
ပန်းပြာ (သို့) အပြာရောင်ပန်းကလေး
Updated: Jan 9
ပန်းပြာ (သို့) အပြာရောင်ပန်းကလေး
💙💙💙💙💙💙💙💙💙
မိညို ရေးသည်
အခန်း (၃)
ထီးပုံ အနီရောင်ဂါဝန်ကားကားကလေးကို ဝတ်ဆင်ထားတဲ့ မိန်းမလှလေး။
မှန်ရှေ့မှာ မှင်သက်နေပုံက အသက်မပါတဲ့အရုပ်မလေးပမာ။
မဲနက်တဲ့ ဆံပင်ဖြောင့်ဖြောင့်ကို ပခုံးနားထိ စတိုင်လ်ကျကျ ဖြန့်ချထားပုံက သူနဲ့ကျမှ ဘာလို့ ဒီလောက် ဆွဲဆောင်မှုရှိနေရတာလဲ။ သေးသွယ်တဲ့ ခါးလေးနဲ့ ထီးပုံဂါဝန်ရဲ့ လိုက်ဖက်မှုက ထင်ရှားနေသည်။အနောက်က မြင်နေရတာတောင် ရင်ဘတ်ပေါ်က မှဲ့နက်လေးက မှန်ထဲမှာ ထင်ရှားနေတာ အကြည့်မလွှဲနိုင်အောင်ပင် ။
အသက်မပါတဲ့ အရုပ်ကလေးဖြစ်နေမှာကို စိုးရိမ်ရလောက်အောင် လှပလွန်းနေသူ။ တော်သေးတာပေါ့ လူဖြစ်နေလို့။
"ထက်အာကာ"
ရီရီ နှုတ်ခမ်းများက မပွင့်တပွင့် ခေါ်လိုက်သည်။
ထက်အာကာ ငေးမောနေမိသည့် မိမိကို ပြန်သတိကပ်လိုက်သည်။
"ကျွန်တော့် နာမည်တောင်သိနေတယ်ဆိုတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းနေပြီပဲ။"
သူကအေးအေးဆေးဆေး နဲ့ ပေါ့ပါးစွာပြောလိုက်သည်။
"အဲ့နေ့က ကူညီပေးတာ ကျေးဇူးတင်စကားတောင်မပြောလိုက်ရလို့ အားနာနေတာ ။"
" No problem ပါ မိန်းမလှလေး။ ဒါကလူ့ကျင့်ဝတ်ပဲလေ။ အားနည်းသူကို ကူညီရမှာ ဝတ္တရားပါပဲ။ "
ထက်အာကာက " မိန်းမလှလေး" လို့ သုံးနှုန်းလိုက်တော့ ရီရီမှာ မလုံမလဲဖြစ်ရသည်။
"ဒါနဲ့ တစ်ယောက်တည်းလား။ ဟိုနေ့က စကားများတဲ့ တရုတ်မလေးရော မပါဘူးလား။"
"ပါ ပါတယ်။ ပိုက်ဆံသွားရှင်းနေတယ်။"
"စကားမစပ် ရီရီလည်း ပုံစံပြောင်းသွာတယ်နော်။"
အလိုတော် ရီရီ့နာမည်ကိုတောင်သိနေပါလား။
ရီရီက သူ့နာမည်ကို သိတာမဆန်းပါဘူး။ ရှောင်ချိုးက ပြောပြထားတာ မကြားချင်မှ အဆုံး။
သူ ရီရီ့ နာမည်ကို သိလည်း အဲ့နေ့က ရှောင်ချိုး အမှတ်တမဲ့ခေါ်တုန်းက ကြားဖူးရုံလောက်ပေါ့။ အဲ့ဒါကို အခုထိမှတ်ထားတယ်ပေါ့။
ဒီနေ့တော့ ပျိုတိုင်းကြိုက်တဲ့ ကပြားလေး တစ်ယောက်က မိန်းမလှလေးလို့ ခေါ်တာခံရနဲ့၊ ကိုယ်နာမည်ကိုတောင် မထစ်မငေါ့ပဲ ခေါ်တာခံရ နဲ့ ဂုဏ်ယူရမလားပဲ။
"ဒါနဲ့ ဒီက ကို ထက်အာကာက.." ဟူ၍ ရီရီ က တစ်ခုခုမေးဖို့ ကြံနေစဉ်တွင်
"ခဏလေး ." ဟုပြောကာ လက်ကာပြသည်။
"ကျွန်တော့်ထက် အသက်ကြီးသူတွေဆိုရင် ကျွန်တော့်ကို "အာကာ" လို့ခေါ်တယ်။ ငယ်တဲ့သူတွေကတော့ အကုန်လုံး"ကိုထက်" လို့ခေါ်ကြတယ်။ ရီရီကရော ဘယ်တစ်ခုကို ခေါ်ချင်လဲ"
တတ်လည်းတတ်နိုင်တဲ့သူနော်။ ကိုယ့်စိတ်ကြိုက် ခေါ်ခိုင်းတာတောင် ရွေးချယ်ခိုင်းသလို ပရိယာယ်ဆင်နိုင်တယ်။ ရီရီ့ကို သူ့ထက်ငယ်မှန်းသိလို့ "ကိုထက်" လို့ခေါ်စေချင်တာကို သူဆင်ပြီးပြောတဲ့ အကွက်ကို ရီရီ စိတ်ထဲက မချီးကျူးဘဲမနေနိုင်။ ဒါပေမယ့် မနေ့ကမှသိတဲ့ လူတစ်ယောက်ကို အဲ့လောက်ရင်းရင်းနှီးနှီး ခေါ်ရလောက်အောင် ရီရီ မဝံ့ရဲပါ။
" ကိုထက်အာကာ ပဲကောင်းပါတယ်။" ဟုပြောလိုက်တော့ နှစ်ယောက်သား ရယ်မိကြသည်။
❖ ရီရီ ဟိုမှာနေတာ နှစ်ဝက်လောက်ကြာတော့ ရီရီ တော်တော်ပြောင်းလဲလာသည်။
Bus ကားစီးတာတောင် ရုပ်ချောတဲ့ သူက နေရာဖယ်ပေးမယ့် ယောက်ျားလေးတွေရှိသည်။ ရီရီ လို သာမာန် ရုပ်နဲ့ အသားညိုသူအတွက် bus ကားပေါ်တောင် နေရာမရှိ။ မတ်တပ် ကြာကြာမရပ်နိုင်တဲ့ရီရီသည် ရုပ်ချောတာဟာလည်း ကောင်းကျိုးတစ်ခုပါလားလို့ သဘောပေါက်စပြုလာသည်။
နဂိုရုပ်ထက်ပိုပြီး ချောလာမှာကို တော့ရီရီ မတောင်းတ၊ ရှိတဲ့ နဂိုရုပ်လေးကို ထွက်အောင်တော့ ပြင်ပြင်ဆင်ဆင် နေတတ်လာသည်။ ဝတ်စားပုံလည်း ရှောင်ချိုးက တာဝန်ယူပြီး ပြောင်းပေးတော့ မိန်းမဆန်လာသည်။
နိုင်ငံခြားမှာနေတာ ၁နှစ်တောင်မပြည့်သေးတဲ့ ရီရီဟာ လုံးဝ ပြောင်းလဲသွားသည်။ ရီရီရဲ့ မျက်နှာဟာ လှလာခြင်းထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ တည်ငြိမ်မှုတို့က နေရာယူလားခြင်းဖြစ်သည်။
တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာသော ရီရီကို ကြည့်နေရခြင်းဟာ ထက်အာကာရဲ့ စိုးရိမ်စိတ်ကို တိုးတိုးလာစေပါသည်။ 'သိပ်လှမလာပါနဲ့လား မိန်းကလေးရယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး သံယောဇဉ်တွယ်လာရာကနေ ချစ်မိသွားရင် ဘယ်လိုလုပ်ရမလဲ။ ချစ်မိတယ် ဆိုတာ ဝမ်းသာစရာ သတင်းကောင်းဆိုပေမယ့် မင်းနှလုံးသားကို ချစ်တတ်အောင်လုပ်နိုင်ဖို့ထိတော့ ကိုယ် မမျှော်မှန်းရဲဘူး။
မင်းနှလုံးသားက အေးစက်တယ်ဆိုတာထက် ခံစားချက်ကို ထိန်းချုပ်နိုင်သွားတာကို အထင်းသားမြင်နေရတယ်။
စိတ်ထဲရှိတဲ့ အတိုင်းမဖော်ပြပဲ မျိုသိပ်တတ်တဲ့ သူကို ဖွင့်ထုတ်အောင်လုပ်ရတာ ခက်ခဲတယ်ဆိုတာကို ကိုယ်သိပါတယ်။ ' ထက်အာကာရဲ့ ဒုက္ခက ချစ်ခြင်းကို ထုတ်ပြခွင့်မရတာပါပဲ။
ပန်းအလှပြင်ဆင် နေတဲ့အချိန်၊ ပန်းစည်းလုပ်နေတဲ့ အချိန်မှာ ရီရီရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာဟာ ထက်အာကာ အတွက်တော့ ကမ္ဘာကြီးတစ်ခုပါပဲ။
ပန်းလေးတွေ အကြောင်းပြောနေရရင် တလက်လက်တောက်ပနေသော ရီရီရဲ့ မျက်လုံးများက ထက်အာကာကို ရီရီဘေးက ထွက်မသွားအောင် ဆွဲဆောင်ထားသည်။
ရီရီ ရဲ့နောက်ထပ် ဆွဲဆောင်မှု အရှိဆုံး အချိန်တစ်ချိန်ရှိသေးသည်။ အဲ့ဒါကတော့ ရီရီ စာရေးနေတဲ့ အချိန်ပါပဲ။
တိတ်ဆိတ်ပြီး မြင်ကွင်းကျယ်တဲ့ နေရာတွေကိုရောက်ရင် အချိန်ယူပြီး စာရေးတတ်တဲ့ ရီရီ ရဲ့ အကျင့်တစ်ခုကို သတိထားမိတာ မကြာသေး။
ပန်းအလှဆင်နေရတဲ့ အခါ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ မျက်နှာ၊ စာရေးနေတဲ့ အခါ တည်ငြိမ်အေးချမ်းနေတဲ့ အမူအရာ။
ထိုအရာတွေဟာ သူ့အတွက်မဟုတ်ဘူးလို့ တွေးကြည့်လိုက်ရင် ထက်အာကာ ဟာ အလိုလို အားပျော့သွားသည်။
ရီရီ နဲ့ ထက်အာကာ အဝတ်ဆိုင်မှာ ဒုတိယ အကြိမ် ဆုံတာအထိတော့ တိုက်ဆိုင်မှုပါပဲ။
နောက်ပိုင်း တတိယအကြိမ်ကစပြီး ထက်အာကာဘက်က တမင်တကာ လိုက်ဆုံဖြစ်အောင်ကြိုးစားရင်း မြန်မာအချင်းချင်းဆိုတော့ ရင်းနှီးသွားကြခြင်း ဖြစ်သည်။
ရီရီ အတန်းသွားမယ့်အချိန်ဆိုလျှင် ထက်အာကာက ရီရီ့အဆောင်ရှေ့မှာ တမင်တကာစောင့်ပြီး လိုက်ပို့ပေးသည်။ ရီရီ အားတဲ့အချိန် ကော်ဖီဆိုင်ထိုင်တော့လည်း ထက်အာကာ နှင့်ဆုံပြန်သည်။ ရှောင်ချိုးကတောင် ဂျေဝင်တဲ့အကြည့်နှင့် ကြည့်လာပြန်သည်။ “ဒါပေမယ့် ရီရီ ဖြစ်နေလို့ တို့လက်လျှော့လိုက်မယ်”လို့ပြောပြီး စနောက်တတ်သည်။
ရီရီကလည်း နဂိုကတည်းက ခင်တတ်သည်။ အားလုံးကိုအလျော့ပေးပြီးပေါင်းတတ်သောကြောင့် ထက်အာကာဘက်က ရောရင်ရောသလောက် ရင်းနှီးကြသည်။ အမြဲတမ်း အားနေတဲ့ ထက်အာကာ ကတော့ ရီရီနဲ့ ရင်းနှီးဖို့ကို အချိန်ပြည့်ကြိုးစားနေသည်။
"ဒီလောက်ရင်းနှီးနေတာတောင် ရီရီက ကိုယ့်ကို "ကိုထက်" လို့ မခေါ်သေးဘူးနော် "
ဟု စသလိုနဲ့ အတည်ပြောတော့လည်း ရီရီ က ရယ်ကြဲကြဲသာလုပ်နေ လေသည်။
တဖြည်းဖြည်းနဲ့ ထက်အာကာ ရီရီ အပေါ်မှာ အလေးပေးပြီး ဆက်ဆံနေတာတွေဟာ ရီရီ ကို သဘောကျ နေမှန်းတော့ ရိပ်မိလာသည်။ အရင်တုန်းကရီရီသာဆိုရင် ကိုယ့်ကို သဘောကျနေသူနဲ့ ဒီလောက် တည်တည်ငြိမ်ငြိမ်ခင်တတ်မှာမဟုတ်ဘူး။ အခုတော့ ရင့်ကျက်လာတဲ့ရီရီလေ။ သိပေမယ့် မသိချင်ယောင်ဆောင်ဖို့ အတော်ဆုံးလူနဲ့ အနီးကပ်နေလာတာ နည်းတာမှမဟုတ်တာ။ သူ့ဆီက ပညာတော့ ရခဲ့တာပေါ့။
တစ်ဖက်မှာလည်း ရီရီ တို့ရင်းနှီးတဲ့အချိန်က တိုတောင်းလွန်းနေပါသည်။
အချိန်အကြာကြီး တည်ဆောက်ခဲ့ရတဲ့ နားလည်မှုနဲ့ ဆက်ဆံရေးတောင် ရီရီ အတွက် အဆုံးသတ်ခဲ့ရတာပါပဲ။
ထက်အာကာ ရီရီ့ အပေါ်ခံစားချက်ကလည်း သဘောကျရုံသာသာလောက်ပဲရှိမှာပါ ဟုတွေးမိသည်။
ရီရီနဲ့ ထက်အာကာတို့ရင်းနှီးတာ ၂လလောက်ဆိုပေမယ့် ရီရီ့အကြောင်းကို ထက်အာကာ တော်တော်များများ သိလာ သည်။ ရီရီအကြောင်းတွေကို သိနေရတာကိုပင် ကျေနပ်နေဟန်တူပါသည်။ တချို့က ရီရီ ပြောမိတာတွေပါသော်လည်း တချို့ဟာတွေကိုတော့ ရှောင်ချိုးကတစ်ဆင့် မေးပြီး သိထားသည်။ဥပမာ ရီရီရဲ့ စာဖတ်၊ စာရေး ဝါသနာ၊ မွေးနေ့၊ အစားအသောက်အကြိုက်တို့ကို သိထားသည်။ မတ်တပ် ကြာကြာ မရပ်နိုင်တာတို့၊ လူကြိတ်ကြိတ်တိုးထဲမှာ ဆိုရင် မွန်းပြီးအသက်ရှုကျပ်တတ်တာတို့ အစရှိတဲ့ အရာတွေကို အလေးထားပြီးမှတ်ထားတတ်သည်။
ရီရီနဲ့သူ Bus ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း ကားတစ်စီးထိုးရပ်တော့ ရီရီက ကားပေါ်တက် မယ့်ဟန်ပြင် တော့ ထက်အာကာက တားလိုက်သည်။
"နောက်တစ်စီးကျမှ စီးရအောင် ။ လူသိပ်များတယ်။"
ဟု ပြောလေသည်။ သူပြောမှပဲ ရီရီ သတိထားမိလေသည်။ ပုံမှန်ဆို ရီရီက အမြန်သွားချင်ဇောနှင့် သတိမထားမိပဲ တက်စီးတတ်သည်။ တစ်ခါက ကားပေါ်မှာ အသက်ရှုကျပ်လို့ ဆင်းကျန်ခဲ့ရတဲ့အထိဖြစ်ဖူးသည်။
“လူသိပ်များတယ်” လို့ ပြောတဲ့ သူ့စကားက တကယ်ပဲလူများလို့လား၊ ရီရီ့ကြောင့်လားဆိုတာကိုတော့ ရီရီ့ အတွက်မသေချာပေ။ ကိုယ်မပြောဖူးတဲ့ အကြောင်းအရာကို သိလောက်အောင်ထိတော့ ရီရီ မမှန်းရဲပါ။
"ရီရီ မနက်ဖြန် ညနေအားလား။ ညစာ လိုက်ကျွေးချင်လို့"
"အော် ညစာများ ကြီးကြီးကျယ်ကျယ်လိုက်ကျွေးစရာမှမလိုတာ"
"အဲ့လိုလည်း မဟုတ်ပါဘူး ရီရီ။ ကိုယ် သန်ဖက်ခါမြန်မာပြည်ပြန်တော့မှာ ဆိုတော့ မနက်ဖြန်ညစာက ကိုယ်တို့ရဲ့ နောက်ဆုံးနှုတ်ဆက်ညစာလေးပေါ့"
အော် ဟုတ်သားပဲ။ သူကဒီကို အလည်သက်သက်ပဲလေ။ မြန်မာပြည်မှာလည်း သူ့အလုပ်နဲ့သူပဲ။ သူဒီမှာ ၃ လလောက်နေနေတာတောင် တော်တော်များနေပြီ။ အခုတော့ ပြန်ရတော့မှာပေါ့။ ရီရီ နည်းနည်း ဝမ်းနည်းသလိုဖြစ်သွားသည်။ ရီရီ ဒီနေရာမှာ နေသားကျလာတာဟာ ရှောင်ချိုးနဲ့ ထက်အာကာ ကြောင့်ပဲလေ။
"ဟုတ်လား.။ ဒါဆို ရီရီကတောင် ဒီအတော့အတွင်း ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ရီရီက ပဲကျွေးသင့်တာ။"
ဝမ်းနည်းလို့ နည်းနည်းပျက်သွားတဲ့ မျက်နှာကို ပြန်ပြင်၍ပြုံးလျက် ပြောလိုက်သည်။
ထက်အာကာကတော့ မျက်စိမျက်နှာတော်တော်လေးမကောင်းဖြစ်နေသည်။ မနည်းအားတင်း၍ ပြုံးနေသော အမူအရာက ပေါ်လွင်နေသည်။
"မဟုတ်တာ ။ ကိုယ်ပဲ ကျွေးပါမယ်။"
" ဒါဆို ဆိုင်ကို ရီရီပဲ ရွေးလိုက်မယ်နော်"
ဟု၍ တစ်ခုခုသွားစားရင် ရီရီ ကဆိုင်ရွေးနေကျ ထုံးစံအတိုင်း ပြောလိုက်လေသည်။ ထိုစကား ပြောပြီးနောက်တွင်ကား နှစ်ဦးသား ပြောစရာစကား ရှာမရတော့ပေ။ ရီရီ့ကို အဆောင်လိုက်ပို့ရင်း လမ်းလျှောက်လာကြသော သူတို့နှစ်ယောက်၏ ခြေလှမ်းများက နှေးကွေးနေသည်။
❖ "ရီရီ လာ။ ကိုယ် စားပွဲ ကြိုတင်မှာထားတယ်။"
ကိုထက်အာကာက ရီရီကို စားပွဲအခန်းသို့ ဦးဆောင်ပြီးခေါ်သွားသည်။ ထို့နောက် အခန်းထဲသို့ မြန်မြန်ဝင်သွားလေသည်။ ရီရီ က သူ့နောက်ကနေ ဖြည်းဖြည်းလေးလိုက်လာပြီး အခန်းတံခါးကို ဖွင့်လိုက်တော.
"ဟင်.."
အခန်းထဲမှာ မှောင်မဲနေသည်။ မီးပျက်သွားတာများလား။
"ကိုထက်အာကာ "
ဟင် အခုဏကပဲဝင်သွားတာလေ။
"ကိုထက်..." ရီရီ ခေါ်လို့ မပြီးခင်မှာပင်
"ကျူ နီ ရှင်း ရိ ခွိုက် လင်.. ။ ( Happy Birthday to you.)
ကျူ နီ ရှင်း ရိ ခွိုက် လင် ..။
ကျူ နီ ရှင်း ရိ ခွိုက် လင်.. ။
ကျူ နီ ရှင်း ရိ ခွိုက် လင်....…."
မှောင်မိုက်နေတဲ့ အခန်းထဲမှာ ဖယောင်းတိုင်ထွန်းထားသော မွေးနေ့ကိတ်ကို ကိုင်ပြီး မွေးနေ့သီချင်းဆိုနေသူက ကိုထက်အာကာ ပါပဲ။ မွေးနေ့သီချင်းကို တရုတ်လိုဆိုပြီး ရီရီ့အနားကို တဖြည်းဖြည်းလျှောက်လာသော
ကိုထက်အာကာ၏ မျက်နှာကို မကြည့်နိုင်တော့ဘဲ ရီရီ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာလေသည်။ ရီရီသိတတ်စအရွယ်လောက်ကစပြီး မွေးနေ့ဆိုတာကို မေ့နေခဲ့တာ။ ဝမ်းရေးနဲ့လုံးပမ်းနေရတဲ့ အလယ် အလတ်တန်းစား မိသားစု တစ်ခုမှာ မွေးနေ့ ဆိုတာ အသက်တစ်နှစ်ကြီးလာခြင်းထက်မပိုခဲ့ပါ။
ဒီနေ့လည်းမေ့နေတာပါပဲ။
ဒီဇင်ဘာ ၃ ရက်၊ ရီရီ မွေးနေ့ ။
ရီရီ ဒီဇင်ဘာကို ချစ်သည်၊ နှင်းတွေကို မြတ်နိုးသည်၊ ဒီဇင်ဘာကို ဖြတ်သန်းရတာ ကို ကြိုက်သည်။
သို့သော် ဒီဇင်ဘာလမှ မွေးရတဲ့ ကိုယ့်ကိုကိုယ် မနှစ်သက်ခဲ့။ အကြောင်းမှာတော့ နှစ်ဆုံးမှာ ကိုးလိုးကန့်လန့် ဖြစ်ပြီး ရီရီနဲ့ သက္ကရာဇ်တူ ပြီး စောမွေးတဲ့ သူတွေက ရီရီထက် တစ်တန်းကြီးသွားပြီး၊ ရီရီရဲ့ အတန်းဖော်တွေနဲ့ ကျတော့ ရီရီက အသက် တစ်နှစ်နီးပါးကြီးသည်။ ထို့ကြောင့် ရီရီ မနှစ်မြို့ခြင်းဖြစ်ပါသည်။
ဒီနေ့ ဒီအချိန် နှင်းတွေနဲ့ အတူ ပထမဆုံး ကျင်းပခြင်းဖြစ်သည်ဟု ဆိုနိုင်သော မွေးနေ့ ကြောင့် "ဒီဇင်ဘာမယ်" ကိုယ့်ကိုကိုယ် ပြန်နှစ်သက်လာဖို့ အခွင့်အရေး ကြုံလာသည်။
ရီရီကတမင်တကာ ပြောပြထားခြင်းလည်းမရှိဘဲ၊ ရီရီ မွေးနေ့ကိုသိပြီး ရီရီ မသိအောင် အထူးအစီအစဉ် လေးပြင်ဆင်ထားပေးတာနဲ့ ကြုံရတဲ့ ဘယ်မိန်းကလေးမဆို ကျေနပ်မိကြမှာအမှန်ပါပဲ။ အဲ့ဒီလူက ကိုယ့်ကို သဘောကျနေမှန်းသိပြီး ကိုယ်ဘက်က ပြန်သဘောကျမပေးနိုင်တဲ့ အခြေအနေမှာတော့ မိန်းကလေးတွေက အားနာသလိုခံစားရတတ်သည်။
ရီရီ သည် ကိုထက်အာကာကို ရီရီ့ဘက်က သဘောကျမပေးနိုင်လောက်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်ခဲ့မိသည်။
သို့သော် ထူးဆန်းနေသည်။ ဒီနေ့ သူပြင်ဆင်ပေးတဲ့ မွေးနေ့အတွက် သူ့အပေါ် အားနာစိတ်ဖြစ်ခြင်းကိုမခံစားရ။ အားနာစိတ်မဖြစ်၊ စိတ်မသက်မသာမဖြစ်သည့်အပြင် ကြည်နူးမိတာကထူးဆန်းနေသည်။
ရီရီတို့နှစ်ယောက် မွေးနေ့ကျင်းပပြီးတော့ ထုံးစံအတိုင်း ကိုထက်အာကာက ရီရီကို အဆောင်လိုက်ပို့ရင်း လမ်းလျှောက်ကြည်သည်။
" ဒီနေ့အတွက် ရီရီ တကယ့်ကိုကျေးဇူးတင်ပါတယ်။ ရီရီအတွက် မွေးနေ့ဆိုတာကို ပြန်မှတ်အောင်လုပ်ပေးလို့"
" ဒါဆို ကျေးဇူးတင်လက်ဆောင် ပြန်မပေးချင်ဘူးလား။ "
" လိုချင်တာရှိလို့လား"
"ကိုထက်လို့ခေါ်လေ"
နှစ်ဦးသား ပြိုင်တူရယ်မိကြလေသည်။
"ရီရီ ကို ကိုယ်အမှန်အတိုင်းတစ်ခုပြောမယ်နော်။"
"ပြောလေ"
"ရီရီ ကို လူတွေသဘောကျစေတဲ့ ရီရီရဲ့ အားသာချက်က ဘာလဲသိလား"
ရီရီ ခေါင်းခါပြသည်။
"လူတွေက သံဆိုရင် ရီရီ က သံလိုက်ဓာတ်လိုမျိုး။ ရီရီ အနားကို ရောက်လာသူတွေက ရီရီကို ခွဲသွားလို့မရအောင် ဆွဲထားတယ်"
"အင်း..တစ် ယောက်ယောက်က်ကလည်း.အဲ့လိုသဘောနဲ့ ခပ်ဆင်ဆင်ပြောဖူးတယ်"
"ဘယ်သူကလဲ"
"ရှောင်ချိုးလေ"
ထက်အာကာက တော်သေးတာပေါ့ဟု သက်ပြင်းချသည်။
"ဒါဆို ကိုယ်က အသေးစိတ်ပြောပြမယ်။"
"အသေးစိတ်တောင်ပြောဦးမှာလား။"
"ရီရီကလေ ပထမတစ်ကြိမ်တွေ့ရင် 'အော် ဒီမိန်းကလေး ခင်ဖို့ကောင်းတယ်' လို့ ထင်ရတယ်။
ဒုတိယတစ်ကြိမ်တွေ့ရင် ရင်းနှီးချင်လာတယ်။ တတိယအကြိမ်တွေ့ပြီးရင်တော့ ရီရီ ဘေးကခွဲမသွားချင်တော့ဘူး။ ရီရီ အဲ့ဒီလို ထူးခြားတဲ့ မိန်းကလေးမျိုး။"
ရီရီ မှာ သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မိသည်။
ခြေလှမ်းတွေ ဘယ်လောက်ပဲနှေးနှေး နောက်ဆုံးနှုတ်ဆက်ရမယ့် အချိန်ရောက်လာလေသည်။ ရီရီ တို့အဆောင်ရှေ့ကို ရောက်တော့ ထက်အာကာက ရီရီ ကို ဝင်နှင့်တော့ ဟု ပြောကာ သူအရင် နောက်လှည့်၍ ပြန်မည်ပြုသည်။ ထက်အာကာ အကြိမ်တိုင်း လိုက်ပို့ရင် ရီရီ အဆောင်ထဲဝင်ပြီးအောင်စောင့်ပြီးမှ ပြန်မြဲဖြစ်သည်။ ဒီနေ့တော့ ရီရီ ဝင်အောင်တောင် မစောင့်ဘဲ အရင်လှည့်ထွက်သွားလေသည်။
"ကိုထက်အာကာ"
ရီရီ ခေါ်သံကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်ကာ နောက်ပြန်လှည့်လိုက်သည်။
"ကျေးဇူးတင်လက်ဆောင်ကို ပေးတယ်မှတ်လိုက်တော့။ "
ဟုပြောကာ ရီရီ အရင် လှည့်ထွက်သွားသည်။
“ကျေးဇူးတင်လက်ဆောင်” ဆိုတော့ ကိုထက်လို့ခေါ်မှာကို ပြောတာထင်တယ်။ ထက်အာကာ ကြည်နူးစွာရယ်မိသည်။ ရီရီက "ကိုထက်" လို့ခေါ်မှာ တဲ့လား။ အခုတောင် ကြားချင်မိသည်။
“အော် ဒီကလေးမလေး တော်တော်ကို ကပ်စိနည်းတာပဲ ။ သူ့အချစ်ကို မရတာထားဦး၊ သူ့ဆီက 'ကိုထက်' လို့ အခေါ်ခံရဖို့အရေးတောင် မလွယ်ပါလား။ ဒါပေမယ့် တော်ပါသေးတယ်။ ကျွန်တော်က လုံးဝ အခေါ် မခံရဘူးလို့တောင်ထင်ထားတာ။”
ရီရီ အခန်းထဲရောက်တော့ မက်ဆေ့ ဖုန်းမှာ တစ်စောင်ဝင်လာသည်။
"မွေးနေ့လက်ဆောင်ကို မြန်မာပြည်ပြန်ရောက်မှ လာပေးမယ်၊ အဲ့အခါ ရီရီ့ဆီက လက်ဆောင်ပါ တစ်ခါတည်းပေးပေါ့" တဲ့။
ဒါက ရီရီ့ကို သူ သေချာပေါက်လာရှာမယ်လို့ဆိုလိုတာပေါ့။ ရီရီ မျက်နှာလေး ရှက်သွေးဖြာသွားတာကိုတော့ ဘယ်သူ့မှ မမြင်နိုငပါ။ နှလုံးသားက ဖျက်ခနဲ နွေးထွေးသွားသလို ခံစားရကာ အလိုလို ကျေနပ်နေမိသည်။
ထိုနေ့က ရီရီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်။
ထက်အာကာ ရီရီ ရှိတဲ့ မြေကို စွန့်ခွာပြီးလာကတာ နည်းနည်းလေးမှ မပျော်ပါဘူး။
ရီရီကိုတွေ့ရင် လေယာဉ်ပေါ် အတက်မဖြောင့်မှာစိုးလို့ ရီရီက လေဆိပ်လိုက်ပို့ပါမယ်ပြောတာတောင် ငြင်းထားခဲ့ရသည်။
❖ ရီရီ အမိမြေကို ပြန်ရတော့မယ် လို့ စပြီးတွေးမိတဲ့အချိန်မှာပဲ ပထမဆုံး သတိရမိတဲ့သူကတော့.....
✍ မိညို
အခန်း ၄ ဆက်ရန်