ပန်းပြာ (သို့) အပြာရောင်ပန်းကလေး


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၇)

"သမီးကိုလိုချင်ရင် အမေအိုကို အရင် ချဉ်းကပ်နည်းလေ။ မိန်းကလေးတွေဆိုတာလေ တကယ်တော့ အရမ်းအသည်းနုတတ်ကြတာ။ သူ့အပေါ်‌‌ ကောင်းပေးတာထက် သူ့မိသားစုကို ဂရုစိုက်ပြရင် ပိုကြွေကြတယ်။ သူ့ကိုချစ်ပေးနိုင်သလို သူ့မိသားစုကိုလည်း ဂရုစိုက်ပေးတာမြင်ရရင် မိသားစုဆန်တဲ့ စိတ်ရှိတယ် လို့မြင်တတ်ကြတယ်။ "

"အဲ့လိုလည်း ရတယ်လား ဦးလေး။"

"ရတာပေါ့ကွ၊ မယုံရင် စမ်းကြည့်လေ။ ဒါမှမဟုတ်ရင် ဒီလူကြီးဆီက မင်းဘာစကားချိုချိုလေးတွေ မျှော်လင့် နေတာလဲ။ "

ထက်အာကာ က စဉ်းစားနေဟန်ဖြင့် အသံတိတ်သွားလေသည်။ ဦးဒီပါက အားမရစွာဖြင့်

"ဒီမှာ အာကာ ကိုယ့်မိသားစုအထိပါ လိုက်ဂရုစိုက်ပေး၊ ကောင်းပေးတဲ့သူကို ဘယ်မိန်းကလေးက ရင်မခုန်ဘဲနေမလဲ စဉ်းစားကြည့်လေ။ အာကာ ဆိုရင်ရော အာကာ့ကောင်မလေးက အာကာ့ မိဘတွေကို ဂရုစိုက်ပေးနေရင် အခုချက်ချင်း လက်ထပ် ချင်စိတ်ဖြစ်သွားမယ်လို့မထင်ဘူးလား။

"ဖြောက် ..."

ထက်အာကာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။ အာကာ သဘောပေါက်သွားပြီ။ ပြုံးရွှင်နေသော မျက်နှာက မှိုရထားသလိုပင်။ ဘာစကားမျှ မပြောဘဲ သူ့ဦးလေးကို ဖက်ပြီး မြောက်ကြွ၊ မြောက်ကြွ ထွက်သွားလေသည်။

အေးဝင်း တစ်ယောက် ဒီနေ့ စိတ်မရွှင်လန်းဖြစ်နေဟန်တူပါသည်။ အလုပ်လုပ်ရတာ စိတ်မပါသလိုဖြစ်နေသည်။ ရီရီ မနက်က စကားပြောတော့လည်း ပြန်ဖြေတဲ့ တစ်ခွန်းသာ ထွက်သည်။

အော် ဘာများ စိတ်အလိုမကျဖြစ်နေလဲမသိသောကြောင့် ရီရီ အတင်းစကားလိုက်မပြောသေးဘဲ အဝေးကသာ အေးဝင်းကို အကဲခတ်ကြည့်နေသည်။ ခါတိုင်းလိုပဲ အေးဝင်းက ဖုန်းကို ကိုင်လိုက် ၊ ချလိုက်၊ မျက်နှာပျက် သွားလိုက်ဖြစ်နေသည်။ စာရွက်တစ်ရွက် ဆွဲယူလိုက်တော့ အခြား ဖိုင်တွေပါ အကန့်လိုက်ပြုတ်ကျသွားသည်။ ထိုဖိုင်တွေကို ကောက်၍ ပြန်ထတော့

"အား ကျွတ် ကျွတ် ..".

အေးဝင်းတော့ မသိ။ ကြည့်နေရတဲ့ ရီရီ့မှာ အသံတိုးတိုးထွက်မိသည်။ အေးဝင်းခေါင်းနဲ့ စားပွဲဆောင့်မိသွားတာ အသာလေးမဟုတ်။ ခေါင်းကိုပွတ်ရင်း အေးဝင်းက ကုလားထိုင်မှာပြန်ထိုင်သည်။ အေးဝင်းတစ်ခုခု ဖြစ်နေတာ တော့သေချာနေပါပြီ။

"အေးဝင်း လက်ခံထားတဲ့ အလုပ်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ အေးဝင်းဆီမှာ ဆို။"

" အင်း ရီရီ ။ စားပွဲက ရှာယူလိုက်တော့။ အေးဝင်း သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။"

ဟုပြောကာ အေးဝင်း ထထွက်သွားသဖြင့် ရီရီ အလုပ်ဖိုင်ကို ရှာနေသည်။

"တိန်း ..."

ဖုန်းကထွက်လာတဲ့ messenger က စာတို ဝင်တဲ့အသံ။ အော် အေးဝင်းကလည်း Wi-fi ဖွင့်ထားတယ်ထင်တယ်။ တိန်း ... ဆိုတဲ့ အသံက ထပ်ထွက်လာသည်။ နောက် "တိန်း တိန်း တိန်း " ၃ ကြိမ်လောက်ဆက်မြည်တော့ တိတ်ဆိတ်နေတဲ့ အလုပ်ခန်းထဲမှာ အားနာစရာဖြစ်လာသည်။ ဘယ်သူကများ စာကို တစ်စောင်တည်း မပို့ဘဲ ခွဲခွဲပြီးပို့နေရတာလဲ ဟု တွေးမိသည်။

ရီရီ တစ်ချက်ကြည့်မိတော့ စာတိုဝင်လာ၍ ပွင့်နေသော ဖုန်းက ပိတ်မသွားသေးပေ။'ကိုဉာဏ်လင်းဆီကပါလား။ ဘာတွေအရေးကြီးလို့များလဲမသိ။' ရီရီ အေးဝင်းများထွက်လာပြီလားဟု လှမ်းကြည့်နေစဉ်

'တိန်း...' နောက်တစ်ခေါက်ဝင်လာသည်။ ဒီတစ်ခါတော့ ရီရီဖုန်းကို ကောက်ကိုင်ကာ အရင်ဆုံး vibrate လုပ်လိုက်သည်။ vibrate လုပ်ပြီးတော့ ဖုန်းက ဖွင့်ပြီးသားဖြစ်တဲ့ chat boxသို့ အော်တို ဝင်ပြီးသားဖြစ်သွားသည်။

"ဟင်...

ရီရီ မျက်လုံးများ မှားနေတာလား။ တကယ်လား ။ရီရီ ဖုန်းထဲက စာတို ၃/၄ ကြောင်းကို ကြည့်၍မှင်သက်နေစဉ် အေးဝင်း ကပြန်လာကာ

"ရီရီ ဘာဖြစ်လို့..."

ဟု မေးဖို့ကြံနေစဉ် သဘောပေါက်သွားဟန်တူသည်။ ရီရီ လက်ထဲက ဖုန်းကို ဖက်ခနဲ ဆွဲယူလိုက်သည်။

သူကိုယ်တိုင်လည်း ဖုန်းကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။မျက်စိမျက်နှာပျက်သွားကာ ရီရီ့ကို စေ့စေ့မကြည့်နိုင်တော့ပါ။ ဟိုယောင်သည်ယောင်နဲ့ ရှက်ယမ်းယမ်းကာလှည့်အသွားမှာ စားပွဲနှင့် တိုက်မိကာ ယိုင်သွားသည်။

"အေးဝင်း ဘာဖြစ်သွားသေးလဲ"

"အေးဝင်း.."

ရီရီ ခေါ်သော်လည်း လှည့်မကြည့်ဘဲ လက်ကိုင်အိတ်ကို ကောက်ကာ ထွက်သွားလေသည်။

ရီရီ တွေ့လိုက်ရတဲ့ စာကြောင်းကတော့

"မျက်နှာချင်းဆိုင်ပြီးပြောဖို့က အားနာလို့ပါ"

"အေးဝင် ကိုယ်တို့က မဖြစ်နိုင်ပါဘူး။ "

"အေးဝင်းရဲ့အချိန်တွေကို ကိုယ့်အတွက် အကုန်ခံ မနေပါနဲ့တော့။”

"နောက်ပြီး ကိုယ်တို့မဖြစ်နိုင်တာဟာ ရီရီနဲ့လည်း မဆိုင်ပါဘူး။"

စာကတော့ ဒါပါပဲ။ ဒီစာကို မြင်လို့ ရီရီ မှင်သက်မိတာက လုံးဝ မထင်မှတ်ထားတဲ့ အတွက်ကြောင့်ပါ။ အေးဝင်းကို စိတ်ဆိုးတာလည်းမရှိသလို ဒေါသထွက်စရာလည်းမရှိပါ။ ဒါပေမယ့် အေးဝင်းကတော့ ရီရီ သိသွားလို့ ရှက်သွားတော့မှာပဲ။ အို... ရီရီ ဘာကြောင့်များ ကြည့်လိုက်မိတာလဲနော်။ ရီရီကိုက မှားတာ။

"ရီရီ အေးဝင်းကို တွေ့မိသေးလား။ သူနဲ့ ဆွေး‌နွေးစရာလေးရှိလို့။"

"အော်.. အာ. ရီရီ သူ့ကို အလုပ်ကိစ္စကြောင့် အပြင်ကို လွှတ်လိုက်တယ်။"

ဝန်ထမ်းတစ်ယောက်ရှာတော့ အလုပ်ချိန်ကြီး အေးဝင်း အပြင်ထွက်သွားတာကို မပြောရဲပါ။

"အော် အေးဝင် လာပြီပဲ။ ဟိုတစ်နေ့က ...."

ဘာမှမဖြစ်ဟန်ဖြင့် ပြန်လာသော အေးဝင်းကို ရီရီ ကြည့်ရင်းနဲ့ ဆို့နှင့်လာပါသည်။ မျက်နှာမှာ ပြန်လည်အားတင်းခြင်းဟူသော အဓိပ္ပာယ်က အခြားသူတော့ မသိပေမယ့် ရီရီကတော့ အထင်အရှားမြင်နေရသည်။ ပုံမှန်အတိုင်း အလုပ်ဆက်လုပ်နေသော အေးဝင်းကိုကြည့်ရင်းနဲ့ အလုပ်ပျက်သူ ကတော့ ရီရီ ပါ။

အေးဝင်းတစ်ယောက် ရီရီ ကိုရှောင်နေလေပြီ။ ရီရီရဲ့ အခင်ဆုံးလူတွေနဲ့ ဝေးကွာသွားသလိုခံစားရသည်။ ပုံမှန်ဆို ရီရီက အပေါင်းအသင်းလည်း များများစားစားမရှိလှ။ အခု အလုပ်တစ်ခုတည်းလုပ်နေတဲ့ နေရာမှာတောင် ရီရီ့ကို ဖယ်ခွာထားသလိုခံစားနေရ‌တာ ၂ ယောက်ရှိပြီ။ ရီရီ အထီးကျန်လာသည်။ အလုပ်မှာ မပျော်ဖြစ်လာသည်။

တကယ်တော့ ရီရီကိုမျက်နှာလွှဲနေရတာ ဘုန်းရှိန် လုံးဝမပျော်ပါ။ အေးဝင်းနဲ့ပါ ဘာဖြစ်ထားမှန်းမသိ ခပ်တန်းတန်းဖြစ်နေကာ စိတ်နဲ့ကိုယ်နဲ့ ကပ်ပုံမပေါ်သော ရီရီ ကို မကြည့်ရက်နိုင်တော့ပါ။

"ရီရီ မျက်နှာလည်းမကောင်းပါလား။ နေမကောင်းဘူးလား။"

‌"ဪ ကိုဘုန်းရှိန်ရယ် သတင်းမေးဖော်ရပြီပေါ့နော်။"

ရီရီ ကသူ့ကို တမင်တကာ သတင်းမေးသော ကိုဘုန်းရှိန်ကို မကျေနပ်ဟန်နှင်ပြောလိုက်သည်။

"Sorry ပါ ရီရီ ရာ ။ ကိုယ်လည်းတမင်တကာ ရှောင်နေတာမဟုတ်ပါဘူး။ နှလုံးသား အလိုအရပါ။"

"အော် ရီရီ့ကို အဲ့လောက်တောင် စိတ်နာသွားတယ်ပေါ့လေ။"

စိတ်နာသွားတယ်တဲ့လားရီရီရယ်။ စိတ်နာချင်တာပါ။

"မဟုတ်ပါဘူးရီရီ ရယ်။ ကိုယ် ချစ်ရတဲ့သူကို ချက်ချင်းကြီး မိတ်ဆွေလို ပြန်ဆက်ဆံဖို့ မတတ်နိုင်ရုံပါ။အခုတလော ရီရီ့ကိုကြည့်ရတာ သိပ်မလန်းသလိုပဲ။ ထက်အာကာ လည်း အခုတလော လာကြိုတာ မတွေ့ဘူး။

"အော်.. ကိုထက် နယ်ကို ရောက်နေလို့ပါ။ ပြီးတော့ အမြဲလာကြိုရလောက်တဲ့ အထိလည်းမဟုတ်ပါဘူးရှင့်။"

"ဟုတ်ပါပြီ။ ဒါဆို ရီရီကဘာလို့ စိတ်ညစ်တဲ့ပုံစံပေါက်နေရတာလဲ။"

"အဆင်မပြေတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိလို့ပါ။ အရမ်းကြီးမဟုတ်ပါဘူး။ "

"ဒါပေမယ့် ရီရီ့ ကြည့်ရတာ ပိန်လည်းပိန်သွားတယ်နော်။ ကျန်းမာရေးလည်းဂရုစိုက်ဦး ရီရီ"

"ဟုတ်ကဲ့ပါရှင့်။ ဒါနဲ့ ဘာစိတ်ကူးပေါက်လို့ ရီရီ့ကို စကားကောင်းတွေလာပြောနေတာလဲလို့"

"အခုလိုမျိုး ပြောနိုင်အောင် မနည်းကြိုးစားထားရတာပါ။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က ဦးတည်ချက်တူတဲ့ မျဉ်းပြိုင်တွေလိုပဲ။ ဘယ်တော့မှ ဆုံဖြစ်မှာ မဟုတ်တော့ဘူး။"

"မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကလည်း မိတ်ဆွေကောင်းအဖြစ် အတူတူ ခရီးဆက်လို့ရပါတယ် ကိုဘုန်းရှိန်ရယ်။ ရီရီ့ မေတ္တာက ၁၅၀၀ မဖြစ်ခဲ့ရုံနဲ့ ရီရီတို့ကြားက ၅၂၈ မေတ္တာကို အပျက်စီးခံတော့မလို့လား။"

ခက်တော့တာပဲ ရီရီရယ် ။ ကိုယ်က အစကတည်းက ၅၂၈မှမဟုတ်ခဲ့တာ။ ဒါပေမယ့် ဒီတစ်သက်တော့ ကိုယ်ရှေ့ဆက်မတိုးဖို့ ဆုံးဖြတ်ပြီးသားပါ။ အစကတည်းက လူ့ဘဝဟာ စိတ်ရှုပ် စရာတွေများတဲ့အထဲ ကျွန်တော့် ရဲ့ အချစ်ကြောင့် ရီရီ ကို စိတ်ရှုပ်စရာတစ်ခု ထပ်တိုးမှာကိုမလိုလားပါဘူး။

သတိုးသားနဲ့ သတိုးသမီးက မင်္ဂလာပွဲအပြီးတွင် ရီရီကို လာတွေ့ကာ

"ဒီက ပန်းပညာရှင် မရီရီ ကို အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ အပြင်အဆင်က ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းဖြစ်တဲ့အပြင် ပန်းကလေးတွေရဲ့ အသက်ဝင်မှုက ထပ်ဆောင်းပါတော့ အရမ်း‌ကြည်နူးရပါတယ်။"

"ရီရီ ရဲ့လက်ရာကို သဘောတွေ့တယ် ဆိုရုံနဲ့တင် ရီရီ ဘက်က ကျေးဇူးတင်လှပါပြီရှင့်။"

" နောက် ဖောက်သည်တွေကိုလည်း Hua ကို ညွှန်းပေးလိုက်မယ်ရှင့်"

"အဲ့လိုဆိုရင်တော့ အထူးကျေးဇူးတင်လှပါပြီရှင့်"

"အဟင်း... ရပါတယ် မရီရီရယ်။"

"အော် ဒီက မရီရီ ခင်ဗျာ။ ကျွန်တော်တို့မွေးမယ့် သားသားလေး ၁ နှစ်ပြည့် မွေးနေ့အတွက်ပါ ကြို အလုပ်အပ်ထားမယ်နော်။"

"ရှင့် .. "

ရီရီ ကကြောင်နေစဉ်မှာပင်သတိုးသမီးက ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်သဖြင့် အား... ဟူသော အသံထွက်မှ ရီရီ သဘောပေါက်ကာ ရယ်နိုင်ပါသည်။

ရီရီ ပြန်ထွက်လာတော့ ကိုထက်က ကားဘေးတွင် ရပ်လျက်စောင့်နေသည်။

"ကိုထက်ကို ရီရီ ပြောထားသားပဲ ။ ရောက်ရောက်ချင်း မလာပါနဲ့အုံးလို့။ နားဦးမှပေါ့။"

"ရောက်ရောက်ချင်းလာတာမဟုတ်ပါဘူး။ အိမ်ကိုဝင်ပြီး တရေးတမော အိပ်လို့နားပြီးမှပါ။"

" ဒါဆို ခဏလေးနားပြီး ထွက်လာတာ ဦးလေးတို့က မဆူဘူးလား။ "

"မဆူပါဘူး။ ရောက်မှ မရောက်ခဲ့တာ။"

"ဟင်း ခုဏက အိမ်မှာဝင်နားပြီးပြီ ဆို။"

"အင်း ရီရီ့ အိမ်လေ။"

ကားတံခါးဖွင့်ပေးသဖြင့် တက်ရန်ဟန်ပြင်နေသော ရီရီ ခြေလျှော်ကာ ဟန်ချက်ပျက်သွားလေသည်။

"ဘယ်လို ဘ.. ဘယ်သူ့အိမ်လို့ပြောလိုက်တာ"

"ကဲ... တက်ပါ။ ဘာလို့ အဲ့လောက်အံ့ဩနေရတာလဲ။"

ကိုထက်ပြောပြတော့မှ ရီရီ့ အိမ်ကို သူသွားသွား နေတာ ဒါနဲ့ဆို ဒုတိယ အကြိမ်ဖြစ်ကြောင်းသိရသည်။ အိမ်က လူတွေကလည်း နှုတ်လုံပါ့နော်။ ကိုထက်က မပြောနဲ့လို့ မှာထားတယ်တဲ့။ တစ်ခွန်းမှမဟကြဘူး။ နှစ်ခါပဲတွေ့ရသေးတယ် တစ်အိမ်သားလုံး သူ့ဘက်ပါသွားပြီ။ ဘာတွေနဲ့များ သူ့ဘက်ပါအောင်ဆွဲဆောင်ထားလဲ မသိဘူး။ ဟင်း...

"အေးဝင်း ဒီနေ့အားတယ် မလား။ ရီရီတို့ညစာ အတူတူစားရအောင်"

ရီရီကအေးဝင်းနဲ့ အေးအေးဆေးဆေး စကားပြောချင်၍ ချိန်းလိုက်ခြင်းဖြစ်သည်။ အေးဝင်းက ဘာမျှ ပြန်မပြော၍ သဘောတူကြောင်း သေချာသည်။အေးဝင်း ရီရီကို ရှောင်နေပြီး မကြာခင်မှာ ရီရီ့ရဲ့ ယာယီလက်ထောက် ရာထူးကိုလည်း အခြားတစ်ယောက်ကို အစားထိုးသွားလေသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြသော်လည်း တစ်ယောက်ကို တစ်ယောက် စေ့စေ့မကြည့်နိုင်ကြပါ။

အမှောင်ဖုံးတဲ့ညမှာ တလောကလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။ ဒီနေ့မှာပင် ပတ်ဝန်းကျင်ကလည်း အပ်ကျသံ တောင် ကြားရလောက်အောင်တိတ်ဆိတ်လွန်းလှသည်။ စားပွဲတစ်ခုတည်းပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသော မိန်းကလေးနှစ်ယောက်ကား အရင်တုန်းက အရမ်းခင်ခဲ့တဲ့သူငယ်ချင်းတွေဆိုတာ ယုံချင်စရာ မကောင်းလှပါ။ နှစ်ယောက်စလုံးက ဘာလို့ အားနာတဲ့ ပုံစံဖြစ်နေရတာလဲ။ အမှားလုပ်ထားလို့လား။အေးဝင်းက အမှားလုပ်ထားတာလား။ မဟုတ်ပါဘူး။ ဒါသူ့ရဲ့ ကိုယ်ပိုင် အချစ်ရေးလေ။ ဒါဆို ရီရီ မှားလား။

ကိုဉာဏ်လင်း ရီရီ ကို သဘောကျတာ ရီရီ အမှားလား။ မဆိုင်ပါဘူး။ ဒါဆိုဘာလို့ ဒီအခြေအနေအထိ ရောက်လာရတာလဲ။

အဖြေကတော့ ရင်းနှီးလွန်းအားကြီးတော့ နှစ်ယောက်လုံးက အားနာတဲ့စိတ် ၊ ရှက်ရွံ့တဲ့စိတ် ကြောင့် ပြောစရာစကား ရှာမတွေ့ဖြစ်လာတာ၊ စကားမပြောဖြစ်ကြတော့ အလိုလို ဝေးကွာလာကြတာပါပဲ။

"ငါတောင်းပန်ပါတယ် ရီရီ "

အို ရီရီ ကပြောဖို့လုပ်ထားတဲ့ စကားကို အေးဝင်းအရင်ပြောလိုက်ပြီ။

"အေးဝင်းက ရီရီပြောမယ့်စကားကို ဘာလို့လုသွားတာလဲ" ဟုပြောလိုက်တော့ နှစ်ယောက်သား ရယ်မိသွားသည်။

"အေးဝင်းရယ် တကယ်တော့ တောင်းပန်သင့်တဲ့သူက ရီရီ ပါ။"

"အို မဟုတ်တာရီရီ၊ ရီရီက ဘာကိစ္စတောင်းပန်ရမှာလဲ။ အေးဝင်းသာ အိုးမလုံ အုံပွင့်သွားပြီး ကိုယ်ဟာကိုယ် ရှက်ပြီး ရီရီ ကို စကားမပြောခဲ့တာပါ။"

"မဟုတ်ဘူး အေးဝင်း။ ရီရီ အေးဝင်းစိတ်ကို စောစောသိခဲ့သင့်တာ။ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ပြီး ရီရီ စောမသိခဲ့တာ ရီရီ အ တာပဲ"

ဒီတစ်ခါတော့ အေးဝင်း ငြိမ်ကျသွားသည်။ အေးဝင်းကို ရီရီ က ပိုပြီးအားနာရမည့်လူဖြစ်သည်။

ကိုယ့်သူငယ်ချင်းကို ကိုယ်သဘောကျနေရတဲ့သူက သဘောကျနေမှန်းကို သိသိရက်နဲ့ နေခဲ့ရတာ အေးဝင်းအတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ ကြုံဖူးသူတိုင်း ကိုယ်ချင်းစာမိမှာပါ။

ကိုဉာဏ်လင်း ဖွင့်‌ ပြောမယ့်နေ့ ၊လာကြိုတဲ့နေ့ကဆို ‌အေးဝင်း ဘယ်လောက်များ ရင်နာခဲ့ရမလဲ။ ဖွင့်ပြောမှာကို ရိပ်မိကြောင့် ပြောနေခဲ့သည့် မိမိကိုယ်ကို နောင်တရမဆုံးပါ။

ရီရီအတွက်ကတော့ ကိုဉာဏ်လင်းကို ပြန်မချစ်နိုင်လို့ ငြင်းဖို့ အခက်တွေ့ကြောင့် ညည်းပြခဲ့တုန်းက အေးဝင်း ကတော့ သူ့my day မှာ react များလာပေးမလား ဆိုပြီး ကိုဉာဏ်လင်းကို မျှော်နေခဲ့ရတာကို သဘောပေါက်လာ တော့ ရီရီလည်း အေးဝင်းကို မျက်နှာချင်းဆိုင်ဖို့ တွန့်ဆုတ်သွားခဲ့ရတာပါ။

ဒါပေမယ့် ရီရီ တို့ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် တစ်သက်လုံး ဝေးကွာသွားလိမ့်မယ်။

"တကယ်တော့ ကိုဉာဏ်လင်းကို ရီရီ တရုတ် မသွားခင် ကတည်းက သဘောကျခဲ့ရတာပါ။ "

ဟုပြောကာ မျက်နှာညိုးကျသွားပါသည်။ နောက် အားတင်းကာ

"ရီရီ သဘောကျနေမှန်းလည်း သိတော့ နောက်ဆုတ်ခဲ့တယ်။ နောက်ပိုင်း ရီရီ မရှိတော့ မထင်မှတ်ပဲ ရပ်ကွက်တူနေရပြီး မကြာခဏ ဆုံဖြစ်လာတယ်။ ရီရီနဲ့လည်း အဆက်အသွယ်မရှိတာသိတော့ ရှေ့ဆက် တိုးချင်လာတယ်။ "

ဆက်တိုက်ပြောနေသော အေးဝင်းသည် ခဏရပ်ကာ တစ်ခုခုကို တွေဝေသွားဟန်တူပါသည်။

"ဒါပေမယ့် ရီရီ၊ မိန်းမသားတွေ ရှေ့ဆက်တိုးတယ် ဆိုပေမယ့် ဘယ်လောက်အထိများ အရှက်သိက္ခာမဲ့စွာ ရှေ့တိုးနိုင်မှာလဲ။အရိပ်အယောင်လေးပဲ ပြရတာပေါ့။”

ဒါကိုတော့ ရီရီ ကောင်းကောင်းကြီးသိပါသည်။

“ဒါပေမယ့် သူ့ဘက်က မတုံ့ပြန်ဘူး။ နောက် ရီရီ ပြန်ရောက်လာတယ်။ ရီရီ သူ့အပေါ် မှာ ဘာခံစားချက်မှ မရှိတာသိတော့ အေးဝင်း ပျော်သွားတယ်။

ဒါပေမယ့် သိလာရတာက သူ ရီရီ အပေါ် ပြန်ဆက်ချင်နေတယ်။"

"ဘယ်လို အေးဝင်း ပြန်ဆက်ချင်တယ်ဆိုတာက.."

"အဲ့ဒီတုန်းက အေးဝင်း ဘာလို့နောက်ဆုတ်ခဲ့လည်းသိလား ရီရီ။ သူလည်း ရီရီ့အပေါ်မှာ ထူးခြားတဲ့ ခံစားချက်ရှိတာကို မြင်နေရလို့ပဲ။ ရီရီ့ ဘက်က ရိုးရိုးသားသား လို့ထင်မိတဲ့ အတွက် အဲ့ဒီနေ့ကလည်း ကိုထက်ကို လိပ်စာပြောပြလိုက်မိတာ ရီရီ့ အပေါ်ရော ကိုဉာဏ်လင်း အပေါ်ရော အေးဝင်း အမှားလုပ်မိခဲ့တယ်။"

"ဘယ်လို.. အဲ့နေ့က ကိုထက် ရောက်လာတယ်လား။"

"ဟုတ်တယ်လေ ကိုထက်ပြောမပြဘူးလား။"

"ဟင့်အင်း မပြောဘူး။ ဒါဆို အေးဝင်းက အဲ့ဒီ ကတည်းက ကိုဉာဏ်လင်းရဲ့ခံစားချက်ကို သိနေခဲ့တာလား"

"ရီရီကိုက ကလေးအတွေးမို့လို့ မရိပ်မိခဲ့တာပါ။ နောက်ပြီး ကိုယ်သဘောကျရတဲ့သူကို အကြောင်းပြချက်မရှိ လက်လွှတ်လိုက်ရအောင်အထိ အေးဝင်း မပျော့ညံ့ပါဘူး။"

ဪ ရီရီ နဲ့ ကိုဉာဏ်လင်းရဲ့ ရေစက်က လွန်ခဲ့တဲ့ ၂ နှစ်အထိပဲထင်ပါရဲ့။

"အဲ့တာတွေကို ပြောမနေပါနဲ့တော့ အေးဝင်းရယ်။ အခု ရီရီ တို့သူငယ်ချင်းဆက်ဆံရေးကို ယောက်ျားလေး တစ်ယောက်ကြောင့် ပျက်စီးသွားတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်စေချင်ဘူး။ အဲ့လိုသာ ဖြစ်သွားရင် ရီရီ တို့နှစ်ယောက်ထဲမှာ တစ်ယောက်က မုန်းစရာကောင်းတဲ့ ဗီလိန်မ၊ ကျန်တစ်ယောက်က သနားစရာ‌ကောင်းပေမယ့် အချီးမွန်းမခံရတဲ့ ဉာဏ်နည်းတဲ့ မိန်းမဖြစ်မယ်။ ကိုဉာဏ်လင်းကလည်း မျက်နှာများတဲ့ လူ တစ်ယောက်ဖြစ်ပြီး သူ့ထိန်းသိမ်းလာတဲ့ သိက္ခာတွေ သဲထဲရေသွန်သလိုဖြစ်သွားမယ်။ အပြင်လူတွေက ရေရေရာရာ သိတဲ့ ကိစ္စကိုသာ သိပ်မပြောချင်ကြတာ။ ရေရေ ရာရာမသိ ရမ်းသန်းပြီး ခန့်မှန်း ဝေဖန်ရတာဆို သိပ်ကြိုက်ကြတာ။ ဒီလိုစကားတွေသာ ထွက်လာလို့ရှိရင် ရီရီတို့သုံးယောက်လုံး ဒီထက် ပိုဝေးကွာသွားလိမ့်မယ်။"

"အေးဝင်းလည်း ‌အဲ့လိုမဖြစ်ချင်ပါဘူး ရီရီ။ ရီရီ က အေးဝင်းအတွက် မိသားစုဝင်တစ်ယောက်လိုဖြစ်နေပါပြီ။ ရီရီ ကို အေးဝင်းမဆုံးရှုံးချင်ဘူး။ "

✍ မိညို