ပန်းပြာ (သို့) အပြာရောင်ပန်းကလေး


ပန်းပြာ (သို့) အပြာ‌ရောင်ပန်းကလေး

💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၉)

"ကိုထက် ရုပ်ရှင်သွားကြည့်ရအောင်"

ရီရီ့အတွက် ပြောထွက်ဖို့ အင်မတန်ခက်ခဲတဲ့ စကားဖြစ်သည်။ သူငယ်ချင်းထက်ပိုသော်လည်း တကယ်ချစ်သူ အဆင့်မရောက်သေးတဲ့ အမျိုးသားတစ်ယောက်ကို မိန်းကလေးဘက်က ရုပ်ရှင်ကြည့်ရအောင်ဆိုတဲ့ စကားက လူပြောချင်စရာဖြစ်နေလိမ့်မည်။

အမည်ပေးရခက်တဲ့ ဆက်နွယ်မှုလေးကို တစ်ဆင့်တိုးဖို့ကတော့ ရီရီ့အတွက် ခက်ခဲနေပေသည်။ သို့သော် မဖြစ်မနေ ဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရရင်ထိုဆက်နွယ်မှုမျိုးရှိတဲ့ တစ်ဦးတည်းသော ကိုထက်ကိုပဲ အခွင့် အရေးပေးချင်သည်။ဒီလို ခံစားချက်က အချစ်လား၊ ခင်တွယ်မှုလား၊ တွယ်တာတာလား ဆိုတာကို မသေချာ ။

အခုလည်း ရီရီ ကိုယ့်လက်ရာကို ကြည့်ချင်လွန်းအားကြီးလို့၊ သူများတွေ ချီးကျူးလွန်းလို့၊ ပြီးတော့ အဲ့ဒီရုပ်ရှင်ကလည်း အခုတလော အရမ်း ဟော့ ဖြစ်နေလို့ သွားကြည့်ဖို့အတွက် ကိုထက်ကို အရဲစွန့်ပြီး ခေါ်လိုက်ခြင်းဖြစ်သည်။

တစ်ခုခုကို တွေဝေစဉ်းစားနေဟန်တူသည့် ကိုထက်သည် ရီရီ့စကားကြောင့် မျက်နှာက လက်ခနဲ လင်းသွားလေသည်။

"ကိုယ်တို့ First date လို့ဆိုလိုတာလား။"

ဟူ၍ သွားတက်ကလေးများပေါ်အောင် ရယ်လျက် ရီရီ အနားကိုကပ်၍ ပြောလိုက်လေသည်။

ရီရီ ကရှက်ရှက်နှင့် ထက်အာကာရဲ့ ပခုံးကို ညင်သာစွာရိုက်လိုက်သည်။

"ဒါဆို ကိုယ် online က booking လုပ်လိုက်မယ်။"

"ရုံကို ရောက်မှ လက်မှတ်ဖြတ်လည်းရတာကို။"

'အခု ‌အဲ့ဒီရုပ်ရှင်က ရောက်မှ လက်မှတ်ဖြတ်လို့ ရဖို့ မသေချာဘူး ရီရီ ရဲ့။ ထိပ်တန်းစာရင်းဝင်နေတဲ့ ရုပ်ရှင်လေ။"

"ရီရီ ခဏနော်"

ဟုပြောကာ ထက်အာကာ ရုပ်ရှင်ရုံရှေ့ ပေါက်ပေါက်ဆုပ် ဆိုင်မှ ပေါက်ပေါင်ဆုပ် ပူပူလေး နှစ်ဗူး ဝယ်လာသည်။

တစ်ခုကို ရီရီ့ဆီကို အလိုက်တသိကမ်းပေးတော့ ရီရီ လည်းလှမ်းယူလိုက်သည်။ ထို့နောက် ရီရီ တို့နှစ်ယောက် ရုပ်ရှင်ရုံထဲကိုဝင်ကြသည်။

"ဟေ့ ငါတော့ ဒီရုပ်ရှင်ကို ကြည့်ဖို့ အရမ်းစိတ်လှုပ်ရှားနေပြီ။ "

ရီရီတို့ရှေ့က တက္ကသိုလ်ကျောင်းသူ အရွယ်မိန်းကလေး ၃ ယောက်က ရင်ခုန်စွာပြောနေကြသည်။ အော် ရုပ်ရှင်လေးကြည့်ရဖို့ကိုတောင် ရင်ခုန်နေရတဲ့ အရွယ်လေးတွေပါလား။ ဆယ်ကျော်သက်အရွယ် ကျောင်းသူ ဘဝကို သတိရမိသွားသည်။

"ဇာတ်ကားအတွက် ပန်းအလှဆင်ပညာရှင်က တရုတ်ကလို့ ပြောနေကြတယ်"

"ငါလည်းအဲ့လိုကြားတယ်။ တရုတ်က ပညာရှင်ကိုယ်တိုင်လာပြီး တာဝန်ယူတာဆို ဟုတ်ပါ့မလားဟ"

"အဲ့ဒါပြောတာ လက်ရာကလုံးဝ ရှယ်ပဲတဲ့ပြောရင်းတောင် ကြည့်ချင်လာပြီ"

‌လူတချို့ပြောနေကြသော ကောလဟလကြောင့် ရီရီတို့တောင် အံ့ဩကြရသည်။ ဘာတဲ့ တရုတ်က တဲ့လား။ ရီရီ ကိုယ့်ကိုကိုယ် အထင်ကြီးရမှာလား။ ရီရီက အံ့ဩနေသော်လည်း ကိုထက်ကတော့ ပြုံးပြုံးကြီး ရီရီ ကိုသာ လိုက်စနေသည်။

"တရုတ်လူမျိုးတဲ့လား ဒီရုပ်က "

“ကိုထက်နော်"

ရီရီ တို့ ရုံထဲတွင် ကိုယ်နေရာကိုယ်ဝင်ထိုင်ကြသည်။

"ဟဲ့ နင်တို့သိကြလား အဲ့ဒီပန်းအလှဆင်ပညာရှင်က တရုတ်အဖိုးကြီးတဲ့"

"အဟင်း အဟင်း "

ရီရီ ဝါးနေသော ပေါက်‌ပေါက်ဆုပ်များ ပါးစပ်ထဲက ပြန်မထွက်အောင် ပိတ်ထားလိုက်ရသည်။ စကားပြောနေသော မိန်းကလေးတို့သည် လှည့်လာကာ

"အယ့် ဒီက အစ်မ အဆင်ပြေလား"

"ရေယူမလား အစ်မ"

"မလို မလိုဘူး။ ရတယ်ညီမလေး"

ထိုအခြင်းအရာများကို ဘေးကထိုင်ပြီး မျက်စိမပွင့်ရယ်နေသူကား ကိုထက် ပါ။

“ရယ်နေ အဲ့ တရုတ်အဖိုးကြီးဆိုတာ ဦးဒီပါ ကိုပြောတာ နေမှာ"

ဟု ရီရီ က တိုးတိုးလှမ်းပြောလိုက်သည်။

"ဘာမှလည်း မဆိုင်။"

ရုပ်ရှင် စတော့ ရီရီ ရင်တွေ အဆက်မပြတ်ခုန်လာသည်။ ရိုက်ကွင်းတုန်းက ကိုယ့်လက်ရာ ကိုယ်ပြန်ကြည့်ခဲ့တုန်းက ဘာမှ မခံစားရ ။ အခု တစ်နိုင်ငံလုံးက ကြည့်‌နေကြတဲ့ ဝေဖန်နေကြတဲ့ ရီရီ့ လက်ရာ။

"ဝါး..."

ရုပ်ရှင်ရုံတစ်ခုလုံး အံ့ဩသံများထွက်လာသည်။

ရုပ်ရှင်အတွက် ပထမဆုံးရီရီ ဖန်တီးထားရသည်က မင်းသားနှင့် မင်းသမီး ရဲ့ ရိုမက်တစ် ဆန်ဆန် အကြည့်ချင်းဆုံနေတဲ့ အခန်းအတွက် ပင်ဖြစ်သည်။ ဇာတ်သိမ်းခန်းကို ပထမဆုံးဖော်ပြထားသည့် အဆုံးက စသည့် ရုပ်ရှင်မျိုးဖြစ်သည်။ သူတို့နှစ်ဦးရဲ့ ခံစားချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ရသည်။ ဇာတ်ကားတစ်ခုလုံး လောကဓံ ကိုအံတုရင်း ရှင်သန်ခဲ့ရတဲ့ မင်းသမီးကို ကိုယ်စားပြုတဲ့အနေနဲ့ ဗေဒါတွေပြည့်နေတဲ့ ရေကန်ရယ်။

နောက်ဆုံးတော့ ငြိမ်းချမ်းစွာ နေထိုင်သွားရမယ့် နိမိတ်အဖြစ် တိမ်ကင်းစင်တဲ့ အပြာရောင် မိုးကောင်းကင်ကြီးရယ်။ တောသဘာဝအရ လွတ်လပ်စွာပေါက်ဖွားရှင်သန်နေကြတဲ့ အစိမ်းရောင်မြက်ပင်လေး များကို မညီတညီ ပြင်ဆင်ထားပုံမှာ လည်း အသက်ဝင်လှသည်။ဂန္ဓမာပန်းစီခြယ်ထားသော လမ်းလေးကြား မှာ ပျားပိတုန်းလေးတွေ ဝဲနေသည်ကအစ လှပလွန်းနေသည်။ ပထမဆုံး မြင်ကွင်းမှာပင် ရင်သပ်ရှုမောဖွယ်ကောင်းလွန်း၍ ပရိသတ်များက အသံထွက်အောင်အထိ အံ့ဩသွားကြရသည်။

"ရီရီ ရဲ့ အသက်သွင်း‌လိုက်တဲ့ ပန်းကလေးတွေက ရုပ်ရှင်ထဲက နောက်ခံ တေးသွားနဲ့ အတူ စကားပြော နေသလိုပဲ။ အဲ့ဒါကြောင့် ပြောတာ ရီရီ့ နှလုံးသားက သိပ်ပြီးနူးညံ့တယ်။ အနုပညာ အတွက်ပဲ ထိုက်တန်တဲ့ အဖိုးတန် နှလုံးသားလေးလို့။ ကိုယ် ကတော့ ခြွင်းချက်ပေါ့။ "

ရီရီ ကတော့ တစ်ကွက်မှ အလွတ်မပေးနိုင်ဘဲ တိတ်ဆိတ်စွာ ငေးနေမိသည်။

"ဘယ်လိုလဲ ရီရီ။ အောင်မြင်မှုရဲ့ အရသာက ချိုရဲ့လား။"

"အောင်မြင်မှု .."

"ဟုတ်တယ်လေ အခုရီရီ အောင်မြင်တာပဲလေ။"

"ရီရီ ပြင်ဆင်ပေးလိုက်ရတဲ့ ရုပ်ရှင်က လူကြိုက်များရုံလောက်ပါ။ ဒီလောက်နဲ့ အောင်မြင်တယ်လို့ ဆိုနိုင်လို့လား။"

"ကိုယ့်အ‌လုပ်ကို လူအများ အသိအမှတ်ပြုရင် အောင်မြင်တာပဲ ရီရီ ။ အထူးသဖြင့် ကိုယ့်အတွက်တော့က ရီရီက အရာရာအောင်မြင်နေတဲ့ မိန်းကလေးတစ်ယောက်ပဲ။"

ရီရီတို့ ရုပ်ရှင်ပြီး၍ ပြန်ထွက်လာတော့ ပရိတ်သတ်တွေရဲ့ ချီးကျူးစကားများကို ကြားနေရဆဲဖြစ်သည်။

ကိုထက်ရဲ့ အပိုပြောနေသော စကားများကို နှုတ်ခမ်းလေးမဲ့ကာ မျက်စပစ်လိုက်သည်။

"ကိုယ်တကယ်ပြောနေတာ ရီရီ ။ ရီရီက professional အလုပ်မှာလည်း အောင်မြင်တယ်။ ရီရီ့မိသားစု အတွက်လည်း ရီရီဟာ အောင်မြင်တယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် ကိုယ့်နှလုံးသားကို ကြွေဆင်းအောင် လုပ်တဲ့နေရာမှာ အအောင်မြင်ဆုံးပဲ။"

ရီရီ သဘောကျစွာဖြင့် ရယ်လိုက်သည်။

"လက်စသတ်တော့ ကိုထက် ကရီရီကို ပိုးပန်းနေတာပေါ့။ "

ထက်အာကာ၏ မိဘနှစ်ဦးဖြစ်သော ဦးကျော်အာကာနှင့် ဒေါ် မိုးမြင့်သူ တို့သည် မရွှင်မလန်းသော မျက်နှာမှာ စိုးရိမ်ပူပန်မှုများထင်ဟပ်လျက် မနက်စာကို စိတ်မပါလက်မပါစားနေကြသည်။

"ကျွန်မ သား ကို သမီးရီရီ ကို အသိပေးဖို့ ပြောကြည့်ပေမယ့် သားက ဘာမီပြန်မပြောဘူးရှင့်။ဒီပုံအတိုင်းဆိုရင် ရီရီကို အသိပေးမယ့်ပုံမပေါ်ဘူး။"

"ဒါဆို ကိုယ်တို့ပဲ သွားပြောပြလိုက်ရင်‌ ကောင်းမလား။"

"ပါး သားကိစ္စကို သားကိုယ်တိုင်ဆုံးဖြတ်ပါ့မယ်။ ပါးပါးနဲ့ မားမား စိတ်ပူမနေပါနဲ့။"

ဘယ်တုန်းကတည်းက ရောက်နေမှန်းမသိသော ထက်အာကာ က မိဘနှစ်ယောက်စကားကို ကြားသွားလေသည်။

"ဒါဆိုလည်း ကောင်းပါပြီ သားရယ် ။ ဘာပဲဖြစ်ဖြစ် သား ရီရီကို အသိပေးသင့်တယ်လို့ထင်တယ်။မားမားက မိန်းမသားချင်း ခံစားချက်ကို ကိုယ်ချင်းစာလို့ပြောတာပါ။"

ပြန်လှည့်ထွက်စွားရန်ဟန်ပြင်သော ထက်အာကာကို မားမားက တစ်ခုခုကိုသတိရဟန်ဖြင့်

"အော် သား မနက်ဖြန် ဆေးရုံသွားဖို့ မမေ့နဲ့နော်။"

ဟု လှမ်းပြောလိုက်သည်။

"ဒါဆို အာကာ က စင်ကာပူ သွားဖို့ဆုံးဖြတ်ပြီးပြီလား။ "

"သွားမှဖြစ်မှာလားဆရာ"

"အာကာ့ မိဘတွေက သွားစေချင်တယ် ။ ဆရာလည်းသွားစေချင်တယ်။ ဟိုမှာက ပိုစိတ်ချရတယ်လေ။"

"စိတ်ချရသလို လွဲချော်နိုင်တာလည်းရှိတယ်မလား။"

"ဒါပေမယ့် ရာခိုင်နှုန်းနည်းပါတယ် အာကာရာ။"

"တကယ်လို့ ကျွန်တော်တစ်ခုခုဖြစ်သွားရင် ကျွန်တော်ချစ်တဲ့သူတွေကို မတွေ့လိုက်ရမှာ၊ ကျွန်တော့်ကို ချစ်တဲ့သူတွေ ကျွန်တော့်ကို မတွေ့လိုက်ရမှာ ..."

"အာကာ မင်းချစ်တဲ့သူတွေ၊ မင်းကိုချစ်တဲ့သူတွေအတွက်ပဲ မင်းသွားရမယ် အာကာ ။ တစ်ခုခုဖြစ်သွားရင် ဆိုတာက အာကာ အတွေးလွန်နေတာပါ။ပြီးတော့ အာကာ့ ကျောက်ကပ်က အစားထိုးမှဖြစ်မှာ။ အချိန်ဆွဲ လို့မရဘူး။ "

"အော် အေးဝင်း ဝင်လာလေ။"

အေးဝင်း ထက်အာကာ အထိတ်တလန့်လှည့်ကြည့်မိသည်။

"အော် တော်ပါသေးရဲ့။"

"ဘာဖြစ်လို့လဲ အာကာ "

"မ... မဟုတ်ပါဘူး။"

‌ဆရာဝန်ဆီ ဆေးလာယူသော လူနာစောင့် နာမည် အေးအေးဝင်းကို အေးဝင်း ဟု ကြားလိုက်ခြင်းဖြစ်သည်။

ရီရီကို ပြောပြရင်ကောင်းမလား၊ ပြောပြလိုက်ရင် ရီရီ စိတ်ညစ်သွားမှာကိုလည်း မလိုချင်။ မပြောပြဘဲ တိတ်တဆိတ်ထွက်သွားလိုက်ရင် ရီရီ ပို စိတ်ဆိုးသွားမလား။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် မပြောဘဲ သွားတာမှပိုကောင်းမယ်။ စိတ်ဆိုးတဲ့ စိတ်နဲ့ အမြန်မေ့ပျောက်နိုင်မယ်။ ချီတုံချတုံဖြစ်နေသော စိတ်ကြောင့် စင်ကာပူ ကိစ္စပြောဖြစ်ရင် အမြဲ ကျောမလုံသလိုခံစားရကာ ထိတ်လန့်နေရသည်။

"အေးဝင်း ရီရီတို့အိမ်မှာ မနက်ဖြန် ရခိုင်မုန့်တီ ချက်စားမယ်။ အေးဝင်း အားရင် လာခဲ့ပါလား ။ "

"အေးဝင်း ကြည့်အုံးမယ် ရီရီ ။ အားရင်တော့ လာခဲ့မယ်။"

"Ok"

"သားအာကာ စားစားများများစား ။ သားကြိုက်တယ်မလား ။ "

"အမေ ကိုထက် အလကားပြောနေတာ ။ သူ အစပ်မစားနိုင်ဘူး။"

"မ... မဟုတ်ပါဘူး။ စားနိုင်ပါတယ်။ စားမယ် အန်တီ စားမယ်။ "

အမေစိတ်ချမ်းသာအောင် သည်းခံပြီးစားနေသော ကိုထက် ကိုကြည့်ကာ ရီရီ စိတ်မချမ်းသာနိုင်ပါ။

ရီရီတို့ နှစ်ယောက်အတွက် အရေးကြီးတဲ့ ကိစ္စ တစ်ခုကို ကိုထက်က ရီရီကို မသိစေချင် ။ သို့သော် မထင်မှတ်ပဲ ရီရီ သိလိုက်ရသည်။ ကိုထက်ဆီကတော့ မဟုတ်။ ကိုထက်က ဘယ်လိုတွေးပြီး ရီရီ ကို ပြောဖို့ ဆုံးဖြတ်ထားတာလား၊ မပြောဖို့ ဆုံးဖြတ်ထားတာလား ကို ရီရီ သိချင်သည်။ အဲ့ဒီအပေါ်မှာပဲ ရီရီဟာ ကိုထက်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို ရီရီ သိနိုင်မည်ဖြစ်သည်။

လွန်ခဲ့‌သောတစ်ပတ်က ဦးဒီပါ က ရုတ်တရက် တွေ့ဖို့ပြော၍ ရီရီ သွားတွေ့ခဲ့သည်။ အဲ့ဒီတော့မှ ကိုထက်ရဲ့ ကျောက်ကပ် ပျက်‌စီးနေပြီ ဖြစ်ကြောင်း၊ စင်ကာပူကို သွားဖို့၊ မသွားဖို့ ကို စဉ်းစား ဆုံးဖြတ်နေကြကြောင်း၊ သွားမှ ဖြစ်မယ့်အကြောင်း၊ တကယ်လို့ ကိုထက်က မသွားဖို့ဆုံးဖြတ်ခဲ့လျှင် ရီရီကို သွားဖို့ကို တိုက်တွန်းပေးစေ လိုကြောင်း အသိပေးခဲ့သည်။ ထိုပြီးခဲ့သည့် တစ်ပတ်လုံးလည်း အလုပ်အကြောင်းပြကာ ရီရီ ဆီ သိပ်မလာဖြစ်ပါ။ တကယ်တော့ သူ ဆေးရုံသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးနေရကြောင်း ရီရီ သိပါသည်။

ဒီနေ့တော့ မေမေဖိတ်၍ ရီရီ့ အိမ်မှာ မုန့်တီ လာစားခြင်းဖြစ်သည်။

ကိုထက်စိတ်ထဲမှာလည်း တွေဝေ နေဟန်တူပါသည်။ ကိုထက်ကိုယ်တိုင်မပြောသေးသရွေ့ရီရီလည်း မပြောဟု ဆုံးဖြတ်ထားသည်။

"Hello မောနီးပါ ကိုထက် ဦးဒီပါဆီလာတာလား။"

ဦးဒီပါ ရုံးခန်းသို့ လျှေက်လာသော ထက်အာကာကို အေးဝင်းက နှုတ်ဆက်လိုက်၍ ခေါင်းညိတ်ပြသည်။

"မေနီးပါ အေးဝင်း ။ အစောကြီးပါလား။ "

"အေးဝင်း လုပ်စရာလေးရှိလို့ပါ။ "

ထက်အာကာ ဦးဒီပါ ရုံးခန်းထဲဝင်သွားတော့ ရီရီလည်းရှိနေသည်။

"ဟာ ရီရီလည်း အစောကြီးရောက်နေပါလား။"

"အေး အာကာမင်းအစောကြီးရောက်ချလာတာ ရီရီ ရဲ့ သတင်းထူးကို အရင်ဆုံးကြားခွင့်ရသွားပြီ။"

"ဟုတ်လား မျက်နှာအမူအရာတွေကြည့်ရရင်တော့ ကောင်းတဲ့ သတင်းထူးပဲဖြစ်မယ်ထင်တယ်။"

ဦးဒီပါရော ရီရီ ပါရယ်လိုက်ကြသည်။

"ဒါဆိုလည်း အချိန်ဆွဲမနေနဲ့တော့ဗျာ။ မြန်မြန်သာပြောပါတော့ " ဟုပြောကာ ရီရီဘေးမှာ ဝင်ထိုင်လိုက်သည်။

"မင်းရဲ့ ရီရီက မကြာခင် cele ဖြစ်တော့မယ်။"

မင်းရဲ့ ရီရီ တဲ့လား ။ ထက်အာကာ့ ရင်ထဲမှာ နွေးထွေးသွားသည်။

"ကဲ ဟုတ်ပါပြီ ဦးလေးရာ ဦးလေးမပြောလည်း ကျွန်တော် ရီရီ ကိုပဲ ပြောခိုင်းတော့မယ်။ ကဲ ရီရီ ရဲ့ သတင်းထူးကို ရီရီ ကိုယ်တိုင်ပဲ ပြောတော့။"

ရီရီ ဦးဒီပါကို ကြည့်လိုက်တော့ ပြုံး၍ ခေါင်းညိတ်ပြသည်။

"ဒီလို ကိုထက်ရဲ့။ ရီရီကို မှော်ရုံတော ရဲ့ ပန်းပညာရှင်အဖြစ် လူလုံးထွက်ပြဖို့ တောင်းဆိုလာတယ်။ သတင်းဌာန တစ်ခုကလည်း အင်တာဗျူးဖို့ ပြောလာတယ်။ အဲ့တော့ ရီရီ တို့ ကုမ္ပဏီ ပုံရိပ်လည်း ကြီးလာမယ်လေ။ တကယ်တော့ ရီရီ ရဲ့ သတင်းထူးမ‌ဟုတ်ပါဘူး။ ဒီကုမ္ပဏီရဲ့ သတင်းကောင်းပါ။"

"အော် ဆိုလိုတာက မှော်ရုံတော ရဲ့ ပန်းပညာရှင်ဟာ တရုတ်အဖိုးကြီးမဟုတ်ဘူးဆိုတာကို ဖော်ထုတ်ပြတော့ မယ်ပေါ့။"

"ကိုထက်နော်."

"အလကား စတာ ။ကိုယ် ရီရီ အတွက် ဝမ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒီအခွင့်အရေး ကိုတော့ ရီရီ လက်လွှတ်မခံသင့်ဘူး။"

အောင်မြင်မှုရဲ့ အသီးအပွင့်လေးတွေကို ခံစား၍ ချိုမြိန်နေသော ရီရီကို ငေးကာ ထက်အာကာ မိမိကိစ္စကို ထုတ်ပြောဖို့ တွေဝေသွားပါသည်။ အခုလို ပျော်နေတာလေးပဲ မြင်ချင်ပါတယ်ရီရီရယ်။ ကိုယ့်ကြောင့် တစ်ခဏဖြစ်ဖြစ် ဝမ်းနည်းသွားမှာကို မလိုလား။

ရီရီ ရဲ့ မရွှင်ပျတဲ့ စိတ်ကို ဖုံးဖိ၍ ထွက်လာသော အယောင်ဆောင် အပြုံးများကို ငေးကာ ကိုထက် တစ်ယောက် သူ့အကြောင်းကို မပြောဖို့ဆုံးဖြတ်ထားသည်ထင်ပါရဲ့။ အဲ့လိုသာ လုပ်လိုက်မယ်ဆိုရင် ကိုထက်လည်း

ကိုဉာဏ်လင်းနဲ့ အတူတူပဲလို့ ရီရီ ခံစားရလိမ့်မည်။ တစ်ဖက်သတ်ပဲ ဆုံးဖြတ် ၊ တစ်ဖတ်သတ် အနစ်နာ ခံပေးပြီး နောက်ကျမှ သူတော်ကောင်းလာလုပ်၍ ဘာထူးတော့မည်နည်း။

ရီရီ ကို နားလည်ရခက်တဲ့ မိန်းကလေးလို့ထင်ချင်ရင်လည်း ထင်လိုက်ပါတော့။ အရေးကြီးတဲ့ ကိစ္စတွေကို တိုင်ပင်ဖော်မရဘဲ လျို့ဝှက်ထားမယ်ဆိုရင်...။

ရီရီ ပျော်နေတာကို ပီတိဖြစ်‌သော အပြုံးများနဲ့ ကြည့်နေသော ကိုထက်ကို ရီရီ ကတော့ အားမရစွာ၊ ဂရုဏသက်စွာ ဖြင့် ကြေကွဲစွာကြည့်နေရပါသည်။

✍ မိညို

ဇာတ်သိမ်းပိုင်း ဆက်ရန်

10 views0 comments