို့ကိုမရတော့ဘူး။ တစ်ဖက်သတ်အချစ် ဆိုတာအဲ့တာကိုပြောတာ။"

သူပြောချင်တာပြောပြီးခပ်တည်တည်နဲ့ထွက်သွားတဲ့ကိုလူချောရဲ့နောက်ကျောကိုကြည့်ရင်းရီရီ ပီတိတေွဝေဖြာ၍ကျန်ခဲ့လေသည်။အပေါင်း၊အမြှောက်ကိုပဲအချစ်နဲ့နှိုင်းပြသွားတာဆွဲဆောင်မှုပေါင်း သောင်း ခြောက်ထောင်လောက်ရှိသည်။ ဖုံးမရဖိမရပြုံးစိစိဖြစ်နေတဲ့ ရီရီကို အေးဝင်းက အံ့ဩတကြီးကြည့်ပြီး ခေါင်း တဆတ်ဆတ်သာခါလေသည်။ ဘလိုင်းကြီး အမှားဝင်ထောက်တဲ့ဦးလေးကြီးက စိတ်ကောင်းနဲ့ကြည့် လိုက်တော့လည်းခပ်ချောချောနဲ့လူကြီးဆန်တဲ့အစ်ကိုကြီးဖြစ်သွားပါလေရော။

'ရုပ်ကအဲ့လောက်ရင့်တာလည်းမဟုတ်ပေါင်။'

နောက်တော့ ရီရီ တမင်တကာ လိုက်စုံစမ်းနေစရာပင်မလိုဘဲ သခ်ျာ မေဂျာက second year ရဲ့ the whole king ကိုဉာဏ်လင်း ဆိုတာ မသိသူမရှိ၊ စာတော်တဲ့ ကျောင်းသားတစ်ယောက်လည်းဖြစ်သည်။ သူ့ဘေးမှာ မေဂျာ Queen တွေလည်း ဝဲလို့၊ မqueen တဲ့ မမတွေလည်း ဝဲလို့။ ဒါပေမယ့် ကိုဉာဏ်လင်းက သိပ်ချေတယ်လို့ သတင်းထွက်တယ်။ လှလှပပ မော်ဒယ်မလေးတွေကို အဖက်တောင်မလုပ်ဘူးတဲ့။


တချို့ ကိုဉာဏ်လင်းကို မနာလို၊ သဘောမတွေ့သူ anti- fan အုပ်စုကတော့

"မျက်နှာလေးဗန်းပြပြီး ဘဝင်မြင့်နေတာ။ တကယ်တော့ ဘာ အဆင့်မှ မရှိတဲ့ တောသားသာသာပါပဲ" လို့ပြောကြသည်။


ကိုဉာဏ်လင်း က နယ်ကနေ ကျောင်းလာတက်သူ ၊ သူတို့လောက် မပြည့်စုံတာ ကို အခွင့်ကောင်းယူပြီး သပုပ်လေလွင့် ပြောသူကြပြောကြသည်။ ထူးတော့ထူးဆန်းသားပဲ။ ကိုဉာဏ်လင်းက အချော အလှလေး တွေကိုသာ ချေတာ၊ သူ့သူငယ်ချင်းမိန်းက‌ လေးတွေက မျက်မှန်ထူကြီးနဲ့ ဝဝတုတ်၊ အသားမဲမဲ မိန်းကလေးတွေ။ သူ့စရိုက်နဲ့ သူပဲလေ။

ရီရီ ပထမနှစ်၊ ဒုတိယနှစ်ဝက် လောက်မှာ ကိုဉာဏ်လင်းနှင့် ရီရီ ရင်းနှီးသွားကြသည်။ ရင်းနှီးကြပုံက နည်းနည်းတော့ ကဗျာဆန်လာသည်။ ရီရီက ပန်းချီဆွဲရ‌တာ ဝါသနာပါ၍ ကျောင်းထဲမှာပဲ ပန်းချီသင်တန်းတက်တော့ ကိုဉာဏ်လင်းလည်း သင်တန်းတက်သည်။ တိုက်ဆိုင်တာလား၊ တမင်တကာလားတော့မသိ၊ ပန်းချီ အချိန် ဒုတိယနေ့မှာ ကိုဉာဏ်လင်း ရီရီ ဘေးမှာလာထိုင်သည်။ ဒီလိုအနီးကပ် ထိုင်ရဖို့ဆိုတာ ဟိုဘက်က မမချောချောလေးတွေရဲ့ အိပ်မက်ပဲလေ။ သူတို့ကိုရှောင်ချင်လို့ ဒီပိန်ပိန်သေးသေး၊ အသားညိုညို ၊ ရွက်ကြမ်းရေကြိုရုပ်နဲ့ မိန်းကလေးဘေးမှာ လာထိုင်တာနေမှာပေါ့ ဟု‌ တွေးမိသည်။ အဲ့ဒီတော့မှ သိလိုက်ရသည်။ ကိုဉာဏ်လင်းက ပန်းချီဆွဲပါ အရမ်းတော်တာကိုး။

မျဉ်းဖြောင့်တောင် ဖြောင့်အောင်မဆွဲနိုင်တဲ့ ရီရီ၊ အလင်းအမှောင် မညှိတတ်တဲ့ ရီရီ၊ ရုပ်လုံးကြွအောင် ဆေးမခြယ်တတ်တဲ့ ရီရီ ကို ဘေးက တစ်ခွန်းစနှစ်ခွန်းစ လိုက်ပြောလိုက်၊ တစ်ခါတစ်ခါ ကိုယ်တိုင် သင်ပေးလိုက်နဲ့ ရီရီတို့ ရင်းနှီးသွားကြသည်။ သူနဲ့ ပေါင်းကြည့်မှ သူများတွေပြောသလို ဘဝင်မြင့်နေတာ၊ ချေနေတာတို့ မဟုတ်ကြောင့် သိလာသည်။

' ကိုဉာဏ်လင်းက မိန်းကလေးတွေကို ဘာလို့ ချေတာလဲ 'လို့ မေးဖူး သည်။

သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့

"မိန်းကလေးတိုင်းကို ချေနေလို့လား၊ ရီရီ ကိုရော ချေနေလို့လား၊ တချို့ လာကပ်တဲ့ မိန်းမချောလေးတွေက ခံစားချက်ပါနေတော့ ကိုယ်ဘက်ကရိုးသားရင် ရှေ့မတိုးသင့်ဘူးထင်လို့ပါ။ ရီရီဆီကကျတော့ မိတ်ဆွေစိတ်ဓာတ်ကို မြင်နေရတယ်လေ။"

ရီရီမှာ ကိုဉာဏ်လင်း အနားကိုရောက်ရင် မသိမသာခုန်တတ်တဲ့ နှလုံးသားကြောင့် မလုံမလဲ တောင်ဖြစ်သွားရသည်။


ရီရီ တတိယနှစ်မှာ ပန်းသင်တန်းတက်၊ ပန်းအလှဆင်ပညာရှင်ဖြစ်ဖို့ ရူးနေချိန်မှာလည်း ဘေးက အားပေးရှာသည်။ ပန်းအကူပြင်ဆင်ပေးဖို့ အချိန်ပေးနေကတော့ ရီရီ အတွက်စိုးရိမ်ပြီး ဆူပါလေတော့သည်။ ရီရီမှာတော့ ရယ်ကြဲကြဲသာလုပ်နေသဖြင့် ခေါင်းခေါက်ခံရသေးသည်။အားတဲ့အချိန် စာမူတွေရေးပြီး မဂ္ဂဇင်းမှာပို့၊ စာမူပါတော့ ရီရီ ရေးတဲ့စာတွေ ပုံနှိပ်စာလုံးလေးနဲ့မြင်ရတာ ဝမ်းသာမဆုံး။ စာဖတ် စာရေးကတော့ ရီရီရဲ့ ပင်ကိုယ်ဝါသနာဖြစ်သည်။ ကိုဉာဏ်လင်းက ရီရီ ရေးတဲ့စာတွေကို ဖတ်ပြီး ဝေဖန်သည် ချီးကျူးသည်။


"ရီရီ က စာရေးဖို့အတွက်များ မွေးဖွားလာသလားထင်ရတယ်။ ဆက်ကြိုးစား ရီရီ"

ဟူ၍လည်း အားပေးသည်။ သူငယ်ချင်းများက ပြောကြသည်။ ရီရီ ကို ကိုဉာဏ်လင်းနဲ့ အရမ်းတူတာပဲတဲ့။ တကယ်လည်းတူပါတယ်။ ခက်ခက်ခဲခဲ အားထုတ်ရတဲ့ မိသားစုဆိုတဲ့ ဘဝက ရုန်းထွက်ပြီး မြို့ရဲ့ နေရာတစ်ခုမှာ အဆင်ပြေပြေ သက်သက်သာသာ ဘဝလေးတစ်ခုရဖို့ ကြိုးစားနေတာခြင်းလည်းတူသည်။


နှစ်ယောက်လုံးက မပြည့်စုံပေမယ့် မပြတ်လပ်တဲ့ ဘဝမျိုးကကြီးပြင်းလာတာချင်းလည်းတူတော့ ခံစားချက် အများစုလည်းတူပြန်သည်။ ဒါကြောင့်လည်း ရင်းနှီးတာပိုမြန်သွားခြင်းဖြစ်လေသည်။

ကံတရားက ရီရီ ကို ထူးဆန်းသော အရာတစ်ခုဖြင့် လှည့်စားလိုက်သည်ဟု ဆိုရမလားပဲ။

ရီရီ ကံဇာတာတွေတက်နေတာများလားမသိ။ ရီရီကို အသစ်စက်စက် ဖွင့်ထားတဲ့ အဆင့်မြင့်ပန်းဆိုင်တစ်ခုက အချိန်ပိုင်း အလုပ်ဝင်ပေးဖို့ တောင်းဆိုလာသည်။ ရန်ကုန်မြို့ကြီးမှာ ပန်းဆိုင် တော်တော်များများရှိသည်။ အခု ရီရီ ကမ်းလှမ်းခံရတဲ့ ပန်းဆိုင်ကတော့ မကြာသေးခင်ကမှဖွင့်ထားသည့် ဆိုင်ဖြစ်သည်။ ပိုင်ရှင်က တရုတ်လူမျိုးတဲ့။ နောက်ပိုင်းမှာ တရုတ်က နည်းပညာတွေနဲ့ ပူးပေါင်းပြီး အဆင်မြင့် ပန်းအလှဆင်လုပ်ငန်းဖြစ်ဖို့ထိ ရည်ရွယ်ထားတယ်ဆိုပဲ။ ရီရီ အိပ်မက်များမက်နေတာလား။ကမ်းလှမ်းခံရတဲ့ ဖြစ်ပုံက ဒရာမာ ဆန်လွန်းပါသည်။ရီရီ တို့ဌာနက အခမ်းအနားတစ်ခုအတွက် ပန်းတွေပြင်ဆင်နေချိန်မှာ ဆရာမတစ်ယောက်ရဲ့တူက သူ့အဒေါ်ကို သတင်းဝင်မေးတာနဲ့တိုးတော့သည်။ သူက ရီရီကို ပွဲအပြင်အဆင် ကို ဟိုကြည့်ဒီကြည့် လုပ်ပြီး ဟိုမေးသည်မေးလုပ်သွားသည်။


နောက်နေ့ ဆရာမက ရီရီကို အချိန်ပိုင်းအလုပ်အကြောင်းပြောတော့တာပဲ။ ဖြစ်ချင်တော့ မနေ့က ရောက်လာသူက ပန်းဆိုင်ရဲ့မန်နေဂျာဖြစ်နေသည်။ ဆရာမကို မေးမြန်းရာကနေ ရီရီက ပန်းသင်တန်းလည်း တက်ဖူးကြောင့်သိသွား၍ ဝန်ထမ်းလိုနေတာနဲ့ ရီရီကို ကမ်းလှမ်းခြင်းဖြစ်လေသည်။ တရုတ်က ကုမ္ပဏီတွေနဲ့ ဆက်ထားတော့ တရုတ်ပန်းသင်တန်း တက်ဖူးတဲ့ သူကို အဆင်ပြေမပြေအစမ်းခန့်ကြည့်ချင်တယ်ထင်ပါရဲ့။ သူတို့က ဘာသဘောနဲ့ပဲဖြစ်ဖြစ် ရီရီအတွက်တော့ သတင်းကောင်းပါပဲ။ ကျောင်းအားတဲ့ အချိန်တွေမှာပဲ အလုပ်ဝင်ရမှာဆိုတော့ ရီရီ့အတွက်လည်းအဆင်ပြေသည်။ ပန်းနဲ့ပတ်သတ်တဲ့အတွေ့အကြုံလည်းရမည်။ ဒီအခွင့်အရေးကိုတော့ ရီရီ လက်လွှတ်မခံသင့်ဘူးမဟုတ်လား။

✍ မိညို

အခန်း ၂ ဆက်ရန်





168 views0 comments