ပန်းပြာ (သို့) အပြာရောင်ပန်းကလေး



ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၁၀) ဇာတ်သိမ်းပိုင်း

"ဒါဆို ရီရီ့ဘက်ကရော ရီရီ သိနေတာ ကိုထက်ကို ပြောဖို့ စိတ်ကူးမရှိဘူးလား။ ဒီအတိုင်း စိတ်ကြီးတတ်တဲ့ ရီရီ တို့နှစ်ယောက်ရဲ့ အကျင့်ကြောင့် ဝေးကွာသွားရမှာကို လက်ခံလိုက်တော့မှာလား။"

"အေးဝင်းရယ် ရီရီ့စိတ်ကို အေးဝင်းလည်းသိသားပဲ။ တစ်သက်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ယောက်တည်းပဲ ချစ်ခွင့်ရှိတဲ့ မိန်းကလေးတွေအတွက် လက်တွဲဖော်ကို မှားယွင်းရွေးချယ်တာမျိုးမဖြစ်ချင်ဘူး။"

"မှားယွင်းတယ်တဲ့လား ရီရီ။ ကိုထက်က ဘယ်မိန်းကလေးအတွက်မှ မှားယွင်းတဲ့ ရွေးချယ်မှုမျိုး မဟုတ်ဘူးဆိုတာ ရီရီ လည်းအသိပဲလေ။"

"ဒါကြောင့်မို့ ပို မှန်ကန်စေချင်တာပါ။ ရီရီ နှလုံးသားနောက်ကို မလိုက်ဖို့ ဆုံးဖြတ်ထားတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းကပါ။ "

"ဒါဆို ရီရီက ကိုထက်ကို ဘာအကြောင်းပြချက်နဲ့ မှားယွင်းတဲ့ ရွေးချယ်မှုလို့ပြောရတာလဲ။ ကိုထက် ရီရီကို သူ့ကျန်းမာရေးအကြောင်းကို မပြောတာလဲ ရီရီ စိတ်မကောင်းဖြစ်မှာစိုးလို့ဖြစ်မှာပါ။ သူ့စိတ်ထဲမှာ ရီရီကို အရေးမလုပ်တာလုံးဝမဟုတ်တာ အေးဝင်းရော ရီရီရော သိတယ်။ ရီရီ လိမ်လို့မရပါဘူး။"

"ကိုထက် ရီရီ့ကို စိတ်မကောင်းမဖြစ်‌စေချင်လို့ဆိုတာ ရီရီ နားလည်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ရီရီ စိတ်ရှုပ်သွားမယ်ဆိုတာကို သူက ဘယ်အဆင့်ထိ တွေးထားတာလဲ။ ရီရီ အလုပ်ပျက် အကိုင်ပျက် ဖြစ်သွား မှာကို စိတ်ပူတာလား၊ မအိပ်နိုင်မစားနိုင် ဖြစ်သွားမှာကို စိုးရိမ်တာလား။ ရီရီကိုအဲ့လောက်တောင် စိတ်ဓာတ် ပျော့ညံ့တဲ့ မိန်းမအဖြစ်မှတ်ယူထားတာလား။ "

"ရီရီရယ် အဲ့လောက်ကြီးတဲ့ စိတ်ကို နည်းနည်းလျှော့ပါလား။ ကိုထက် ဘယ်လိုပဲ တွေးတွေး ရီရီ ကိုချစ်လွန်းလို့ဆိုတဲ့ အသိနဲ့တင် ကိုထက်ကို ခွင့်လွှတ်ပေးလို့မရဘူးလား။"

"မဟုတ်ဘူး အေးဝင်း။ ရီရီ့ အတွက်တော့ ချစ်တယ်ဆိုတဲ့ စကားလုံးဟာ ယုံကြည်မှုပါမှ ပြီးပြည့်စုံတဲ့ အရာမို့လို့ပါ။"

အေးဝင်း နှုတ်ဆိတ်သွားလေတော့သည်။ ရီရီ ပြောတာလည်းမှန်နေတာပဲလေ။ ယုံကြည်မှု၊ အလေး ထားမှုတွေနဲ့ တည်ဆောက်ထားတဲ့ အချစ်မှ သာယာကြည်နူးဖွယ်ကောင်းသည် မဟုတ်ပါလား။

ရီရီဟုခေါ်သော မိန်းကလေးသည် မိတ်ဆွေတွေ အပေါ်မှာပဲ အလျှော့ပေး ၊ အလိုက်သင့်လေး နေပေးတတ်ပေမယ့် သူ့လက်တွဲဖော်အဖြစ် ဆုံးဖြတ်ထားတဲ့ တစ်ဦးတည်းသော သူကိုကား အလျှော့ပေးဖို့ ဆန္ဒ မရှိပါ။ အခြားသူတွေက ရီရီ ကို ဘယ်လိုမြင်မြင် ၊ ဘယ်လိုတွေးတွေး၊ ယုံကြည်၊ မယုံကြည် အရေးမကြီး ပေမယ့် ရှင်တစ်ယောက်တော့ ရီရီ့ကို ဘယ်လိုမြင်လဲ၊ ဘယ်လိုတွေးနေလဲ ဆိုတာကိုတော့ ရီရီ အလေးထားတယ် ကိုထက်ရယ်။ ရီရီ လေးလံစွာဖြင့် သက်ပြင်းတစ်ချက် ခိုး၍ချလိုက်ပါသည်။

"ဒါဆို ဆရာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အကုန်စီစဉ်ပေးလိုက်မယ်။ ဟိုရောက်ရင် တာဝန်ကျ ဆရာဝန်ကို ပေးလိုက်ရင် ရပြီ။ ကျန်တာကတော့ ဟိုက အကုန်စီစဉ်ပေးလိမ့်မယ်။ "

"ဟုတ်ကဲ့ပါ ဆရာ"

ထက်အာကာ စာရွက်စာမ်းအချို့ကို ကိုင်လျက် စိတ်ပျက်လက်ပျက်နဲ့ ဆရာဝန်ရုံးခန်းထဲက ထွက်လာ လေသည်။နောက်အပတ် သောကြာနေ့ သွားဖို့ လေယာဉ်လက်မှတ်လည်း အဆင်အသင့်ဖြစ်နေပြီ။ ပါးပါးက မလိုက်နိုင်သောလည်း အနီးကပ်ဂရုစိုက်ပေးဖို့ မားမားတော့ အတူလိုက်ပေးမည်။ခွဲစိတ်တာက အောင်မြင်ရင် တစ်လလောက်နားပြီး ပြန်လာရမည်။ ဆိုတော့ တစ်လလောက်ကို အလုပ်ကိစ္စ ကြောင်းပြကာ ရီရီ့ အနားက ပျောက်သွားလို့ရသည်။ ပြန်လာတော့မှ ပြောရင်လည်း စိတ်ပူစရာမရှိတော့ပြီး။ ရီရီ စိတ်ဆိုးလည်း ခဏပေါ့။

ဒါဆို ပြောပြလိုက်ရင်ရော။ အောင်မြင်ရင်လည်း ရီရီ စိတ်ပူတာပဲ အဖတ်တင်မည်။

တစ်ခုခုဖြစ်သွားရင်ရော ...။

ယောက်ျားလေးတစ်ယောက်အနေနဲ့ ကျန်းမာရေးအကြောင်းပြပြီး အသနားခံသလိုဖြစ်သွားမည်။ ဘာလို့ ငါ့ကျမှ ဒီလိုကိစ္စတွေရှိလာရတာလဲ။ ရီရီ ကို စိတ်‌ရှုပ်ရအောင်။ ကိုယ့်ကိုကိုယ် အပြစ်တင်မိသော ထက်အာကာ ခေါင်းများပေါက်ထွက်မတတ်ပါ။

ရီရီသည် ည ၈ နာရီ တည်းက အိပ်ရာပေါ်မှာ လှဲနေသော်လည်း စိတ်က မနက်ဖြန် ထွက်သွားမယ့် ကိုထက်ကို စိတ်တိုနေသည်။ မနက်ဖြန် စင်ကာပူ သွားမည်ကိုတော့ ဦးဒီပါပြော၍ ရီရီ ကြိုသိထားသည်။ ကြားထဲမှာ ကိုထက်များ ပြောပြလာမလားလို့ စောင့်လိုက်ရတာလည်း အမော။ အခုတော့ မနက်ဖြန်ထွက်တော့မယ်။

နှုတ်ဆက်ဖော်တောင်မရ။ အောင်မြင်မလား၊ မအောင်မြင်ဘူးလောင်းတောင်မသိတဲ့ အသက်နဲ့ ထပ်တဲ့ အလောင်းအစား လုပ်ရမှာကိုတောင် ရီရီ့ကို အသိမပေးဘဲ စိတ်ချလက်ချ ထွက်သွားမယ်ပေါ့။

ဘယ်လိုယုံကြည်မှုမျိုးက ရီရီ ကို နှုတ်ဆက်စရာမလိုအောင်ကို ပြန်လာဖို့ သေချာနေလဲတော့ မသိပေမယ်။ ရီရီ ကတော့ မယုံကြည်ရဲဘူး။တကယ်လို့များ ကိုထက် တစ်ခုခု...

အို.. လွှဲပါစေ၊ဖယ်ပါစေ ။

သူတောင်ထွက်သွားနိုင်သေးတာပဲ။ ဘာမှမသိဘဲ ကျန်ခဲ့ရမယ့်သူက ငိုနေစရာလား။

“မငိုဘူး၊ မငိုဘူး။ ရီရီ မငိုဘူး။”

ပါးပြင်နှစ်ဖက်ကား ပူနွေးလာပါသည်။ ရီရီ့ ပါးမှာ ဘာတွေပါလိမ့်။

အို.. မျက်ရည်တွေပါလား။ ရီရီ ငိုနေတာပါလား။ စားပွဲပေါ်က ဖုန်းမြည်သံကြောင့် ရီရီ မျက်ရည်များကို လက်ဖြင့်ပွတ်လိုက်သည်။ ဖုန်း screen ပေါ်မှာ ပေါ်နေသော နာမည်လေးကို မြင်တော့ ရီရီ ရင်ခုန်သံ တဒိန်းဒိန်းနဲ့မြန်လာပါသည်။

“ကိုထက်” ပါလား။

" ဟယ်လို ကိုထက်"

အမောဆို့သံကို ဖုန်းထဲကတောင်ကြားနေရသည်။ ရီရီကို ပြန်မဖြေနိုင်လောက်အောင်အထိ တဟင်းဟင်း ဟိုက်နေသော ကိုထက်အသံကြောင့် ရီရီ မှာ အထိတ်တလန့် နဲ့ ထရပ်လိုက်ကာ

"ကိုထက် ဘာဖြစ်‌တာလဲ!"

" ရီရီ အောက်ခဏဆင်းခဲ့ဦး။ ကိုယ်ရောက်..."

ရီရီ တံခါးကိုဆွဲဖွင့်ကာ ထွက်သွားတော့ ဧည့်ခန်းထဲမှာ နှင်းရီ တီဗွီကြည့်နေသည်။ မေမေကတော့ ဘုရားရှိခိုးနေသည်။ ပုံမှန်ဆို ညဘက် အောက်ဆင်းတာ၊ အပြင်ထွက်တာတို့ကို မေမေ့ကို ပြောပြီးမှ သွားသည်။ အခု မေမေ ဘုရားရှိခိုးနေတော့ မစောင့်တော့ဘဲ နှင်းရီကို တိုးတိုးလေး ပြော၍ ဆင်းလာလိုက်လေသည်။

ရီရီ ရောက်သွားသည်အထိ အမောမပြေသေးသော ကိုထက်ကိုကြည့်ကာ ရီရီ နှလုံးသားများနာကျင်ရပါသည်။

"ကိုထက် ဒီအချိန်ကြီး ဘာအရေးကြီးကိစ္စများရှိလို့လဲ ကိုထက်ရေ။ "

ပြောလိုက်ပါတော့ ကိုထက်ရယ် ။ ရီရီ ကိုယ့်ကိုကိုယ် ညာနေရတာ ပင်ပန်းနေပြီ။

"အရေးကြီးတယ် ရီရီ ။ ဒီကိစ္စကို အခုမှပြောတဲ့အတွက် ကိုယ် ကြိုတောင်းပန်ပါတယ်။"

ပြောတယ်ဆိုရင်ကို ကျေနပ်ပါတယ် ကိုထက်ရယ်။

"ဘာကိစ္စလည်း ကိုထက်။"

သည်တော့မှ ကိုထက်က အစကနေ အဆုံးအထိ ရီရီ့ ကို ပြောပြလေသည်။

"တကယ်လို့ ကိုယ် မပြောဘဲ ထွက်သွားမယ်ဆိုရင် ရီရီ ရဲ့ ယုံကြည်မှုကို ထာဝရဆုံးရှုံးသွားရလိမ့်မယ်။

တကယ်လို့ အဲ့ဒါဟာ ကိုယ် လောကကြီးကို မြင်ခွင့်ရမယ့်နောက်ဆုံးအကြိမ်ဆိုရင်တောင် နောက်ဆုံးမြင်ကွင်း မှာ ရီရီ ကို မြင်သွားချင်တယ်။"

"နိမိတ်မရှိတဲ့ စကားတွေမပြောပါနဲ့လား ကိုထက်ရယ်။"

ရီရီရဲ့ မျက်ရည်စက်လေးတွေက ပုလဲလုံးလေးများသဖွယ် အရောင်တောက်လျက်။

"မငိုပါနဲ့ ရီရီရယ်။ "

ရီရီရဲ့ အဖိုးတန်သော မျက်ရည်များကို ညင်သာစွာသုတ်ပေးရင်း ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်လေသည်။

"ရီရီ ကို အဝေးရောက်အောင် တွန်းမထုတ်ဘဲ အရင်လိုပဲ ရီရီကို တွယ်ကပ်နေတဲ့ ကိုထက် ဖြစ်နေပေးပါ ကိုထက်ရယ်။ "

ရီရီ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း။

"ဟုတ်ပါပြီ ရီရီရယ် " ဟူသောစကားကို အကြိမ်ပေါင်းများစွာပြောနေမိသည်။

သားဖြစ်သူမှာ အရင်နေ့တွေထက် မျက်နှာလန်းဆန်းနေသဖြင့် ဒေါ်မိုးမြင့်သူမှာ ဝမ်းသာပီတိဖြစ်လျက်။

လေဆိပ်မှာ သားအမိနှစ်ယောက် ပစ္စည်းတွေကို ရွှေ့နေကြစဉ်

"ကိုထက် ..."

ဒါ.. ရီရီအသံပါလား။ ထက်အာကာ လှည့်ကြည့်လိုက်သည်။ ဟောဗျာ့.. ရီရီ ။ လေဆိပ်ထိ လိုက်ပို့ဖို့လည်း ကြိုမပြောထားပါဘူး။

"အစ်မ ဒီမှာ အစ်မရဲ့ ခရီးဆောင်အိတ် "

"ကျေးဇူးပဲ မောင်လေး"

အိတ်ကိုဆွဲကာ ထက်အာကာတို့ဆီ လျှောက်လာသော ရီရီ ကို စကားမပြောနိုင်လောက်အောင် အံ့ဩနေသူက ထက်အာကာ။ ပြုံးပြုံးလေးနဲ့ ကြည့်နေသူကတော့ မားမား။

"ရီရီ "

ရီရီ ပြုံးလျက် ထက်အာကာရှေ့မှာရပ်နေသည်။

"ဒါက.. "

"ရီရီ လည်း စင်ကာပူအထိ ကိုထက်ကို လိုက်ပြီး အားတွေ ပေးမလို့"

ဟု နှာခေါင်းလေးရှုံ့မဲ့ကာ ပြောလိုက်သော ရီရီ အမူအရာကပင် ထက်အာကာ အတွက် အားဆေးပါပဲ။ ရီရီ က မားမားလက်ကို ချိတ်၍ ရပ်လိုက်သည်။

"မားမားက သိနေတယ်ပေါ့။"

"ရီရီ က မားမားကို မနေ့က ညနက်မှပြောလို့ မားမားမှာ သားမသိအောင် လက်မှတ် စီစဉ်လိုက်ရတယ်လေ။"

"ဟာ .."

ထက်အာကာ ရင်ထဲက ပျော်ရွှင်မှုတွေကို အမူအရာနဲ့ ဖော်ပြလို့မရပေမယ့် မျက်လုံးချင်းစုံမိတဲ့ ရီရီကတော့ နက်နက်ရှိုင်းရှိုင်းမြင်ရပါသည်။

ထက်အာကာ ခွဲစိတ်ခန်းထဲဝင်သွားတာ ၁ နာရီ ကျော်ကျော် ရှိလေပြီ။ အခန်းရှေ့မှာ ဂဏှမငြိမ်ဖြစ်နေသော အမျိုးသမီးနှစ်ဦးကား စိုးရိမ်စိတ်များ ဗလပွ။ ဆရာဝန်ကတော့ စိုးရိမ်စရာမရှိ ဟု မနေ့ကတည်းက အကြိမ်ကြိမ်ပြောထားသည်။ သို့သော် မစိုးရိမ်ဘဲတော့ မနေနိုင်။

" မြန်မြန်။ "

ရုတ်တရက် ဆရာဝန် ၊ သူနာပြုများ လှုပ်လှုပ်ရှားရှားဖြင့် အရေးပေါ်ပြေးလာကြသည်။ ရီရီတို့ကို ကျော်ကာ ထက်အာကာ ဝင်သွားသော အခန်းကို ဝင်သွားကြသည်။

"သမီး ဘာဖြစ်ကြတာပါ့လိမ့်။ "

"စိတ်မပူပါနဲ့ မားမား။ ရီရီ မေးကြည့်လိုက်မယ်။ ဆရာ အခန်းထဲက လူနာ အခြေအနေ ဘယ်လိုလဲရှင့်။ "

နောက်ထပ် ပြေးလာသော ဆရာဝန်ကို မေးလိုက်သည်။

"ခွဲစိတ်တဲ့ဘဆရာဝန် အမှားလုပ်မိလို့တဲ့ "

"ဟင်

ကိုထက်.."

"သား အာကာ "

ရီရီ တံခါးဘက်ကို ကြည့်၍ မျက်ရည်များကို ထိန်းကာ အံကိုကြိတ်လိုက်လေသည်။ မားမားကား ငုတ်တုတ်ထိုင်လျက် ဘုးရားစာသာ ရွတ်နေတော့သည်။ ရုတ်တရက် အခန်းထဲက ထွက်လာသော သူနာပြု ကို ရီရီ အားကိုးတကြီးကြည့်လိုက်တော့ ခေါင်းခါ၍သာ ထွက်သွားလေသည်။

"သား.."

ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ ငိုကြွေးနေသော မားမားကို နှစ်သိမ့်ဖို့ရန် ရီရီ မတတ်နိုင်တော့ပါ။

လောကကြီးက နေချင်စရာ မကောင်းတော့ဘဲ။ တိတ်ဆိတ်သွားသည်။ ခွဲစိတ်ခန်းတံခါးကို အသက်မဲ့စွာ ငေးနေရင်း လှုပ်ရှားမှုများဟာ အသံမပါတော့သလို ဘာမျှမကြားရ။ တံခါးကို ဖွင့်၍ ခြေကုန်လက်ပမ်းကျ ထွက်လာကြသော ဆရာဝန်တို့ကို မြင်လိုက်ရပြီး ခဏအကြာတွင် လောကကြီးဟာ လှုပ်ရှားမှုရော အသံပါရပ်တန့်သွားလေသည်။

"သမီး ရီရီ သတိထားပါဦး။ လုပ်ကြပါဦး သမီး..."

သားအတွက်တစ်မျိုး ၊ မတော်လိုက်ရတဲ့ ချွေးမအတွက်တစ်မျိုး စိတ်ပူပန်နေရသော ဒေါ်မိုးမြင့်သူကား အရူးတစ်ပိုင်းပင်။

"ဟယ်လို။ ဟုတ် ရီရီပါရှင့်။ အော် ၁၅ ရက်နေ့အတွက်ဆိုရင် ရီရီ ငြင်းပါရစေရှင့် ။အဲ့နေ့ ရီရီ တာဝန်ယူထားတဲ့ မဂ်လာပွဲတစ်ခုရှိလို့ပါ။ ဟုတ်ကဲ့ရှင့် ။

ရီရီ တောင်းပန်ပါတယ်။

ဟုတ် ဟုတ် ကျေးဇူးပါ။

ဟင်း...

အေးဝင်းရယ် ဖောက်သည်ကို ငြင်းရတာလည်း စိတ်မကောင်းဘူး။ ဘာလို့ နေ့က တိုက်နေရတာလဲမသိဘူး။"

"ဒါဆိုလည်း မဂ်လာပွဲ အတွက် ဆက်မလုပ်နဲ့တော့လေ။"

"မဖြစ်ဘူး အေးဝင်းရဲ့။ ဒီပွဲကိုလည်း ရီရီ ပြင်မှဖြစ်မယ်။"

"လောဘကြီးလိုက်တာ။"

အနောက်တိုင်း သတိုးသမီးဝတ်စုံ ဂါဝန် ကားကား‌ကလေးနဲ့ ကျော့ရှင်းနေသည့် သတိုးသမီးလေးပါလား။ ဒီသတိုးသမီးရဲ့ သတိုးသားကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပါပဲ။

"အင်း.. ဒီနာမည်ကျော်နေတဲ့ ပန်းပညာရှင်က ဘယ်သူ့ သတိုးသမီးလေးပါလဲနော်။"

ကိုဉာဏ်လင်း အသံကြောင်း ရီရီရော အေးဝင်းပါ လှည့်ကြည်ကြသည်။အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ဆင်ထာသော ကိုဉာဏ်လင်း။

"သေချာတာကတော့ ကိုဉာဏ်လင်းရဲ့ သတိုးသမီးတော့ မဟုတ်ဘူး။"

အေးဝင်းက အကြင်နာမဲ့စွာ ပြောလိုက်သဖြင့် ဉာဏ်လင်း ညိုးကျသွားသော အမူအရာကို ပြန်တင်းလိုက်ရသည်။

"အေးဝင်းရော ဝတ်စုံ သွားဝတ်ကြည့်လေ။ တစ်ခါတည်းလူစုံသက်စုံ ဝတ်ကြည့်ကြတာပေါ့။"

"အေးပါ အေးပါ။ ဒါနဲ့ သတိုးသားရော အခုထိ ဝတ်လို့မပြီးသေးဘူးလား။ သတိုးသမီးတောင်ပြီးနေပြီ

ပြီးပါပြီဗျာ့။ အော်.. ဒီနက်ခ်တိုင်က ..." ဝရုန်းသုန်းကားဖြစ်နေသော ကိုထက်အနားကိုးတိုးသွားကာ

"ပေး ရီရီ စည်းပေးမယ်။"

ရီရီက ကိုထက် ရဲ့ နက်ခ်တိုင်ကို အသာအယာလေးကိုင်ကာ စနစ်တကျစည်းပေးနေသည်။

တစ်မိုးအောက်မှာ သူတို့နှစ်ယောက်ပဲ ရှိသည်ဟုထင်ရလောက်အောင် လိုက်ဖက်လွန်းနေသော စုံတွဲလေး။စင်ပေါ်မှာ မင်းသမီးနှင့်မင်းသား ကြည်နူးခန်းကို ဘေးကကြည့်နေရတဲ့ ဉာဏ်လင်း ဘဝ ကတော့ ဇာတ်သိမ်းမလှသေးပါဘူး။

အေးဝင် သတိုးသမီးအရံ ဝတ်စုံဝတ်ပြီးထွက်လာကာ ကိုဉာဏ်လင်း ဘေးက ရပ်လိုက်လေသည်။

အေးဝင်းတို့နှစ်ယောက်လည်း လိုက်ဖက်ပါတယ်။ သတိုးသားအရံနဲ့ သတိုးသမီးအရံ အနေနဲ့ပါပဲ။

"ရီရီ ကိုယ်တို့မဂ်လာပွဲအတွက် ရီရီ ကသေချာပေါက် ပန်းပြင်ဆင်မှဖြစ်မှာလား ။"

ရီရီကို အားနာဟန်၊ မလုပ်စေချင်သော အမူအရာပါသောလည်း လုပ်မနေပါနဲ့ဟု ကား မတားရက် ။

ထက်အာကာ တစ်သက်မှာ ရီရီ ကို အပြတ်အသား တားရက်စရာကိုမရှိတာပါ။

"သေချာပေါက်ပြင်ရမှာပေါ့ ကိုထက်ရယ်။ ဒါ ရီရီ ရဲ့ နောက်ဆုံး အမှတ်တရ ဖန်တီးချင်တဲ့ ဆန္ဒလေးပါ။"

ရီရီရဲ့ ဆန္ဒတဲ့လား။ ဒါဆို ကိုယ် ဘယ်လိုလုပ်ငြင်းဆန်ရက်တော့မှာလဲလေ။

"ကိုထက်ပဲ ရီရီရဲ့ လက်ရာ‌ ကို သဘောကျတယ်ဆို။ အသက်ဝင်တယ်ဆို ။ တစ်သက်မှာ တစ်ခါကျင်းပမယ့် ကိုထက်ရဲ့ သတိုးသမီးအတွက် လှပတဲ့၊ ပြီးပြည့်စုံတဲ့ မဂ်လာပွဲ မလုပ်ပေးချင်ဘူးလား ကိုထက်ရယ်။"

"လုပ်ပေးချင်တာပေါ့ ရီရီရယ် အဲ့ဒီသတိုးသမီးက ရီရီ ဖြစ်နေလို့ကို ပိုပြီးလုပ်ပေးချင်တာ။

ကိုယ်က ရီရီ ပင်ပန်းမှာစိုးလို့ပါ။ မဂ်လာအခမ်းအနားမစခင် ကြိုပြင်ဆင်နေရရင် ပင်ပန်းမှာပေါ့။ "

"အခမ်းအနား ပြင်ဆင်တာက ရီရီ ကညွှန်ကြားပေးရုံပါ။အဓိက က ရီရီ ကဲ့ စိတ်ကူးလေး ပါစေချင်တာ။"

"ကောင်းပါပြီဗျာ.."

လွန်ခဲ့သော ၃ လက ခွဲစိတ်ခန်းထဲကနေ ခြေကုန်လက်ပမ်းကျ ထွက်လာခဲ့တဲ့ ဆရာတွေဟာ ကိုထက် ကို ကြိုးစားပမ်းစား ကယ်နိုင်ခဲ့ကြကြောင်းကို ရီရီ မသိခဲ့ပါ။ ခွဲစိတ်တဲ့ဆရာဝန် အမှားလုပ်တာတော့ အမှန်ပါ။ သို့သော် အခြားဆရာဝန်တွေက အချိန်မီ ကြိုးစားကယ်နိုင်ခဲ့ကြသည်။

"ရီရီ သမီး သတိရလာပြီလား။"

"မား မား ကိုထက် ကိုထက် ရော"

"သား ဘာမှမဖြစ်ဘူးသမီး။ မစိုးရိမ်ရဘူး။"

"မားမား ရီရီ ကို စိတ်ချမ်းသာအောင် လိမ်နေတာလား။ အမှန်အတိုင်ပြောပါ မားမား ရေ။ ရီရီ ကိုထက်ကို ကြည့်ချင်တယ်။"

ကုတင်မှ ထရန် ရုန်းနေသော ရီရီ ကို ဒေါ်မိုးမြင့်သူ တားမနိုင်ပါ။

"ရီရီ တကယ် သားဘာမှမဖြစ်ဘူး။ ဆရာဝန်တွေ ကယ်နိုင်ခဲ့တယ်။ အခု အပြင်လူဝင်လို့ မရတဲ့ အခန်းထဲမှာ မို့လို့ပါ။ သမီးလည်း အနားယူဖို့လိုတယ်လေ "

"ရီရီ အဆင်ပြေပါတယ် ။ ကိုထက်ကို တွေ့ပါရစေနော်။"

"ဟုတ်ပြီ ဟုတ်ပြီ။"

ခွဲစိတ်ခန်းက ထွက်စမို့ ဗိုင်းရပ်စ် မဝင်နိုင်အောင် မှန်ခန်းထဲမှာ ထားရသော ကိုထက် ကို အပြင်က လှမ်းကြည့်ရင်းနဲ့ ရီရီ မှာ စိတ်မော လူမော တာတွေကို သက်ပြင်းတစ်ချက်နဲ့ လွှတ်ချနိုင်လိုက်ပါသည်။

ဝမ်းသာမှုကြောင့် ကျဆင်းလသော မျက်ရည်ကိုကား ရီရီ အလိုတူစွာ စီးဆင်းခွင့်ပေးလိုက်ပါတော့သည်။

"ကဲ.. သတိုးသားနဲ့ သတိုးသမီးက စကားပြောပြီးရင်လည်း ဒီဘက်လှည့်ပါဦး။ ကြည့်ရအောင်။ "

အေးဝင်းက လှမ်းပြောသဖြင့် ရီရီ နဲ့ ကိုထက် တို့ ရှေ့ကိုလည့်လိုက်လေသည်။

ကိုဉာဏ်လင်းက သတိုးသားအရံ။ အေးဝင်းက သတိုးသမီး အရံ ဖြစ်သည်။

"အေးဝင်း ဘယ်လိုလဲ ကြည့်ရတာ အဆင်ပြေလား"

ဟု ရီရီက ကိုထက်လက်ကို ချိတ်၍မေးလိုက်လေသည်။

"အဆင်ပြေတာ လွန်တောင်နေပါပြီနော်။"ရီရီ ကသဘောကျစွာပြုံးလိုက်သည်။

"တိန်း တိန်း ။ "

အေးဝင်းက ဖုန်းကိုင်လိုက်သည်။

"ဟယ်လို.."

ဟာ ရီရီ ပန်းတွေ ရောက်နေပြီတဲ့ ။ မြန်မြန် အဝတ်လဲတော့ ။"

"ဟုတ်လား။ အေးအေး။"

"ဘယ်လဲ ရီရီ ။”

“ ပွဲအတွက် ရီရီ မှာထားတဲ့ တရုတ်ကပန်းတွေ ရောက်ပြီတဲ့။ ရီရီ သွားထုတ်မှ ရမှာ။

အေးဝင်း ခဏစောင့်နော်။ "

ရီရီ မြန်မြန်ဆန်ဆန် အဝတ်လဲပြီး အေးဝင်းနဲ့ ထွက်သွားလေသည်။

ရီရီ ဘာကိုမှ ဂရုမစိုက်နိုင်ပဲ ထွက်သွားသည်ကိုကိုထက် က ပြုံး၍သည် ကြည့်နေလိုက်ရသည်။

"ကိုဉာဏ်လင်း ကျောင်းကိုပဲ ပြန်မှာမလား။ ကျွန်တော်လိုက်ပို့ပေးမယ်လေ။"

"ကောင်းပါပြီ ဗျာ။"