ပန်းပြာ (သို့) အပြာရောင်ပန်းကလေး


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၈)

တရှူးရှူးနဲ့ စပ်နေသော ရီရီ ကို ကြည့်ကာ ထက်အာကာ ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထလာသည်။

"ရှူး.. ဟား .. ကိုထက် ရေ ရေ"

ကိုထက်လှမ်းပေးသောရေတစ်ခွကို အကုန်မော့သောက်လိုက်သည်။ မရပ်သေးဘဲ ဆက်စားနေသည်။

"ရီရီ အဲ့လောက်စပ်နေရင် မစားပါနဲ့တော့လား။"

"ရီရီ စားနိုင်ပါတယ် ကိုထက်ရဲ့။"

ရီရီ စားနေသည်ကို ကြည့်ကာ ထက်အာကာလည်း မစပ်ရင်တော့ မြည်းကြည့်ချင်မိသည်။ သို့သော်

စပ်၊ မစပ်တော့မသိ ပန်းကန်အနားကို ကပ်မိရင်တောင် ငရုတ်ကောင်း အပူရှိန် ထိုးသည်။

ကိုထက်က ရီရီ့ကို လာကြိုရင်း လမ်းဘေးက ရခိုင်မုန့်တီဆိုင်မှာ ဝင်စားခြင်းဖြစ်သည်။ ရခိုင်မုန့်တီက ရီရီ အကြိုက်ဆုံး အစားအစာ ထဲက တစ်ခုပဲလေ။ ရခိုင်လူမျိုးနဲ့ ဆွေစပ်မျိုးစပ်ရှိသော ရီရီ သည် အစပ် စားနိုင်သည်။

"ရီရီ ဒီလောက်ထိ အစပ်စားနိုင်မယ်လို့ မထင်ထားဘူး။"

" ရီရီ အစကတည်းက စားနိုင်တာ ကိုထက်လည်းမြင်သားပဲ ။"

" ဒါပေမယ့် အခုဟာက အနံ့နဲ့တောင် စပ်တယ်၊ ပူတယ်။ "

ဟုပြောကာ အစပ်ကြောက်နေသော ကိုထက်ကို ကြည့်ရင်း ရီရီ ရယ်မိသည်။

"ရီရီ တို့က အိမ်မှာလည်း ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး ကို့ ချက်စားကြတယ်။ မုန့်ဟင်းခါး မေ့မေ့လက်ရာဆိုရင် .. ဝါး.. ပြောရင်းနဲ့တောင်စားချင်လာပြီ။ "

" အဲ့လောက်တောင်ကြိုက်တာလား။"

"ဒါပေါ့။ ဒါနဲ့ ကိုထက်ကိုမေးစရာရှိသေးတယ်။"

"ဘာမေးမလို့လဲ မေးလေ။"

"ရီရီ ကိုဉာဏ်လင်းနဲ့ သွားတွေ့တဲ့နေ့က ကိုထက် ရီရီဆီကိုလာတယ်ဆို။ ရောက်လည်းမလာပါလား။"

"အော်.. အစကတော့ သွားမလို့ အေးဝင်ဆီက လှည့်ထွက်လာတာပါပဲ။ ပြီးတော့မှ တွေးမိသွားလို့။"

"ဟင် ဘယ်လိုတွေးမိသွားတာလဲ။"

"ကိုယ် ရီရီကို အရင်ဆုံး စိတ်ဆိုးမိတာတော့ ဝန်ခံပါတယ်။ ကိုယ်ကိုမပြောဘဲ သူနဲ့တွေ့တယ်။ ကိုယ် မကြိုက်တာလည်း သိရဲ့သားနဲ့ပေါ့။"

ရီရီ က ဟင်း ဟူ၍ နှုတ်ခမ်းမဲ့ပြလိုက်သည်။

"ကိုယ့်စကားကို ဆုံးအောင်နားထောင်ပါအုံး။ ကိုယ် ရီရီ ကိုလည်းယုံကြည်တယ်။ ရီရီ ဆုံးဖြတ်ချက်ကို အလေးထားတယ်။ ကိုယ်သာ ရီရီတို့ဆီ သွားလိုက်ရင် ရီရီ ကို မယုံကြည်သလိုဖြစ်သွားမယ်။ ရီရီလည်း စိတ်မဆိုးရင်တောင် စိတ်မကောင်းဖြစ်မိမယ်။ ကိုယ့်ဘက်က ရိုးသားလို့ အသိမပေးဘဲ လုပ်မိတဲ့သူကို ယုန်ထင် ကြောင်ထင်နဲ့ သူခိုးဖမ်းသလို လာလုပ်ရင် ခံစားရတဲ့ စိတ်က ဘာနဲ့မှ ဖော်ပြလို့မရအောင် ဝမ်းနည်းစရာ ကောင်းတာကို ကိုယ်က ကြုံဖူးတော့ ကောင်းကောင်းသိပါတယ်။ အဲ့ဒါကြောင့် မသွားဖို့ ဆုံးဖြစ်ခဲ့တာ။ "

ရီရီကို ယုံကြည်တယ်တဲ့လား။ ဆိုလိုတာက ရီရီ ကိုဉာဏ်လင်း အပေါ်ဘာခံစားချက်မှ မရှိတာ သေချာတယ်ဆိုတဲ့ သဘော။ ရီရီကို ပိုင်စိုးပိုင်းနင်း ပြောစရာလားလို ရန်တွေ့ချင်စိတ်ကိုတောင် အနိုင်ယူပြီး “ယုံကြည်တယ်” ဆိုတဲ့ စကားလေးကို သဘောတွေ့မိတာတော့ အမှန်ပါ။

"ကိုထက် နှင်းရီ ကိုလာရှာတာ ကိစ္စ တစ်ခုခုတော့ ရှိရမယ်။ "

"အော် ကိုယ့်ခယ်မ လေးကို သတင်းလာမေးတာ ကိစ္စရှိမှလားဗျာ့"

"ဒါပေါ့ အမြဲ မမရီနားပဲ ကပ်နေတဲ့သူက နှင်းရီဆီ လာပုံထောက်ရင် မမရီ မသိအောင် ဘာလုပ်ချင် နေလဲမှမသိတာ"

"ဟော့ဗျာ ကိုယ့် ခယ်မလေး ဖြစ်လာမယ့် သူလို့ကို မပြောရဘူး။ လူကဲခတ်တော့ ရှယ်ပဲဗျာ"

"မြှောက်မနေနဲ့တော့။ ပြောမှာသာ ပြောပါ နှင်းရီ အတန်းရှိသေးတယ်။"

"အယ် အဲ့ဒါက နှင်းရီတို့ အိမ်မှာ မကြာမကြာ မုန့်လုပ်စားကြတယ်ဆို။"

"အင်း မုန်တီတို့ မုန့်ဟင်းခါးတို့ ချက်စားဖြစ်တယ်။"

"အဲ့ဒါ ဒီတစ်ခေါက် ချက်စားမယ်ဆိုရင် ကိုထက်ကို ကြိုအသိပေးလို့ပြောမလို့"

"အဲ့ဒါများ မမရီ ကိုပြောလည်း ရရဲ့သားနဲ့ "

"နှင်းရီ ရဲ့ မမရီ က အမြဲ အလုပ်များနေတာလေ။ သူ့ကိုပြောထားလည်း အားကိုးရမှာမဟုတ်ဘူး။"

"မဟုတ်မှ အိမ်ကိုလာနေတာ မမရီ မသိသေးတာတော့ မဟုတ်ပါဘူးနော်။"

"သိပါတယ်။ ကိုယ်ပြောထားပြီးသားပါ။"

"အာ့ဆိုလည်း ပြီးရော။ နှင်းရီ အတန်းသွာတက်ပြီ။"

"မေမေ မနက်ဖြန်အတွက် ရီရီ လိုတာလေးတွေ ဈေးထဲ သွားဝယ်လိုက်မယ်လေ။"

"နေ နေ ရီရီ မေမေပဲသွားလိုက်မယ်။ ပိုပြည့်ပြည့်စုံစုံလေးဝယ်စရာရှိလို့။ "

"ပုံမှန်ထက်ဘာများဝယ်စရာ ရှိလို့လဲ"

"ဒီတစ်ခေါက်ပြည့်ပြည့်စုံစုံလေးဝယ်ရမယ်။ ရီရီ မနက်ဖြန် အလုပ်နားတာပဲ။ အေးဝင်းကိုလည်း ခေါ်လိုက်လေ။"

"အင်း ရီရီ ပြောကြည့်လိုက်မယ်။ အားပါ့မလားတော့မသိဘူး။ "

“ဒေါက် ဒေါက် ဒေါက်”

"နှင်းရီ တံခါးသွားဖွင့်။"

"ဟာ .. မမရီ သွားဖွင့် ။ နှင်းရီ မအားဘူး ဖုန်းသုံးနေတယ်။ "

ရီရီက ဘေးနားက တစ်ရှုးဗူးနဲ့ ကောက်ပေါက်လိုက်တော့ ရှောင်လိုက်တဲ့ အကွက်က တရုတ်သိုင်းကားက မင်းသမီးငိုရလောက်သည်။

"နင် ပဲ မအားဖြစ်နေတာ။ တစ်ပတ်လုံးလည်း ကျောင်းမှာ ဖုန်းပဲ သုံးနေမှာကို မြင်ယောင်နေသေးတယ်။"

နှင်းရီက လျှာထုတ်ပြသဖြင့် ရီရီ က လက်နှင်ရွယ်လိုက်တော့ မေမေ က "ကဲ တော်ကြပါတော့။ မြန်မြန် တံခါးသွားဖွင့် ။"

"ဟင် ကိုထက် ပါလား.."

လက်တွင် ပစ္စည်းများ မနိုင်တနိုင် သယ်လာသော ကိုထက် ကို မြင်တော့ ရီရီမှာအံ့ဩသွားရသည်။

"ပေး ပေး ရီရီ ကူပေးမယ်။"

"အော် သား အာကာ လာပြီလား။"

"ဟုတ်"

"ကိုထက် နှင်းရီ မှာထားတာ ပါလား။"

"ပါ ပါတယ်ဗျာ.."

"ဟိ.. ပျော်လိုက်တာ ။"

"အန်တီ အဘိုးရော နေကောင်းတယ်မလား။"

"ဒီလိုပါပဲ ကောင်းတစ်လှည့်မကောင်းတစ်လှည့်ပေါ့။အေးအေး ဆေးဆေး နေကြ။ အန်တီ စ ချက်လိုက်တော့ မယ်။"

ရောက်လာသည်နှင့် ဟိုမေး၊ သည်မေး ဟိုပြော၊သည်ပြော နေသားကျနေသော ပုံစံပါလား။ တစ်ခါ နှစ်ခါနဲ့ အဲ့လောက်တောင် ရင်းနှီးသွားကြတာလား။ရီရီက အံ့ဩသော မျက်စောင်းကလေးနှင့် နှင်းရီအနားသို့ ကပ်သွားကာ

"နင် ခေါ်လိုက်တာလား။"

"သူက လာမယ်ပြောလို့ပါ။ " ဟုပြောကာ ရီရီ ရှေ့က ထွက်သွားလေသည်။

"အန်တီ ကျွန်တော်လည်း ကူချက်ပေးမယ်လေ။"

"မလိုဘူး သား ရတယ်။ အေးဆေးသွားထိုင်နေ။"

"ဟို .. ကျွန်တော် မုန့်ဟင်းခါး ချက်နည်းလည်း သိချင်လို့ပါ။ ဝိုင်းချက်ပေးရင်း တစ်ခါတည်းသင်လို့ရအောင်။"

"ဟေ ထူးထူးဆန်းဆန်းပါလား။ ကောင်းပြီလေ ဒါဆိုလည်း သင်ရတာပေါ့။...

မုန့်ဟင်းခါး အတွက် အရည်က အရေးအကြီးဆုံးပဲ။ အေး... အဲ့အရည်ကောင်းဖို့ အတွက်ဆိုရင် ပါဝင်ပစ္စည်းတွေကို ရောစပ်တဲ့ အခါ ဂရုစိုက်ရမယ်။"

ထက်အာကာက ဒေါ် ရီရီသန့် ပြောသမျှကို ခေါင်းတစ်ညိတ်ညိတ်သာ နားထောင်နေသည်။ရောက်လာကတည်းက ရီရီကိုတောင် နှုတ်ဆက်ဖော်မရဘဲ အလုပ်ရှုပ်နေသော ကိုထက်ကို ရီရီကလည်း သွားနှုတ်မဆက်ပေ။ မီးဖိုချောင်ရှေ့ ဖြတ်သွားယောင်ဆောင်၍ တစ်ချက်ကြည့်လိုက်တော့လည်း အလုပ်ရှုပ်နေသည်။ နေပေါ့။ ဟင်း..

"ရော့ ငှက်ပျောအူကို ပါးပါးလှီးထား။ သိပ် မထူစေနဲ့ ။ထူလွန်းအားကြီးရင် မုန့်ဖက်နဲ့ မလိုက်ဘဲ ဝါးရတာ မသက်မသာဖြစ်လိမ့်မယ်။ ပြီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ဂျင်းတို့ကို ဟောဒီလို အဆင်သင့် ထောင်းထားရတယ်။ ငါးကြင်းကိုတော့ အခု အန်တီပဲ အရိုးနွှာလိုက်မယ်။ အသေအချာကြည့်ထားနော်။"

ဒေါ်ရီရီသန့်က အနုစိတ်ရှင်းပြနေသည်ကို ထက်အာကာကလည်း ဂရုတစိုက်နားထောင်နေသည်။

"အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုရင် ဆီကိုချက်။ ဆီ အတော်အသင့် ကျက်ပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်တွေကို ထည့်"

အဲ့ဒီမှာတင် ထွက်လာသော အနံ့လေးက ရီရီ တို့ညီမကို နှိပ်စက်လေပြီ။

"ကြက်သွန်က ကြာကြာထားလို့မရဘူး။ တူးသွားရင် အရောင်မဲသွားတတ်တယ်။ ပြီးရင် ငရုတ်နှစ်ကို ထည့်ပြီး ဟော ဒီလိုမွှေ။"

" ဟ ရှိုး... "

ထက်အာကာ သည်းမခံနိုင်ပဲ ထိုအနံ့ကြောင့် နှာချေ တော့သည်။

"ဟား.. ဒါပေါ့ ဟင်းရည်ကောင်းကောင်းထွက်လာမယ့် သင်္ကေတပဲ။ ဟယ်... ဟယ်.. သည်းခံထား ကောင်လေးရယ်။"

ကဲ နည်းနည်း မွှေပြီးရင် ငှက်ပျောအူကိုထည့်ပြီး ထပ်မွှေထားမယ်။

ငှက်ပျောအူ ထဲ အရသာတွေ စိမ့်ဝင်ပြီး နူးညံ့နေအောင်အထိ ကြာကြာလေး မွှေထားမယ်။ ပြီးရင် ရေထည့်ပြီး ကျက်အောင်စောင့်ရုံပဲ။ အကုန်ပြီးသွားတော့ မုန့်ဖက်ကို ပန်းကန်ထဲထည့် အရည်လေးလောင်းလိုက်တော့ ပြီးပည့်စုံတဲ့ မုန့်ဟင်းခါးတစ်ပွဲ ထွက်လာလေရော။ "

ဒေါ်ရီရီသန့်က အပြီးအစီးထည့်ထားသော ဟင်းရည်အိုးကိုကိုတည်ထားကာ ပြောလိုက်လေသည်။

"အော်.. ဒီလိုကိုး။ "

"ကဲ ရပြီလား။"

"မရဘူး"

"ဟေ.. "

"အန်တီ ကျွန်တော့်ကို နောက်တစ်ခေါက်ပြန်ပြောပြပါလား။ ကျွန်တော် ရေးပြီးမှတ်မယ်။

ကျက်အောင်ထားရမယ့် အချိန်လေးပါ ထည့်ပြောပြ။"

"အင်း... ဆီပူအောင်ကျတော့ မီးအရှိန် နည်းနည်းနဲ့ စက္ကန် ၃၀ လောက်ဆိုရပြီ....."

"အန်တီ ရခိုင်မုန့်တီကရော လုပ်ရတာ လွယ်လား။"

"လွယ်တာပေါ့ မုန့်ဟင်းခါးထက်တောင်လွယ်သေးတယ်။ သားကကြိုက်လို့လား"

"ဟယ်.. ဟုတ်တယ် အခုတလော ကျွန်တော် နည်းနည်း ခံတွင်းတွေ့နေလို့။"

"ဒါဆို ရီရီနဲ့ တူတာပေါ့။ ရီရီလည်း သိပ်ကြိုက်တာ။ သူများတွေလို ငါးဖယ်တွေဘာတွေမလိုဘူး။

ပဲကြော်နဲ့ပဲစားတာ။"

သမီးအကြိုက်ကို သတိတရ ပြောပြနေပုံမှာ မေတ္တာပါနေသည်ကိုမြင်ရသည်။

"မုန့်ဖတ်က အတူတူပဲဆိုတော့ ဟင်းရည်လုပ်တာပဲ ကွဲတာပေါ့နော်။"

"အင်း...ဟင်းရည်က မုန့်ဟင်းခါး အရည်လောက် ပျစ်စရာမလိုဘူး။ အရင်ဆုံး ရေနဲ့ ငါးပိကို ကြိုထားရတယ်။

ဒါမှ ငါးပိက အနံ့မထွက်မှာ။ ပြီးတော့မှ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကို ထောင်းထည့် ၊ငရုတ်သီးကို ထောင်းထည့်၊ ကြက်သား‌ကို လည်း နွှာထည့်၊ ပြီးရင် ကျက်အောင်စောင့်ရုံပဲ။

အော် အရေးကြီးတာက အစပ်များဖို့ပဲ။"

ထက်အာကာ ကြက်သီးမွှေးညှင်းများထသွားလေသည်။

✍ မိညို

အခန်း ၉ ဆက်ရန်

6 views0 comments