ပန်းပြာ (သို့) အပြာရောင်ပန်းကလေး


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၆)

"ရီရီက တို့မန်နေဂျာကြီးကို ငြင်းလိုက်တယ်‌ပေါ့လေ။ သူ အတော်လေးခံစားသွားရမှာပဲ။ အေးဝင်းသိသလောက် သူက ရည်းစားထားဖူး‌ပုံလည်းမပေါ်ဘူး။ အချစ်ဆိုတာ ဖြစ်လာဖို့ခက်ခဲတဲ့ လူတွေဟာ အချစ်ရေးမှာ အစ လွဲသွားရင် နောက်တစ်ခါ ပြန်စဖို့ ခက်ခဲတတ်တယ်တဲ့။ "

အဲ့ဒါတော့ ရီရီ လည်းလက်ခံပါသည်။

တချို့လူတွေ အတွက်ကတော့ အချစ်ဆိုတာ စဖြစ်ဖို့ရန် အရမ်းခက်ခဲပါတယ်။ တစ်ခါလွဲဖူးတဲ့ လူတွေဆိုရင်တော့ ဒုတိယ အကြိမ်ဆိုတာ မစ ရဲလောက်အောင်ကို ခက်ခဲသွားတတ်သည်။

"ရီရီ အမြင်မှာ ကျွန်တော့်ကို လုံးဝ စဉ်းစားဖို့တောင်မလိုဘူးပေါ့လေ။"

နောက်တစ်နေ့ ဆုံဖြစ်တော့လည်း ကိုဘုန်းရှိန်က မေးနေသေးသည်။

"အဲ့လိုလည်းမဟုတ်ပါဘူး ကိုဘုန်းရှိန် ရယ်။ ကိုဘုန်းရှိန် အထင် ရီရီတို့ အရမ်းတူလွန်းနေတယ်လို့ မထင်ဘူးလား။"

"လက်တွဲဖော်အချင်းချင်း တူတာလေးတွေရှိတော့ ပိုမကောင်းဘူးလား ရီရီ။ "

"အပြောသာ ကောင်းတာပါ။ လက်တွေ့က တော့ နည်းနည်းလေးမှ ကောင်းတယ်လို့မထင်ဘူး။ လက်တွဲဖော်ချင်း တူလွန်းရင် ဖြစ်တတ်တဲ့ ပြဿနာက ဘာလဲ သိလား။"

ကိုဘုန်းရှိန် ခေါင်းခါသည်။

"ကိုယ့်ကိုကိုယ် ပြန်ကြည့်နေရတဲ့ မှန်တစ်ချပ်လိုပဲ။ မှန်ကြည့်တဲ့အခါ လှနေတဲ့ အချိန်တော့ မှန်ကြည့်ရတာကို သဘောကျတယ်။ ခဏခဏ ကြည့်ဖြစ်တယ်။ လှမနေတဲ့ အချိန်ကျတော့ မကြည့်ချင်ဘူး။ ဒါကြောင့် မှန်ကြည့်တာဟာ လှမှ ကောင်းသလို၊ တူညီတဲ့ လူနှစ်ယောက်လည်း အမြဲအဆင် မပြေနိုင်ပါဘူး။ "

"ဒါပေမယ့် ဝါသနာတူ၊ စိတ်တူကိုယ်တူချင်းလက်တွဲသွားကြတဲ့ စုံတွဲတွေလည်း အများကြီးပါပဲ ရီရီ။"

"အဲ့ဒါလည်း ရီရီ လက်ခံပါတယ်။ ရီရီက ခြုံပြီးပြောတာပါ။ တူတယ်ဆိုတဲ့ အထဲမှာ ရီရီနဲ့ ကိုဘုန်းရှိန်က အေးစက်တဲ့ နှလုံးသား ရှိတာကအစ တူလွန်းနေတယ်။ ကိုဘုန်းရှိန်ပဲ စဉ်းစားကြည့်ပါ ရီရီတို့နှစ်ယောက်သာ လက်တွဲလိုက်ရင် ပျော်ရွှင်ရဖို့ထင်လား။"

"ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲရရင် ပျော်မယ်လို့ထင်တာပဲ။"

"မဟုတ်ဘူး ကိုဘုန်းရှိန် ချစ်တာကချစ်တာ၊ ပျော်ရွှင်ရတာက ပျော်ရွှင်ရတာ။ သက်သက်စီပါပဲ။ ချစ်ပေမယ့် ပျော်ရွှင်မှုမရှိလို့ လမ်းခွဲကြရတယ်ဆိုတာ ကိုဘုန်းရှိန်လည်း ကြားဖူးမှာပါ။ "

"ကျွန်တော် ရီရီကိုတော့ ငြင်းလို့မနိုင်ပါဘူးဗျာ။ "

ကိုဘုန်းရှိန် အသံက သိသိသာသာ ညိုးကျသွားပါသည်။ "

နောက်နေ့တွေဆိုလျင်လည်း ကိုဘုန်းရှိုန်သည် ရီရီကိုတွေ့လျှင်လည်း အကြည့်ချင်းတောင် အဆုံမခံဘဲ ရှောင်သွားတတ်လာသည်။ ရီရီ ပဲ ထင်နေလို့လားတော့ မသိပါ။ ကိုဘုန်းရှိန်သည် ရီရီ ကို အရင်လို ရင်းရင်းနှီးနှီး မဆက်ဆံတော့ပါ။ ကိုဘုန်းရှိန်လို အတွေ့အကြုံများပြီး အလုပ်လုပ်တဲ့အခါ စေ့စပ်သေချာတဲ့ လူတစ်ယောက်ရဲ့ လမ်းညွှန်မှုမရှိဘဲနဲ့ ဒီနေ့လို ရီရီ ဆိုတာ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ ထိုကြောင့် ရီရီ သူ့ကို ဆရာလိုရော၊ အစ်ကိုလိုရော အားကိုး ခင်မင်ပါသည်။ ဆက်လက်ပြီးတော့လည်း ရီရီရဲ့ မိတ်ဆွေကောင်းအဖြစ်သူ့ကို ရီရီ လိုအပ်ပါသည်။

"ကိုဘုန်းရှိန် ရီရီကို အလုပ်အကြောင်း လာဆွေးနွေးတဲ့ဖောက်သည်ရှိတယ်။ ဘယ်လို အကြောင်းပြန် လိုက်ရမလဲ။" ဟူ ၍ အရင်လို တိုင်ပင်တော့လည်း

"ကျွန်တော်ကို တိုက်ရိုက်ဆက်သွယ်ဖို့ ပြောလိုက်ပါ။ " ဟူ၍ အေးစက်စက်သာပြန်ပြောသည်။

အသွားအလာ တွေ့လို့ ပြုံးပြရင်တောင် မျက်နှာလွှဲသွားတတ်သည်။ အော်... သူလည်း ရီရီကို စိတ်နာသွားတယ်ထင်ပါရဲ့လေ။

"အေးဝင်း ရီရီကိုတွေ့မိသေးလား။ ဖုန်းလည်းမကိုင်ဘူး။ "

"ရီရီ ကိုဉာဏ်လင်း လာကြိုလို့ အစောကြီးထွက်သွားတယ် ကိုထက်ရဲ့။ အရေးကြီးလို့လား။"

"အော် ရပါတယ်။ သိပ်အရမကြီးပါဘူး။"

အရေးမကြီးပေမယ့် ရီရီ အဲ့ဒီလူနဲ့ သွားတွေ့တာ သိပ်သဘောမကျချင်ပါ။ ‌သွားတွေ့မယ်ဆိုလည်း ပြောသွားတာမဟုတ်။ အေးလေ.. အရာရာကို အသိပေးလောက်အောင်အထိ ရေရာတဲ့ ဆက်နွယ်မှုမှ မဟုတ်သေးတာ။

"ကိုထက် ရီရီ့ဆီကို လိုက်သွားမလို့လား။"

"ဟာ. ငါက ဘာကိစ္စလိုက်သွားရမှာလဲ။"

"ကိုထက် တကယ်ပဲ စိတ်ချတာလား။ ရီရီနဲ့ ကိုဉာဏ်လင်းကိုလေ။ ကိုဉာဏ်လင်း အပြောကောင်းလို့ ရီရီ စိတ်ယိုင်သွားရင် ကိုထက်ပဲ ခံစားရမှာနော်။ ပြီးတော့ ကိုထက် မမေ့နဲ့နော် ကိုဉာဏ်လင်းက ရီရီ အတော်ကြာအောင် ကြိတ်သဘောကျခဲ့ရတဲ့သူဆိုတာ"

အေးဝင်း စကားများက အဆိပ်ပင်ရေလောင်းသလိုဖြစ်သွားလေသည်။ မသိမသာ စိတ်ပူနေသောစိတ်ကို မထိန်းနိုင်တော့ဘဲ မျက်စိမျက်နှာ ပျက်နေလေသည်။

"သူတို့သွားတဲ့ နေရာက .....

သွားတာမသွားတာကတော့ ကိုထက် သဘောပါပဲ။"

ကိုယ်ကတိတ်တိတ်ကလေး သဘောကျနေရတဲ့သူက သူ့ကိုသဘောကျဖူးတဲ့ သူနဲ့ သွားတွေ့တာဟာ ရိုးရိုးမဟုတ်မှန်းကို သိထားသူ အေးဝင်း။

နောက်တစ်ယောက်ကတော့ ကိုယ်မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်က သူမြတ်နိုးဖူးတဲ့ သူနဲ့ တွေ့ကြောင့် ရုတ်တရက်သိလိုက်ရသူ ထက်အာကာ။

သူတို့နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ တစ်ခုခုကို ဆုံးရှုံးရမှာကြောက်နေကြသည်။

ကိုယ့်အတွက်လို့ တွေးထားတဲ့အရာတစ်ခု သူများလက်ထဲ မရောက်ဖြစ်အောင် ကြိုးစားကြည့်ချင်ကြသည်။

ထက်အာကာ တခဏမျှ ရပ်နေပြီးလျှင် ဝုန်းခနဲ လှည့်ထွက်သွားသည်။

ငါရဲ့ အချစ်စိတ်ကြောင့် ဖြစ်လာတဲ့ အတ္တ အတွက် တောင်းပန်ပါတယ် ရီရီ ရယ်။ ငါလည်း နောင်တမရချင်တဲ့ အတွက် တတ်နိုင်သမျှတော့ ကြိုးစားကြည့်ချင်တယ်။

ငါတစ်ကိုယ်ကောင်းဆန်သလိုများဖြစ်သွားရင် နင့်ကို အသေအချာတောင်းပန်ပါ့မယ်။ ကိုထက်ထွက်သွားသည်ကို ရင်တတ်မအေး ကြည့်ကျန်ခဲ့ရသော အေးဝင်းရင်ထဲတွင်ကား သောကမီးများတောက်လောင်လျက်သာ။

"မချစ်တော့ဘူး ဆိုတာ မချစ်ခဲ့ဘူးလို ဆိုလိုတာ မဟုတ်ပါဘူး ကိုဉာဏ်လင်းရယ်။

ဒီအချိန်မှာ ကိုဉာဏ်လင်းကို ဆက်ချစ်ဖို့ ရီရီ့ နှလုံးသားက ငြင်းဆန်နေရုံပါ။"

ရီရီ့ကို ပြောစရာ ရှိသည်ဟုပြောကာ အရေးတကြီးလာကြိုသော ကိုဉာဏ်လင်းက ရီရီကို ချစ်စကားဆိုလာပါသည်။ ရီရီ ပြန်ရောက်ကတည်းက ကိုဉာဏ်လင်း ရီရီ့ အပေါ်ဆက်ဆံပုံများကို ကြည့်ကာ ဒီစကားကို တစ်နေ့နေ့ပြောလာမည်ကို ရီရီ ကြိုတင်မှန်းပြီးသားပါ။ ဒီနေ့တော့ပြောလေပြီ။

ဒါပေမယ့် အရင်တုန်းက ရီရီ မဟုတ်တော့ဘူးလေ။ ရီရီ သူ့ကို တစ်ခါ လက်လျှော့ပြီးပြီ။ သူ့အတွက် ရီရီရဲ့ အချစ်တွေက အချိန်အတိုင်းအတာ တစ်ခုအထိ နာကျင်စေခဲ့သည်။

သူ့နဲ့ ဘာမျှ မဆိုင်သော်လည်း သူ့ကို ချစ်မိတဲ့ အတွက် ရီရီ ကိုယ့်ကိုကိုယ် ထိခိုက်စေခဲ့သည်။ အခုချိန်မှာတော့ အကောင်းအတိုင်းပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပြီ။

"ရီရီ ကိုယ့်ကို အခုလိုငြင်းတာ အရင်ကတည်းက မချစ်ခဲ့လို့များလား" တဲ့။

ချစ်ခဲ့ပါတယ်။ သိပ်ချစ်ခဲ့လို့လဲ အရဲစွန့်ပြီး ပြောပြခဲ့တာ တိုက်ရိုက် ဖွင့်မပြောရုံတမည်ပါပဲ။ မချစ်ခဲ့တာ မဟုတ်ပါဘူး။ ဆက်ချစ်ဖို့ မဖြစ်နိုင်တော့တာပါ။

"အဲ့ဒီတုန်းက ရီရီ ပေးခဲ့တဲ့ boyfriend lists ထဲမှာ ဘယ်အချက်ကများ ကိုဉာဏ်လင်းနဲ့ လွဲတာပါလို့လဲ။

အဲ့ဒါ ရီရီ ရဲ့ အရဲစွန့်ခဲ့ရတဲ့ ကြိုးစားမှုပါပဲ။"

"ဒါနဲ့များရီရီ ရယ်။ အခု မချစ်တော့ဘူးဆိုတဲ့ စကားကို ပြောထွက်ရသလား။ အဲ့ဒီတုန်းက ရီရီ့ အပေါ်ပဲ ထူးထူးခြားခြား ဆက်ဆံတဲ့ ကိုယ့်ခံစားချက်ကို နည်းနည်းလေးမှ မရိပ်မိခဲ့တာပါလား။"

"ခံစားချက်.."

"အဲ့ဒီတုန်းက ဖြူစင်ရိုးသား ကြိုးစာတဲ့ မိန်းကလေးတစ်ယောက်က အချစ်ကို ဦးစားပေးပြီး ထင်ရာစိုင်းတတ်သွားမှာစိုးလို့ အစ်ကို အရာကနေပြီး ဂရုစိုက်ပေးခဲ့တာ။ သူ့အောင်မြင်မှုတွေမှာ အတား အဆီးဖြစ်မှာစိုးလို့ ရင်နာနာနဲ့ အဝေးထွက်သွားတာကို ကြည့်နေခဲ့ရတာပါ။"

အို.... သူလည်း ရီရီ့အတွက် ခံစားချက်ရှိခဲ့တယ်ဆိုပဲ။ ရီရီ နားကြားမှားပြီး ကြားချင်ရာ လျှောက်ကြားနေတာများလား။ မဟုတ်ပါ။ အမှန်တကယ်ကြားနေရခြင်းဖြစ်သည်။ သို့သော် ဘာထူးလာ တော့မည်နည်း။ အတိတ်မှာ ကျန်ခဲ့လေပြီ။ ရီရီကအထင်လွဲသွားတယ်ပဲဆိုပါတော့၊ ပြန်ပြင်လို့မှ မရတော့တာ။

အခုလက်ရှိက သူနဲ့ လားလားမျှမသက်ဆိုင်တော့ပြီ။

"အခုမှ ပြန်ပြောနေလို့လဲ မထူးတော့ပါဘူး ကိုဉာဏ်လင်းရယ်။"

"ထူးတာပေါ့ ရီရီ။ ရီရီ အထင်လွဲနေတာ ၊ မမြင်တတ်ခဲ့တာတွေလေ။ ရီရီ ပြန်ရောက်လို့ အရမ်းပြောင်းလဲသွားတာကို မြင်ရတော့ ကိုယ်ဖွင့်ပြောဖို့ကို တွေဝေနေခဲ့တာ။ ရီရီ လှလာလို့ ကိုယ်က ချစ်မိတယ်လို့ အထင်ခံရမှာ မလိုလားဘူး။အခုချက်ချင်း အဖြေပေးဖို့လည်း ကိုယ်မတောင်းဆိုပါဘူး။ ရီရီ စဉ်းစားပါ။ ကိုယ်စောင့်နိုင်ပါတယ်။"

"ခက်ပါလား ကိုဉာဏ်လင်းရေ။ ရီရီ ကို အဖြေရကြပ်အောင်မလုပ်ပါနဲ့။"

"တကယ်တော့ ရီရီကိုယ့်ကို စိတ်နာနေတာလည်းဖြစ်နိုင်ပါတယ်။ အချိန်အကြာကြီး နာထားရတဲ့ စိတ်ကို မချစ်တော့တဲ့ ခံစားချက်နဲ့ မရောလိုက်ပါနဲ့ ရီရီ ရယ်။ ကိုယ့်ကို အခွင့်အရေးလေးတော့ပေးပါဦး။ "

" ဦးလေး ကျွန်တော့်ကို နည်းနည်းပါးပါး ကူညီပါအုံးဗျာ ။ "

"ဘာကို ကူညီရမှာလဲ။ ဒီမှာ အလုပ်ရှုပ်နေတာမမြင်ဘူးလား။ "

ဦးဒီပါက ကိုယ်တိုင်ထိုးထားသော ပန်းအိုးကို ဘယ်ပြန်ညာပြန်အကြည့်မပျက်ပေ။

"အကြံအဉာဏ်လေးပေးရုံပါဗျာ။"

"ပြောကြည့်လေ"

"မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ရအောင် ဘယ်လိုဖမ်းဆုပ်ရမလဲ ဆိုတာ အကြံအဉာဏ်လေးပေးပါဦး။"

စိတ်ပါလက်ပါ အမူအရာများပြကာ ပြောနေသော ထက်အာကာ ကို လှည့်ကြည့်ကာ ဦးဒီပါပြုံးလိုက်သည်။

"အာကာက ဒီလူပျိုကြီးကို မှ အားကိုးပြီးမေးနေတယ်ပေါ့။ ယုံကော‌ယုံကြည်ရဲ့လား။"

"ဟာ ဒီလူပျိုကြီးက မစွံလို့ လူပျိုဖြစ်နေတာမှမဟုတ်တာ။ အချစ်စစ်နဲ့ လွဲသွားလို့ ဖြစ်နေရတာ။ အချစ်ရေးရာ ကျွမ်းကျင်သူကြီးလေ။"

အာကာ စကားမှန်ပေသည်။ ဦးဒီပါသည် တစ်သက်မှာ တစ်ခါပဲ တစ်ယောက်တည်းကို ချစ်ခဲ့သည်။ တစ်ခါပဲ ချစ်ရဖို့မွေးဖွားလာတဲ့ ဦးဒီပါဟာ အချစ်ဦးနဲ့လွဲပြီးနောက်ပိုင်း ဆက်ချစ်ဖို့ဆိုတာ ဝေးစွ။ အေး‌အေးဆေးဆေးသာ အချိန်ကုန်နေသောသူဖြစ်သည်။

"ကဲ ဒါဆို ဒီလူက အကြံပေးရတော့မှာပေါ့လေ။ အားကိုးတယ်ဆိုတော့လဲ။ လွယ်မယ်လို့ထင်ပေမယ့် တကယ်တော့ ရီရီ လိုမိန်းကလေးတွေကို ပိုးပန်ရတာ အတော်ကို ခက်မယ်။"

"ဟုတ်တယ် ဦးလေး ။

"ဟာ ကျွန်တော့်က ရီရီ လို့မပြောရသေးဘူးလေ။"

"ငါ့တူရာ မင်းပါးစပ်ဟကတည်းက မင်းဗိုက်ထဲ အူ ဘယ်နှခွေရှိလဲဆိုတာ မြင်နေရတယ်။ "

"ဟုတ်ပါပြီဗျာ။ ဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ပဲပြောတော့မယ်။ ကျွန်တော် ရီရီ ကို ဘယ်လိုပိုးပန်းရလဲ။"

"ဒါကတော့ မင်းတို့နှစ်ယောက် ဘယ်အဆင်အထိရောက်နေပြီလဲဆိုတာအပေါ် မူတည်တယ်။"

"အဆင့်ကိုပြောရရင်တော့"

ထက်အာကာ ထိုင်ရာကနေ ထပြီး လမ်းလျှောက်သည်။

"ရီရီ့ဘက်က ကျွန်တော်အတွက် ခံစားချက်က သာမန်မဟုတ်တာကိုလည်းသိတယ်။ ကျွန်တော်ဘက်က ခံစားချက်ကိုလည်း ရီရီ သိတယ်။ ဒါပေမယ့် ရီရီ့ဘက်က ခံစားချက်ကို ဖွင့်ထုတ်ဝန်ခံအောင်လုပ်ဖို့ကျတော့ ခက်ခဲနေတယ်။"

ထက်အာကာ က တစ်ခုခုကို တွေးရင်း တိတ်သွားလေသည်။

ဦးဒီပါကတော့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း သူ့ရဲ့ ပြောင်မြောက်လှတဲ့ အကြံကို စပြောဖို့ပြင် ဆင်လိုက်လေသည်။

"ကဲ အာကာ ငါတို့ကတော့ ခေတ်လူငယ်တွေမဟုတ်တဲ့ အတွက် ဘာညာသာလိကာ စကားချိုလေးတွေ ပြောတတ်အောင် မသင်ပေးတတ်ဘူး။ လူသားဆန်ပြီး အထိရောက်ဆုံး နည်းလမ်းတစ်ခုပြောမယ်။ ဒီနည်းက ရှေးရိုးဆန်လွန်း‌ ပေမယ့်အသုံးတော့ဝင်တယ်။"

"ကျွန်တော်စိတ်ဝင်စားနေပြီ။ ဘာနည်းလမ်းလဲ။"

✍ မိညို

အခန်း ၇ ဆက်ရန်

12 views0 comments