ပန်းပြာ (သို့) အပြာရောင်ပန်းကလေး


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၅)

"အေးဝင်း ရီရီ သတိထားမိနေတာ ကြာပြီနော်။ အေးဝင်း အခုတလော သိပ်ထူးဆန်းနေတယ်။"

"ဘယ်လိုထူးဆန်းနေလို့လဲ"

"အခုတလော အေးဝင်း my day မှာ ပုံတွေ၊ စာတွေတင်တင်နေတယ်။ fb ပေါ်မှာလည်း post တင်တယ်။ my day တင်ပြီဆိုရင်လည်း ကိုယ့် my day ကိုယ် ဝင်ကြည့်နေတာ အခါခါပဲ။"

"အဲ့ဒါများ ဘာထူးဆန်းလို့လဲ"

"အဲ့ဒါက ဒီအတိုင်းဆိုရင်တော့ မထူးဆန်းဘူးပေါ့။ ဒါပေမယ့် ရီရီ ဆက်ပြောရမလား။ "

"ပြောလေ"

"အေးဝင်း ကိုယ့် my day ကိုယ် အခါခါ ဝင်ကြည့်နေတာက တစ်ယောက်ယောက်ကို စောင့်နေတာနဲ့တူတယ်။ အေးဝင်းတစ်ခါ ဝင်ကြည့်တယ်၊ သူ ဝင်မကြည့်သေးတာမြင်တော့ အေးဝင်းမပျော်ဘူး။ လိုင်း out တယ်။

ထပ်ဝင်ကြည့်တယ်။ သူ့view က တက်မလာသေးဘူး၊ out ပြန်တယ်။ နောက်ထပ်ဝင်ကြည့်တယ်။ ဟော သူ့view တက်လာပြီး ၊ အသဲလေးပါပေးလိုက်သေးတယ်။ အေးဝင် ပီတိဝေဖြာ သွားပြီ။ အေးဝင်း စိတ်အေး လက်အေး fb ဆက်သုံးနေနိုင်ပြီ။ အခု အေးဝင်း ဖြစ်နေတာ အဲ့လိုမလား။"

"ဟာ ရီရီ ရယ်၊ မရိုးဘူးလို့ ပြောနေတာတော့ ဝန်ခံပါတယ်။ ဒါပေမယ့် အဲ့လောက်အတိအကျကြီးတော့ ဘယ်မှန်မလဲ။"

"အေးဝင်း ဝန်မခံလည်း ရီရီ သိပါတယ်နော်။ ဟင်း လူလိမ်မလေး ၊ လျှိုထားတယ်ပေါ့လေ။"

အေးဝင်းက လျှာကလေးထုတ်ပြကာ စ သည့်သဘောဖြင့်ရယ်လျက်သာ။

ဖြူစင် ရိုးသား လွန်းတဲ့ အေးဝင်း တစ်ယောက်ရဲ့ အချစ်ခရီးလေးတော့ သာယာစေချင်သည်။ ဘယ်သူမှန်းမသိတဲ့ အဲ့လူကို ရီရီ စိတ်မချနိုင်ပါ။

ရီရီ အလုပ်ဝင်တာ ၃ လလောက်ကြာတော့ အလုပ်ရုံးခန်း ကို ကမာရွတ် လှည်းတန်းသို့ ပြောင်းရွှေ့ရသည်။

အလုပ်နဲ့ မနီးမဝေးလောက်မှာ ရီရီ တိုက်ခန်း တစ်ခန်း ငှားသည်။ နယ်က မိသားစုကိုလည်း ပြောင်းက တိုက်ခန်းမှာပင် စု၍ နေကြသည်။ ရီရီ့ညီမလည်း မကြာခင် ရန်ကုန်တက္ကသိုလ် တက်ရတော့မည် ဖြစ်၍ အဆင်ပြေသည်။

တက္ကသိုလ်နဲ့ နီးတော့ ကိုဉာဏ်လင်းနှင့် မကြာမကြာဆုံဖြစ်သည်။ ရီရီက အငယ်မ ကို ကျောင်းတွင်း လိုက်ပြတော့ ကိုဉာဏ်လင်းနှင့် တည့်တိုး၍ အငယ်မလေး နှင်းရီနဲ့ပါခင်သွားသည်။ အရင်တုန်းက ကိုဉာဏ်လင်းသာဆိုလျှင် မိန်းကလေးတစ်ဦးနှင့် ရင်းနှီးဖို့ သည်လောက်လွယ်လိမ့်မည်မဟုတ်။

"အစ်ကိုက အရမ်းချောတာပဲ။ နှင်းရီ ရဲ့ အစ်ကိုပဲ လုပ်မလား။ နှင်းရီ့ ရည်းစားလုပ်မလား။"

ဟု ၍ ကလေးဆန်ဆန်နှင့် ပွင့်ပွင့်လင်းလင်း‌ မေးတော့

"ဟာ ရီရီ ညီမက ရီရီနဲ့မတူဘူးနော်" ဟု ပြောကာ ချီးကျူးလိုက်သေးသည်။

ရီရီ မှာတော့ မျက်နှာပူလိုက်ရတာ အငယ်မကို စိတ်ရှိတိုင်း ဗိုက်ခေါက်ကိုသာ ဆွဲလိမ်လိုက်ချင်သည်။

ကျောင်းထဲတွင် အခန်းအနားများရှိလျှင် ရီရီ့ကို သိကြသောဆရာ/မ များက “နီးနီးနားနား ရီရီ ရယ် လာကူပေးပါအုံး " ဟုပြောတတ်သည်။ ဆရာမတို့ မခေါ်ခင်ကတည်းက ရီရီ က ကူပေးချင်ပြီးသားပါ။ အလုပ် ဆက်ဆံရေးလို မဟုတ်သောကြောင့် အဖွဲ့သားတွေတော့ မခေါ်ဖြစ်။ ရီရီ တစ်ယောက်တည်းသာ အားတဲ့ အချိန်သွားကူဖြစ်သည်။ ရီရီ ကျောင်းထဲ ရောက်ပြီဆိုလျှင် ကျူတာပေါက်စ ကိုဉာဏ်လင်းက ပေါ်လာတတ်မြဲ။

"ရီရီ ၊ ကိုထက် က ရီရီကိုမေးနေတယ်။ ရီရီ တို့သိကြတာလား။"

ရီရီ ရင်ခုန်သံတွေမြန်သွားသည်။ ဒူးတွေ ညွှန့်ခွေယိုင်သွားကာ ရပ်လို့တောင် မမြဲတော့ပြီ။

"ကိုထက်" တဲ့လား။ အေးဝင်းပြောတဲ့ ကိုထက် က တကယ်အဲ့ဒီ ထက်အာကာများလား။ ထက်အာကာ ဆိုရင်ရော သူက ဒီကို ဘာကြောင့်ရောက်လာတာလဲ။ အေးဝင်းနဲ့ရော ဘယ်လိုသိကြတာလဲ။ သေချာတာကတော့ ရီရီ ဒီမှာ ရှိမှန်းသူသိမှာမဟုတ်။

ဒါဆို နာမည်တူတာများလား။ ‌

အို ... ရီရီ ရင်ထဲ စက္ကန့်ပိုင်းအတွင်း အတွေးများ ဘလောင်ဆူသွားသည်။

ကိုထက်ဆိုတာ ဘယ်သူလဲ လို့ မေးရမှာကိုတောင် ရင်တွေတုန်နေသည်။

ရီရီသိတဲ့ ကိုထက် ဖြစ်စေချင်တာလား။ မဖြစ်စေချင်တာလားတောင် ဝေခွဲမရ၊ ကြောက်စိတ်က အားသာနေသည်။

"ရီရီ ဘာဖြစ်နေတာလဲ။ ပြောတာကြားလားလို့။ရီရီ့ ရုံးခန်းထဲမှာ ကိုထက် စောင့်နေတယ်။ ဘယ်လို သိကြတာလဲကိုတော့ နောက်မှ ဖောက်သည်ချတော့။ အခုလောလောဆယ် သူ့ကို မစောင့်ခိုင်းထားနဲ့။ မြန်မြန်သွားတွေ့လိုက်။"

ဟု‌ ပြောကာ အေးဝင်း လှည့်ထွက်သွားသည်။ ရီရီကမေးကြည့်ဖော်တောင်မရလိုက်။ မေးဖို့ကိုလည်း သတ္တိ မရှိဘူးလေ။

ရီရီ အခန်းတံခါးကို အသာလေး ဆွဲဖွင့်လိုက်လေသည်။ မတော်လို့ အထဲကလူက ဒီဘက်ကိုများကြည့်နေမလားဟူသောစိတ်ဖြင့် ဖြည်းဖြည်းလေးသာ ဖွင့်လိုက်ခြင်းဖြစ်သည်။

လှိုက်ကာကို ဆွဲဖွင့်ထားသဖြင့် တက်သစ်စ ရောင်နီက အခန်းထဲသို့ အားပြင်းပြင်းနှင့် ဝင်ရောက်နေသည်။ ရီရီ မျက်လုံးများပင် စူးရှသွား၍ အသေအချာကြည့်ယူရသည်။ဆွဲဖွင့်ထားသော လှိုက်ကာ နှစ်ခုကြား ရပ်နေသော လူရဲ့ ကျောပြင်သည် ဝင်ရောက်နေသော နေရောင်များ စူးရှ မှုကြောင့် ဝေဝါးနေသည်။ အနောက်တိုင်း ဝတ်စုံအနက် ကို ဝတ်ထားသော်လည်း အပေါ် အကျီကို ချွတ်ထားသဖြင့် လက်ရှည် အဖြူ နှင့်ဖြစ် နေသည် ကိုမြင်ရသည်။ ဘောင်းဘီအိတ်တွင် လက်နှစ်ဖက်လုံးကိုထည့်ကာ နေရောင်နှင့်မျက်နှာချင်းဆိုင်လျက် အပြင်ဘက်ကို ငေးနေဟန်တူပါသည်။

ကောင်းကင်ပြာကြီးရယ်၊တိမ်စိုင်ဖြူလေးတွေရယ်၊ ထွက်သစ်စ ရောင်နီဦးရယ်၊ အဲ့ဒီအောက်မှာ သဘာဝ ပတ်ဝန်းကျင် လူနေအဆောက်အဦးလေးတွေရယ်၊ ထိုအရာများကို ငေးနေသော လူငယ် တစ်ယောက် ရယ်။

အဲ့ဒီမြင်ကွင်းကို ငေးနေတဲ့ ရီရီက ပိုပြီးတောင် မှင်သက်သွားရပါသည်။

ဒီအရွယ် ဒီလူငယ်လေးရဲ့ ကျောပြင်ဟာ ဘယ်လောက်ပဲ မထင်ရှားပဲ မှုန်ဝါးနေပါစေ ရီရီ့အတွက်တော့ ဘယ်အရာနဲ့မှ အထင်အမှားနိုင်တဲ့ တစ်ခုတည်းသော အရာပါ။

"ကိုထက်.."

သတိလက်လွတ်ငေးမောနေသော ထိုလူငယ်သည် ရီရီ၏ "ကိုထက်" ဟူသော ခေါ်သံကြောင့် ဝမ်းသာအားရစွာ နောက်သို့လှည့်လာသည်။ တံခါးဝတွင် ရပ်လျက် အတိုင်းသားဖြစ်နေသော ရီရီ။ စကားလုံးနဲ့ဖော်ပြလို့မရသော ဝမ်းသာမှုများက မျက်နှာပေါ်မှာတော့ ဖုံးကွယ်ထားလို့မရ၊ အထင်းသားမြင်နေရသည်။ အခု ထက်အာကာ၏ အရှေ့ ၁၂ ပေလောက်အကွာတွင်ရပ်နေသော ရီရီကား ဟန်ဆောင်မှုကင်းတဲ့ ယုန်သူငယ်လေးပမာ။ ယုံကြည် အားကိုးရာကို တွေ့သွား၍ ကျေနပ် ပီတိဖြစ်နေသည့် အမူအရာ။ ပကတိ နူးညံ့သိမ်မွေ့သော မိန်းကလေးပါလား။

သည်မိန်းကလေးကို သည်လောက်ကြာမှ လာတွေ့သည်ကိုပင် နောင်တရချင်သွားသည်။

"ရီရီ"

ထက်အာကာရဲ့ ရီရီဟူသော ခေါ်သံကြောင့် ရီရီမှာ သတိကပ်လိုက်ကာ အခုနက အမူအရာများကို ပြည့်ဖုံးကား ချလိုက်လေသည်။ ပကတိ တည်ငြိမ်သော ရီရီ ပြန်ဖြစ်သွားလေသည်။

'သူက အခုမှ ဘာဖြစ်လို့ပေါ်လာရတာလဲ။'

"ရီရီ ကတိတည်သားပဲ။ ကိုယ့်ကို လက်ဆောင် အမှန်တကယ်ပေးတယ်နော်။ "

"ရီရီကပြောပြီးသားစကားကို တည်ပါတယ်။ အချို့လူတွေကသာ မတည်တာ။"

"ရီရီ အပြစ်တင်ရင်လည်း ကိုယ် ခံပါမယ်။ ရီရီ ပြန်ရောက်တာကို အသိနောက်ကျတာလည်း ဝန်ခံပါတယ်။ ကိုယ် အလုပ်ကိစ္စတစ်ခုနဲ့ နယ်မှာ နည်းနည်းကြာနေခဲ့လို့ပါ။" ဆင်ခြေပေးတော့လည်း စိတ်ဆိုးပြေချင်စရာပါလား။

"ဒါနဲ့ ကိုထက်က ဒီကို ဘယ်လိုသိပြီး ဘယ်လို ရောက်လာတာလဲ။ နောက်ပြီး အေးဝင်းကရော ဘာကြောင့် သိနေရတာလဲ။"

“အဲ့ အကြောင်းပြောရရင်တော့ ကိုယ်နဲ့ ရီရီ ကတကယ့် ရေစက်ပါတယ်လို့ပြောရမယ်။”

ဟင်း... ရေစက်တဲ့။

"ဒီက CEO ဦးဒီပါက ကိုယ့်ဦးလေးလေ။ သူက ကိုယ့်ကို CEO ရာထူး ဆက်ခံစေချင်နေတယ်။ ကိုယ်ကလည်း ကိုယ်အဖေ့ပေးတဲ့ အလုပ်က တစ်ဖက်နဲ့။ ဦးလေးကို ငြင်းထားရတာ ။ ဒါပေမယ့် လူပျိုကြီး ဦးလေးက လက်မလျော့ဘူး။ အားတဲ့အချိန် လာလာပြီး လေ့လာလှည့်ပါလို့ အတင်းခေါ်တဲ့ အတွက်ကြောင့် ခဏခဏ လာဖြစ်တာ။ ရီရီ က ဒီကအစီအစဉ်နဲ့ တရုတ်ကိုသွားမှန်းလည်းမသိဘူး။ ရီရီထက်အရင် ကိုယ်ပြန်ရောက်တော့ ဒီကို ခဏခဏ လာတယ်။ အေးဝင်းတို့နဲ့ ခင်သွားတဲ့အထိ ရီရီ အကြောင်းကို မသိသေးဘူး။ ကိုယ်နယ်မှာတုန်းက ဦးလေးက တရုတ်က ပြန်လာတဲ့ ပန်းပညာရှင်အသစ် ရီရီ ဆိုပြီး ဖုန်းဆက်ပြောတော့မှ သိတာ။ အဲ့ဒါကို ကြားကြားချင်း ကိုယ် အပြေးပြန်လာချင်ခဲ့တာ။ ဟိုဘက်က ကိစ္စက မပြတ်သေးတာနဲ့ ကြာနေခဲ့တာ။ "

မနားတမ်းရှင်းပြနေသော ကိုထက်ကို ရီရီက ရေတစ်ခွက်ကမ်းပေးလိုက်သည်။

"ဖြည်းဖြည်းပြောလည်းမီပါတယ်။ ဘာတွေအဲ့လောက် အလျင်လိုနေတာလဲ။"

"ရီရီ စိတ်ဆိုးမှာကြောက်လို့ပေါ့"

"မဆိုးရဘူးလား။"

"ဆိုးပါ။ ဒါပေမယ့် မကြာစေနဲ့။"

"အဲ့ဒါတော့ ပြောလို့မရသေးဘူး။"

"ဒါဆို ကိုယ် ရီရီအတွက် ဒီကုမ္ပဏီကို ယူပေးရမလား။"

ထက်အာကာ တစ်ယောက် Hua ကို အမြဲတမ်းလိုလိုရောက်ဖြစ်သည်။ ရောက်တိုင်းလည်း ရီရီနဲ့ စကားတွေပြောရင်းနဲ့ပင် အချိန်ကုန်သည်။ ဝန်ထမ်းမိန်းကလေးတချို့ကတော့ အားကျသောမျက်လုံးများနှင့် မုဒိတာ ပွားနိုင်သော်လည်း တချို့ကတော့ ဝန်တိုမှုနဲ့ မျက်စောင်းသာထိုးနေကြသည်။

"ဒါဆိုရီရီတို့က တရုတ်က စတဲ့ ဇာတ်လမ်းလေးပေါ့။ "

"အဲ့လိုပြောရမှာပေါ့"

"ရီရီတို့များနော် ဘယ်ဘဝက ကုသိုလ်ကံကြောင့် လဲတော့မသိ။ ဝဲနေတဲ့ ပျားပိတုန်းလေးတွေက အောက်မကျတဲ့ လူတွေချည်းပဲ။ နည်းလမ်းလေးများရှိရင် ပေးပါဦး။"

"ဘယ်နားမှာရှိလို့တုန်း။ ရှိတယ်ပြောပြော၊ မရှိဘူးပြောပြော အခု ကိုထက် တစ်ယောက်တည်းလေ။"

"အယ့်... ဒီတစ်ယောက်က သေချာတယ်ထင်တယ်။ဒါဆို တို့မန်နေဂျာကြီးနဲ့ ကိုဉာဏ်လင်းတော့ အသည်းကွဲတော့မှာပဲ"

"ဟယ်.. အေးဝင်းစုတ် တိုးတိုးပြောလေ။ မဟုတ်တာတွေလျှောက်မပြောနဲ့။ ကိုဘုန်းရှိန်ကြားရင် အားနာ စရာကြီး။"

"အားနာစရာ မရှိပါဘူး။ ဟုတ်နေတာပဲကို။"

"ကြံကြီးစည်ရာ အေးဝင်းရယ်။"

"ရီရီ တကယ်မသိတာလား။ အေးဝင်းက ရီရီ သိရက်သားနဲ့ မသိချင်ယောင်ဆောင်နေတာမှတ်လို့။ လူတွေအကြောင်း သိပ်သိတတ်တဲ့ ရီရီက အခု မေတ္တာရေးရာမှာတော့ မူလတန်းအဆင့်သာသာပါလား တော်။"

"လျှောက်မဖွနဲ့နော်အေးဝင်း"

"မဖွရပါဘူး ရီရီ ရယ်။ ရီရီသာမသိတာ တစ်ရုံးလုံးက ကိုဘုန်းရှိန် ရီရီ ကို ကြိုက်နေတာ သိကြတယ်။"

"မဖြစ်နိုင်ပါဘူး အေးဝင်းရယ်"

"ဖြစ်နေပြီလေ။ သူ ရီရီ့ကိုကြည့်တဲ့ အကြည့်တွေထဲမှာ မေတ္တာတွေပါနေတယ်၊ ဂရုစိုက်မှုတွေပါနေတယ်၊ စိုးရိမ်မှုတွေပါနေတယ်။ ရီရီ ကို ပြောတဲ့ စကားတွေဟာ ပျားသကာလိုချိုသာနေတယ်။ အေးဝင်း အလုပ်စဝင်ကတည်းက ကိုဘုန်းရှိန် အခုချိန်လောက် တက်ကြွနေတာမျိုး၊ ရီရီကို ချီးကျူးတဲ့ ပုံစံမျိုး၊ အရေးပေးဆက်ဆံတဲ့ပုံစံမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အဲ့ဒါတွေက သူ ရီရီ့ ကိုသဘောကျနေတယ်လို့ ဆိုလိုတာပေါ့။”

"အော် .... အေးဝင်းရယ် အဲ့လောက်နဲ့တော့ ကောက်ချက်လို့မရပါဘူး။"

"ရတယ် ရီရီ။ လူတစ်ယောက်က လူတစ်ယောက်အတွက် သူမလုပ်ဖူးတဲ့ အရာတွေကို လုပ်တတ်လာတယ်။ ပြောင်းလဲပေးလာတယ်ဆိုတာ အချစ်ကြောင့်မဟုတ်ရင် ဘာကျန်သေးလဲ။"

အေးဝင်းစကားကို ပြန်ချေပနိုင်လောက်အောင်အထိ ရီရီက စကားမတတ်တော့ ဆက်မပြောဘဲ ငြိမ်နေလိုက်ရသည်။ သို့သော် ရီရီ မယုံပါ။ ကိုဘုန်းရှိန်ကလည်း ယုံချင်စရာကောင်းလောက်အောင်မပြုမူဖူးပါ။

"ရီရီ ဘယ်သွားမလို့လဲ။ "

ရုံးခန်းထဲက အလျင်စလိုထွက်လားသော ရီရီကို ထက်အာကာက လှမ်းမေးသည်။

"အော် ကိုထက် လာတာလား။ ရီရီ ကျောင်းထဲကိုသွားမလို့။ "

"ဟုတ်လား ကိုယ်လိုက်ပို့ပေးမယ်လေ။"

"ရပါတယ်။ ကိုထက် ဒီမှာ ကိစ္စရှိရင် ကျန်ခဲ့ပါ။"

"မရှိပါဘူး။ ရီရီ့ဆီပဲလာတာကို။"

"ကဲ ဟုတ်ပါပြီ။ ဒါဆိုလည်း သွားရအောင်။"

"ရီရီ လာ လာ ဂျူနီယာလေးတွေ တိုင်ပတ်နေပြီ။ နည်းနည်းပါးပါး ကူပေးလိုက်ပါဦး။"

"ဟုတ် တီချယ်။"

"ညီမလေး အစ်မ လုပ်ပြမယ်နော်။ ..."

ထက်အာကာကတော့ အလုပ်များနေသော ရီရီကို အဝေးကသာကြည့်နေရသည်။ ပန်းနဲ့ ပတ်သတ်လို့ အကူအညီလည်းမပေးနိုင်။

"ရီရီ ရောက်နေတာလား။ ကိုယ့်လည်း ကြိုမမပြောဘူး။"

"ရီရီ လောလောနဲ့ ထွက်လာတာ ကိုဉာဏ်လင်းကို ဖုန်းဆက်ချိန်မရလိုက်ဘူး။ ကိုဉာဏ်လင်းလည်း အတန်းချိန်တွေ ရှိနေမှာပေါ့။ ရီရီ့ကို တကူးတက လာအဖော်ပြုပေးဖို့မလိုတော့ပါဘူး။"

"တကူးတကမှ မဟုတ်တာ ။ ရီရီ ကလည်း အခြားလူတွေမှမဟုတ်တာ။ ပြီးတော့ အခုက ကိုယ့်ဌာနကို ရောက်နေတာလေ။ အဖော်ပြုပေးရမှာပေါ့။"

"အယ်လယ့် တို့ဆရာ လူပျိုကြီး တော်ကီ ကျွေးနေပြီဟေ့။ " မိန်းကလေးများက ဝိုင်းအော်ကြသည်။

အော် ကိုထက် တစ်ယောက်ဘယ်ပျောက်သွားပါလိမ့်။

ရီရီ ဟိုဟိုဒီဒီ ကြည့်မိတော့ ဟောတော် ရီရီတို့ကို စိုက်ကြည့်နေတာ ဘီလူးသရဲကြီးကျနေတာပဲ။

"ကိုထက် အခုနက ကျောင်းထဲမှာ ဘာဖြစ်နေတာလဲ။ မျက်နှာကြီးက စူပုပ်နေတာပဲ။ "

ကျောင်းကအပြန် ရီရီက ထက်အာကညကို မေးတော့

"မသိလို့မေးတာလား"

"ဒါဆို ရီရီ ကိုကြည့်နေတာပေါ့"

"မကြည့်ရဲပါဘူးဗျာ။ ရီရီဆိုတဲ့ ခင်ဗျာလေးကို မျက်လုံးထဲ စိုက်ကြည့်ဖို့တောင် မဝံ့မရဲနဲ့ တန်ဖိုးထားနေရတာ၊ စူးစူးဝါးဝါးကြီးကြည့်ရက်စရာလားဗျာ။ ကိုယ်ကြည့်နေတာက အဲ့ဒီဉာဏ်လင်းဆိုတဲ့လူ ရီရီ့နားကပ်နေတာ ကြည့်မရလို့။ "

"အော်.. သူများက မိတ်ဆွေတွေပါနော်။ "

"ရှောင်ချိုး ပြောတဲ့ တစ်ယောက်ကသူမလား"

"ဟင်း ရှောင်ချိုးက ပြောထားတာလား။ "

"ကိုယ်က သိချင်လို့ စုံစမ်းထားတာပါ။"

"ဟုတ်ပါတယ်။ ဒါပေမယ့် အတိတ်ဖြစ်သွားပါပြီ။"

"ရီရီ့ရဲ့ အတိတ်တွေထဲက တစ်စွန်းတစ်စ ဖြစ်ခွင့်ရတဲ့ ဘယ်ယောက်ျားလေးကိုမဆို ကိုယ် သဝန်တိုတာတော့ အမှန်ပဲ။ "😲♥️

"ဟင်း... စကားတွေ တော်တော်တတ်နေတယ်နော်။"

"ရီရီ့ ကြောင့်ပဲလေ။"

"မဆိုင်ပါဘူး။ "

"ရီရီ ကိုယ့်ကို ဘယ်အချိန်လောက်များ ရီရီ့ ချစ်သူဖြစ်ခွင့်ပေးဖို့စဉ်းစားထားလဲ။"

"ကိုထက်က ရီရီ ကို ဘယ်အချိန်ကများ ချစ်ခွင့်ပန်လိုက်တာပါလိမ့်။ ရီရီ လည်း မသိရပါလား။"

ပါးစပ်က ဝန်မခံဘဲနဲ့ ‌တစ်ခါတည်း အဖြေတောင်းနေသော ကိုထက်ကို ရီရီက သိပ်သဘောမကျဟန်ဖြင့် ပြောလိုက်လေသည်။

"ကိုယ့် ရဲ့ ဘယ်အပြုအမူကများ ရီရီကို ချစ်မိတဲ့ ပုံစံနဲ့ မတူလို့လဲ ရီရီရယ်။ စကားနဲ့ ပြောတာထက် ပေါ်လွင်တဲ့ အပြုအမူကို အသိအမှတ်ပြုပေးလို့မရဘူးလား။ ကိုယ်ကတော့ သူများတွေပြောနေကျ ချစ်စကား လှလှလေးတွေထက် နားလည်မှုနဲ့ ဖော်ပြပြီး အေးချမ်းတဲ့ မေတ္တာတရားက ရီရီ နဲ့ပိုလိုက်ဖက်မယ်ထင်လို့ပါ။

ရီရီ က ငြိမ်းချမ်းတဲ့ အပြာရောင်ပန်းကလေးတစ်ပွင့်ပါ။ ရီရီ့ကို အမြဲတမ်းလည်း အေးချမ်းစေချင်တယ်။

ရီရီက ကာလာစုံ ချစ်ခြင်းတရား‌တွေထက် အပြာရောင် သီးသန့် မေတ္တာတရားနဲ့ ထိုက်တန်တဲ့ ပန်းကလေးတစ်ပွင့်ပါ ရီရီ ။"

"အား.... ပြောတတ်လိုက်တာ၊ ချိုနေလိုက်တာ။ ကိုထက်တို့များနော်။ ရီရီရှေ့မှာ အညှာအရင်းကနေ ကြွေတော့တာပဲ။ ဆက်ပြော ဆက်ပြော ။ ဒါဆို ရီရီ ကတစ်ခါတည်း အဖြေပေးလိုက်ပြီလား"

"ရူးနေလား အေးဝင်းရဲ့ ။ ရီရီက မိန်းကလေးလေ။ အဲ့လောက် သိက္ခာမဲ့လို့မရဘူး။ နည်းနည်းတော့မူရမှာပေါ့"

"အယ့်...."

ရီရီ ကိုယ့်စကားကြောင့် မျက်နှာများ နီရဲသွားပြီး လက်နှစ်ဖက်နှင့်ကာလိုက်သည်။

"ကိုထက် လုံးဝမထင်ရဘူးနော် ။ အဲ့လောက်ပြောတတ်မယ်လို့ ။ fighting ပါ။ "

အလုပ်ထဲဖြတ်သွားရင်း ကိုထက်နဲ့တွေ့တော့ အေးဝင်းက တိုးတိုး တိုးတိုး လိုက်စသည်။ ကိုထက်ကတော့ ခေါင်းကုတ်ရင်း ရယ်လျက်သာ။

"ရီရီ ကျွန်တော် ရီရီကို ဝန်ခံစရာတစ်ခုရှိတယ်။"

ညနေ အလုပ်ဆင်းတော့ ကိုဘုန်းရှိန်က ရီရီ ကို ညစာလိုက်ကျွေးသည်။ ရီရီ တို့စားသောက်ဆိုင်တစ်ခုမှာ ညစာစားကြသည်။ ညစာစားပြီးတော့ ကော်ဖီဆိုင်လေးမှာ ထိုင်ဖြစ်ကြသည်။

"ဘာများလဲ ကိုဘုန်းရှိန်။ ရီရီ့ကို ဝန်ခံစရာက။"

"ကျွန်တော်လိုလူက စကားလုံးလှလှလေးတွေလည်း မပြောတတ်ဘူးဗျာ။ နားဝင်မချိုရင်လည်း သည်းခံပေးပါ ။ ကျွန်တော် ရီရီ ကို ချစ်နေတယ်။ ရီရီ လည်းကျွန်တော့်ကို ချစ်ရင် လက်ထပ်ဖို့ကို ကျွန်တော် အကုန်စီစဉ်ပါမယ်။"

ဟုတ်တာပေါ့ ။ ဒီချစ်စကားက ၂၁ ရာစုမှာ အခါးဆုံးဖြစ်လိမ်မယ်ထင်တယ်။ ထူးတော့ထူးဆန်းသားပဲ။ ချစ်တာကို ချစ်တယ်လို့ ပြောတာတောင် ကီးကြောင်သလိုလို၊ ပြောတဲ့သူကပဲ ‌မပြောတတ်ပြောတတ်၊ ကြောင်နေသလိုလို ထင်တတ်ကြသည်။ ချစ်တာကို ချစ်တယ်လို့ မပြောရင် ဘယ်လိုပြောရမတုန်း။ လှလှပပ အလင်္ကာလေးတွေသုံးပြီးပြောပေါ့၊ ကဗျာစီ စာစီပြီးပြောပေါ့ ဒါမှ ချစ်စကားလို့ ထင်တတ်ကြတာ လူ့သဘာဝပါ။

ကိုဘုန်းရှိန် အကြောင်းကို သိနေသော ရီရီ ကား အံ့ဩသွားရုံမှအပ သူ့ချစ်စကား နည်းနည်းခါးတာကို နားလည်ပေးနိုင်ပါသည်။

" ကိုဘုန်းရှိန် ရီရီ..." ရီရီ ဘာပြန်ပြောရမှန်းမသိဖြစ်နေချိန်တွင် သူက

"အခုမဖြေလည်း ရပါတယ်။ စဉ်းစားပေါ့။ ကျွန်တော်စောင့်နိုင်ပါတယ်။ "

"ကိုဘုန်းရှိန် ရီရီ မှာ အဖြေရှိပြီးသားပါ။ အခုဖြေရင်ကောင်း၊ မကောင်းကိုပဲ တွေးနေတာပါ။"

"ဒါဆိုရင် အခုမဖြေပါနဲ့တော့။ အခုဖြေရင် သေချာပေါက်ကျွန်တော့်အတွက် သတင်းကောင်းဖြစ်မှာမဟုတ်ဘူး။ နောက်မှ ဖြည်းဖြည်းချင်း ဖြေပေါ့။ အဲ့ဒီအချိန်ကျရင် သတင်းကောင်းဖြစ်ချင်ဖြစ်သွားနိုင်တယ်လေ။"

ရီရီ မျက်နှာကို စေ့စေ့မကြည့်နိုင်ဘဲ ပြောနေသော ကိုဘုန်းရှိန်ကား ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။

"အခုပဲဖြေဖြေ၊ နောက်ပဲဖြေဖြေ ရီရီ့အဖြေက အတူတူပါပဲ။ သတင်းကောင်း၊ သတင်းဆိုးလည်း အတူတူပဲဖြစ်မှာပါ။”

ကိုဘုန်းရှိန် မျက်စိမျက်နှာ လုံးဝမကောင်းတော့ပါ။

"ကိုဘုန်းရှိန်က တကယ့်ကို ကောင်းတဲ့လူကောင်းတစ်ယောက်ပါ။ ကိုဘုန်းရှိန်နဲ့ လက်တွဲရမယ့် မိန်းကလေးကလည်း အရမ်းကို ကံကောင်းတဲ့ မိန်းကလေးပဲဖြစ်မှာပါ။ ရီရီကတော့ ကိုဘုန်းရှိန်ကို အားနာစွာနဲ့ငြင်းပါရစေ။"

ကိုဘုန်းရှိန် ယဲ့ယဲ့လေးပြုံးလိုက်သည်။ နောက်ပြီး ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ ရီရီ အဖြေကိုသိရဲ့သားနဲ့ ကျွန်တော် နောင်တမရချင်လို့ ကြိုးစားကြည့်တာပါ။ ရီရီ လည်းသိတယ်မလား။ ကျွန်တော်က ဖြစ်ချင်တာ၊ လိုချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့သူဆိုတာ။ မဖြစ်နိုင်ရင်တောင်မှ ကြိုးစားကြည့်လိုက်ရမှ။ "

ဟူ၍ ပြောသဖြင့် ရီရီမှာ အံ့ဩရသည်။ အဖြေကိုသိပြီးသားတဲ့လား။

"ဒါပေမယ့် စိတ်ချပါ ရီရီ ။ ကျွန်တော်က လိုချင်တာကို ရအောင်ယူတတ်ပေမယ့် ကိုယ့်အတွက် မဟုတ်တဲ့ အရာကိုလည်း ကျေကျေနပ်နပ် လက်လွှတ်ရဲပါတယ်။"

လိုချင်တာကို အရယူဖို့ဝန်မလေးပေမယ့် ကိုယ့်အတွက်မဟုတ်ရင် ဘယ်လောက်ပဲလိုချင်လိုချင် ရဲရဲကြီး စွန့်လွှတ်ရဲတဲ့ အမျိုးသားကောင်းဆန်မှုကြီးကို အခြားမိန်းကလေးတစ်ယောက်သာဆိုရင် ဟတ်မထိဘဲ နေနိုင်မှာမဟုတ်ပါဘူး။

✍ မိညို

အခန်း ၆ ဆက်ရန်