ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

Updated: Jan 9


ပန်းပြာ (သို့) အပြာရောင်ပန်းကလေး

💙💙💙💙💙💙💙💙

မိညို ရေးသည်

အခန်း (၄)

ရီရီ အမိမြေကို ပြန်ရတော့မယ် လို့ စပြီးတွေးမိတဲ့အချိန်မှာ ပထမဆုံး သတိရတဲ့သူကတော့ ကိုဉာဏ်လင်းပါပဲ။

ကိုဉာဏ်လင်းကို တွေ့ရဖို့ကို ရင်ခုန်နေခြင်းတော့မဟုတ်ပေ။မတော်တဆ ဆုံတွေ့ဖြစ်ရင် ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲကိုသာ စိတ်ပူနေခြင်းဖြစ်သည်။

တစ်ချိန်က ကိုယ်သဘောကျဖူးခဲ့တဲ့သူ၊ သဘောကျကြောင်းကိုလည်း ဖွင့်ပြောဖူးတဲ့သူ။

( ဖွင့်ပြောတယ်လို့ပြောရမှာပေါ့လေ။ အဲ့ဒီ အချက် ၉ ချက်ထဲမှာ ဘယ်အချက်ကများ သူနဲ့ လွဲတာရှိလို့လဲ။)

ရင်းရင်းနှီးနှီးလည်းပေါင်းဖော်ဖူးသူ။ အဲ့လိုလူနဲ့ ရီရီက ဘယ်လိုမျက်နှာချင်းဆိုင်မလဲ။ စဉ်းစားလို့တောင်မရ။ သူ့ဘက်ကလည်း ရီရီကိုရှောင်ချင်ရှောင်နေမှာ။ ဘာပဲဖြစ်ဖြစ် ရီရီတို့နှစ်ယောက်ကတော့ အရင်လို ရင်းနှီးမှုမျိုးလုံးဝရှိတော့မှာ မဟုတ်ပါဘူး။

ထက်အာကာကို တွေ့ရဖို့အ‌ရေး တွေးမိတော့ ရီရီ့ နှလုံးသားက နွေးခနဲဖြစ်သွားပြန်သည်။ သူကတော့ ရီရီကို သေချာပေါက်လာရှာမည်ဟုပြောထားသည်။

ရီရီ ပန်းပညာကိုလေ့လာတာ တစ်နှစ်တာကာလ ပြီးဆုံးသွားပါပြီ။ ပန်းနဲ့ပတ်သတ်ပြီးတော့လည်း ရီရီမှာ အတွေ့အကြုံ၊ ဗဟုသုတ ရသင့်သလောက်ရပြီဖြစ်သည် လောင်ရှီး(ဆရာ)ကတော့ ရီရီကို အမြဲချီးကျူးတတ်သည်။

ရီရီကပန်းအလှဆင်တဲ့ နည်းပညာမှာ ပါရမီပါတယ်ဆိုပဲ။ ရီရီကပန်းပြင်ဆင်ရင် လက်ရာကောင်းဖို့ထက် စိတ် ခံစားချက်ကိုထည့်ပြီးပြင်သည်။ ထို့ကြောင့် ရီရီ့လက်ရာတွေက အဓိပ္ပာယ်ကြွတယ်။ ခံစားလို့ရတယ် ဟု ပြောကြသည်။

ရီရီ ဒီကပြန်ရင် အရင်ပန်းဆိုင်မှာ ပန်းအလှဆင်ပညာရှင် အဖြစ်တရားဝင် ဖြစ်ခွင့်ပေးမည်ဟု ဆက်သွယ်လာသည်။ အဲ့ဒီပန်းဆိုင်လေးကလည်း တစ်နှစ်အတိုးအတွင်းမှာ ပန်းပြင်ဆင်တဲ့ ကုမ္ပဏီအသေးစားလေးတစ်ခုအဖြစ် "Hua or Flowers" ဆိုတဲ့ နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်ပြီဖြစ်သည်။

(Hua ( ဟွား) ဆိုတာကတော့ တရုတ်လို ပန်း ကို ဆိုလိုခြင်းဖြစ်သည်။ )လက်ထပ်ပွဲအခမ်းအနားတို့၊ မွေးနေ့တို့၊ တစ်ခါတစ်ခါ ရုပ်ရှင်ရိုက်ဖို့အတွက် ဇာတ်ဝင်ခန်းတွေမှာ ပန်းပြင်ဆင်ဖို့၊ တောအုပ်လေးတွေဖန်တီးဖို့ အတွက် Hua ကို အလုပ်အပ်ရင် Hua က တာဝန်ယူပြင်ပေးသည်။ သို့သော် လူသိများတဲ့ Huaတော့ မဟုတ်သေး ပါဘူး။

❖ "ရီရီ ဒီမှာ ဒီမှာ။"

တီချပ် အဖြူရောင်အပွကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်ထားကာ ဖြောင့်စင်းသော ဆံပင်မတိုမရှည်ကို ဘာမှ ပြင်ဆင်ထားခြင်းမရှိ ၊ နဂိုအတိုင်း ဖြန့်ချထားသော မိန်းကလေးတစ်ယောက် ရီရီ့ကို လက်ပြကာ ခေါ်နေသည်။

သူ့ပုံစံကို မြင်တာနဲ့ ရီရီ တန်းသိပါသည်။ အဲ့မိန်းကလေးက ရီရီ့အတန်းဖော်ဟောင်း 'အေးဝင်း' ပါပဲ။ အေးဝင်းကတော့ မျက်နှာမှာ မိတ်ကပ်လေးခြယ်သတတ်ရုံ ကလွဲရင် ဘာမှ မပြောင်းလဲ။ နဂိုပုံစံ၊ နဂို အသားဖွေးတဲ့အဆင်ပါပဲ။ ဒါပေမယ့် ကြီးမားတဲ့ ပြောင်းလဲမှုကြီးတစ်ခုကတော့ အေးဝင်း မျက်နှာဟာ အရင်ကထက် ပိုပျော်ရွှင်ပုံပေါက်နေသည်၊ အရင်လို ကြောက်တတ်တဲ့ မိန်းကလေးလည်း မဟုတ်တော့သည်ကို အထင်အရှားမြင်နေရသည်။

"ရီရီ ဟာ...

နင်တော်တော်ပြောင်းလဲသွားတာပဲ ။ အရမ်းလည်းလှလာတယ်။ အသားလည်းလတ်လာတယ်နော်။ "

တအံ့တဩနဲ့ ခြေဆုံးခေါင်းဆုံးကြည့်နေသော အေးဝင်းကို ရီရီက ပွေ့ဖက်လိုက်သည်။

"ရီရီ အေးဝင်းကို သတိရနေတာ သိလား။ ကုမ္ပဏီက မိတ်‌ဆွေဟောင်း တစ်ယောက်ကို လာကြိုခိုင်းလိုက်မယ်လို့ ပြောကတည်းက ရီရီ ရိပ်မိပြီးသား။"

"ဟင် ဘာလို့လဲ"

"အရင်တုန်းက အေးဝင်း တစ်ခါပြောဖူးတယ်လေ။ ပန်းဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်လို့"

"ဟာ အဲ့လောက် မပြောမိအောင်နေရင်းကနေ ပြောမိသွားသေးတာလား။ အံ့ဩသွားအောင် လုပ်မလို့ကို။"

"အခုလည်း အံ့ဩပါတယ်"

အေးဝင်းက ရီရီ ကိုယ်လေးကို ရုတ်တရက်ဖယ်လိုက်ပြီး စိုက်ကြည့်ကာ

"ရီရီ နင်နဲ့ ငါ အရပ်အဲ့လောက်လဲ မကွာပါဘူး။ ငါ အခုဘာလို့ နင်ကို မော့ကြည့်နေရတာလဲ။"

ဟုပြောကာ ရယ်ကြပြန်သည်။

အေးဝင်းထက် သိသိသာသာ ရှည်နေသော အရပ်ရဲ့ နောက်ကွယ်မှာတော့ ရီရီရဲ့ ဒေါက်မြင့် ဖိနပ်ရှိနေသည်။

အရင်တုန်းကတော့မဟုတ်ပေမယ့် အခုတော့ ရီရီ ဖိနပ်အမြင့်စီးရတာကို နှစ်ခြိုက်လာသည်။ အသွားအလာ စမတ်ကျသည့်အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရစေသည်ဟု ခံစားရသည်။

❖ ရီရီ အမိမြေကို ခြေချခွင့် ၊ အမိမြေရဲ့ သဘာဝကို ခံစားခွင့်ရပါပြီ။

တက္ကစီ ပြတင်းပေါက်ကို ဖွင့်ပြီး အမိမြေရဲ့ လေပြည် နွေးနွေးကလေးကို ရှူရှိုက်၍ ပါလာသည်။

လမ်းဘေးဆိုင်တွေကရတဲ့ မုန့်ဟင်းခါးအနံ့လေး သင်းနေလိုက်တာနဲ့ ရီရီ ဗိုက်ထဲက တကျွီကျွီမြည်လာသည်။

ရီရီ အရမ်းကြိုက်တဲ့ ရခိုင်မုန့်တီ အာပူလျှာပူအနံ့လေးပါရလိုက်သေးသည်။ ဒီအနံ့၊ ဒီအရသာ၊ ဒီအစားအစာတွေကို လွမ်းနေခဲ့တာကြာရောပေါ့။

ကုမ္ပဏီက ခွင့်တစ်ပတ်ပေး၍ ရီရီ ဇာတိကို ပြန်ပြီး မိသားစုနဲ့ တွေ့သည်။ အငယ်မလေးက နောက်နှစ် တက္ကသိုလ်တက်တော့မည်။ မေမေကတော့ ရုန်းရကန်ရဆဲပါပဲ။ ဘိုးဘိုးကလည်း ကျန်းမာရေးချူချာလာသည်။ မြို့မှာ ဆေးကုလျှင် ပိုကောင်းမည်ဖြစ်သည်။ ရီရီ ရန်ကုန်ကို မြန်မြန်တက်ပြီး အလုပ်ဝင်ရမည်။ ပိုက်ဆံစုရမည်။ အငယ်မ တက္ကသိုလ်မတက်ခင် မိသားစုကို ရန်ကုန်သို့ပြောင်းနိုင်အောင်ကြိုးစားရမည်။ ရီရီ့ အတွက် မိသားစုက ပထမ ဖြစ်လာသည်။

နောက်တစ်ပတ် တနလ်ာအမီ ရီရီ ရန်ကုန်ပြန်သွားရသည်။ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ အရေးကြီးသည် မဟုတ်ပါလား။ကုမ္ပဏီက ပန်းဆိုင်ကိုပင် ချဲ့၍ မန်နေဂျာ ရုံးခန်းတို့ ရိုးရိုးဝန်ထမ်းများအတွက် စားပွဲခုံများ၊ ပန်းအလှဆင်ပညာရှင်တို့ရဲ့ ရုံးခန်းများ၊ စသည်ဖြင့် ခွဲခြား၍ထားသည်။ နဂို ပန်းဆိုင်အကျယ်ကြီးကို သုံးပုံ တစ်ပုံလောက်သာ ပန်းဆိုင်အသေးလေးလုပ်ထားပြီး ကျန်နှစ်ပုံလောက်ကို Hua or Flowers ဆိုင်းဘုတ်ကြီးဖြင့် ခမ်းခမ်းနားနား ပြင်ဆင်ထားသည်။

ရီရီ ရောက်သွားတော့ အေးဝင်းက ထွက်ကြိုသည်။ အေးဝင်းက မိန်းသားစု ဝမ်းရေးအတွက် အလုပ်စောစော လုပ်ချင်လို့ ရိုးရိုးဘွဲ့ပဲယူပြီး အလုပ်တွေ တစ်ခုပြီး တစ်ခုလုပ်နေခြင်းဖြစ်သည်။ သည်ပန်းဆိုင်မှာလည်း မကြာသေးပေ။ အေးဝင်သည် ဆိုင်တစ်ခုလုံးရဲ့ ငွေဝင်ငွေထွက်ကို ကိုင်ရသည်။ LCCI လည်းတက်ဖူးသောကြောင့် ထိုအရာများနှင့်ပတ်သက်၍ အေးဝင် လည်လည်ဝေဝေရှိသည်။ အခု အသစ်စက်စက် ပန်းပညာရှင် အတွက် လက်ထောက်ရာထူးမရှိသဖြင့် အေးဝင်းကို ယာယီ ခန့်ပေးထားသည်။ အချင်းချင်းရင်းနှီး၍ လုပ်ရကိုင်ရ ပိုအဆင်ပြေအောင် စီစဉ်ပေးခြင်းဖြစ်သည်။

ရီရီ့ ကို ပန်းပညာရှင် ၊ တနည်းပြောရရင် ပန်းပြင်ဆင်စီစဉ်မည့် ဆရာ တစ်ဦးအဖြစ် တရားဝင်သတ်မှတ်ပေးသည် ဆိုသည်မှာ တော်တော်လေး အခွင့်အရေးပေးထားခြင်းဖြစ်သည်ဟုဆိုနိင်ပါသည်။ အလုပ်ထဲမှာ ရှိသော ပညာရှင်နှစ်ဦးက ရီရီထက် ပန်းအတွေ့အကြုံရှိပြီး ပညာရှင်ဆန်သူချည်းဖြစ်သည်။

တစ်ယောက်က အသက် ၃၀ အရွယ် တရုတ်အမျိုးသမီး'စန်း လောင်ချီး'။ တရုတ်က တိုက်ရိုက်လာပြီး ၃ နှစ်တာဝန်ယူ အလုပ်လုပ် ပေးမည့်ပညာရှင်။

နောက်တစ်ယောက်ကတော့ ဒီကုမ္ပဏီရဲ့ ပိုင်ရှင် တရုတ်ဖွား မြန်မာလူမျိုး "ဦးဒီပါ "။ ပန်းအကြောင်းကို နှစ်ပေါင်းများစွာသုတေသနပြု၊ လေ့လာခဲ့သည့် ပန်းတွေကိုမြတ်နိုးသည့် လေးစားစရာ ကောင်းလှသော အမျိုးသားတစ်ဦး။ ပန်းအလှဆင်ခြင်းနည်းပညာကို မြန်မာပြည်မှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့ အထိရည်ရွယ်ပြီး ကြိုးစားနေသော လူငယ်တို့အတွက် အားကျအတုယူစရာကောင်းသော စံပြအမျိုးသားတစ်ဦး အသက် ၅၀ အရွယ်ဟု မထင်ရလောက်အောင် တက်ကြွလွန်းနေသူဖြစ်သည်။

ဒီလူတွေထဲမှာမှ ရီရီကတော့ မပြောပလောက်သော ပညာရှင် ‌သေးသေးလေးပါပဲ။ ရီရီတို့လို အခြေခံ ပညာရှင်လေးတွေကို အခွင့်အရေးပေးပြီးကြိုးစားခိုင်းတာကတော့ တို့နိုင်ငံက ပညာရှင်တွေအများကြီး ပေါ်ထွက် လာဖို့ပါပဲ။

"ရီရီ welcome back ပါ"

ပြန်လည်ကြိုဆိုပါတယ်ဆိုတဲ့ စကားလုံး‌ နွေးနွေးထွေးထွေးကိုတောင် အေးအေးစက်စက် ပြောနိုင်သူကြီးပါလား။

အေးဝင်းနဲ့ အတူဝင်လာသော ရီရီ ကို နှုတ်ဆက်သူကတော့ ကိုဘုန်းရှိန်ပါ။ အရင်အတိုင်းပါပဲ။ တည်တည်တံ့တံ့ ၊ ငြိမ်ငြိမ်သက်သက်၊ လူကြီးဆန်ဆန်ပါပဲ။ ထွေထွေထူးထူးပြောင်းလဲသွားခြင်းမရှိပေ။ ပြောင်းလဲသွားခြင်းမရှိ တဲ့အထဲ ရီရီကို စကားပြောတဲ့ပုံစံပါ ပါသည်။ အရင်တုန််းက ညိုညို၊ပုပု ရီရီ ကို စကားပြောပုံနဲ့ အခု ဖြူဖြူချောချော ရီရီကိုစကားပြောပုံက ကွာဟသွားခြင်းမရှိပါ။ ရီရီ ပြန်ရောက်တော့ အသိအမျိုးသား တော်တော်များများက ရီရီကို ဆက်ဆံပြောဆိုပုံကွာသွားတတ်သည်ကို သတိထားမိသည်။ ရီရီ ကိုယ်ကိုကိုယ်ကသိပ်ချောတယ်လို့ မဆိုလိုပေမယ့် နည်းနည်းမှ မအံ့ဩသည့် ဘုန်းရှိန်ကိုတော့ ရီရီစိတ်ထဲက မလေးစား ဘဲမနေနိုင်ပါ။

"ကိုဘုန်းရှိန် နေကောင်းတယ်နော်"

"ကောင်းပါတယ်။ ရီရီ လျှောက်ကြည့်ပြီးရင် သူဌေးရုံးခန်း ခဏသွားလိုက်ဦး"

သူဌေးအကြောင်းကို ရီရီ လူကိုယ်တိုင်မတွေ့ခင်ကတည်းက တော်တော်များများကြားထားပြီးပါပြီ။ ဒီနေ့မှ လူချင်းတွေ့ရခြင်းဖြစ်ပါသည်။

"ရီရီ ထိုင်ပါ။

I'm glad to see you. ရီရီအကြောင်းကို ဦး‌ တော်တော်များများ ကြားဖူးပြီးသားပါ။ အခုတော့ တွေ့ရပြီပေါ့။"

သူက ကိုယ့်ကိုကိုယ် “ဦး” ဟုသုံးနှုန်းလိုက်သဖြင့် ရီရီကလည်း “ဦး”ဟု ခေါ်ရတော့မည်။ ဟုတ်သားပဲ ဝန်ထမ်းတွေအားလုံး "ဦးဒီပါ ဦးဒီပါ" ဟု၍ သုံးကြတာပဲ။

"ဟုတ်ကဲ့ပါ ဦး။ ရီရီ လည်း ဦးအကြောင်းကို ကြားထားပြီးသာပါ။"

"ဪ ဘာတွေကြားထားတာလဲ"

"ဦးက အရမ်းတော်တယ်၊ အလုပ်လုပ်တာလည်းသေသပ်တယ်။ လူငယ်တွေအတွက် အတုယူစရာ စံပြ တစ်ဦးအဖြစ် သိထားပါတယ်"

"ဪ အဲ့လိုလား၊ ရီရီက တရုတ်က ပန်းပညာအပြင် စကားပြောစွမ်းရည်ပါ သင်ခဲ့တာလား၊ ဒါမှမဟုတ် အစတည်းက ပြောတတ်တာလား"

"တရုတ်က တတ်လာတာပဲဖြစ်မယ်ထင်တယ်။"

ရီရီ တို့နှစ်ယောက် ရင်းရင်းနှီးနှီး ရယ်မိကြသည်။

"ဒါဆို ဦးတို့ရဲ့ ပန်းကမ္ဘာလေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ့ "

ပန်းကမ္ဘာလေး တဲ့ ကြားရတာ ကြည်နူးစရာကောင်းလိုက်တာ။ ရီရီ ချစ်တဲ့ ပန်းလေးတွေကို ရီရီ စိတ်ကြိုက် ပြင်ဆင်ပေးရတော့မှာပါလား။ ရီရီရဲ့ တရားဝင် ပန်းပညာရှင်ဖြစ်ခွင့်ရတဲ့နေ့လေးပါပဲ။

❖ ဖုန်းထဲက မက်ဆေ့တစ်စောင်ကို ရီရီ အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

စာကြောင်းလေးကတော့ ရှင်းရှင်းလေးပါပဲ။

" ရီရီ ပြန်ရောက်နေပြီဆို။

အေးဝင်းဆီက ရီရီ ဖုန်းနံပတ်ရလို့ ဆက်သွယ်လိုက်တာပါ။

အလုပ်ဆင်းချိန်ကျရင် ကိုယ်လာကြိုမယ်လေ။ "

စာကတော့ဒါပါပဲ။ လက်စသတ်တော့ ကိုဉာဏ်လင်းနဲ့ အေးဝင်းက အဆက်အသွယ်ရှိကြတာကိုး။

ဪ ရီရီ့အဖြစ်ကလည်း လွဲလွဲလေးတွေချည်းပါပဲ။ တရုတ်မှာတည်းက ပြန်တွေ့ရဖို့ကို ရင်ခုန်နေခဲ့ရတဲ့ သူကတော့ တစ်လ ကြာသည့်တိုင်ပေါ်မလာ။ မျက်နှာချင်းဆိုင်ရဖို့ ခက်ခဲလှသော သူကတော့ စိုက်စိုက်မြိုက်မြိုက်ပေါ်လာပြီ။

"အေးဝင်း။ နင် ကိုဉာဏ်လင်းနဲ့ အဆက်အသွယ်ရှိနေတယ်ပေါ့။"

"အင်း.. ငါတို့ အိမ်ငှားနေတာ တစ်ရပ်ကွပ်ထဲဆိုတော့ အသွားအလာ ဆုံဖြစ်တယ်လေ။ ဘာဖြစ်လို့လဲ။"

"ဘာမှတော့ မဟုတ်ပါဘူး။ သူ ရီရီ ကို လာတွေ့မလို့တဲ့လေ။ အေးဝင်း ရီရီ ဖုန်းနံပါတ်ပေးလိုက်တယ်ဆို။"

"ဆောရီးပါ ရီရီရယ် သူကအတင်းတောင်းတာနဲ့ ပေးလိုက်တာ။ဒါနဲ့ ဘာဖြစ်လို့လဲ။ သူကလည်း ရိုးရိုးလာတွေ့မယ်၊ ရီရီ့ ဘက်ကလည်းရိုးသားရင် မိတ်ဆွေသဘောမျိုးနဲ့ သတင်းလာမေးတာလည်းဖြစ်မှာပေါ့"

"ဒါပေမယ့် ရီရီ အဲ့လောက်ထိ မလုပ်နိုင်လောက်ဘူးထင်တယ်။ ရီရီ့ဘက်က ရိုးသားတာမှန်ပေမယ့် ...

အာ... အေးဝင်းလည်းသိသားပဲ။ ရီရီ အဲ့လိုအရာတွေမှာမတော်တာ။ တွေ့ပြီပဲ ထားပါတော့ ဘယ်ကနေဘယ်လို စပြီးစကားပြောရမှာလဲ"

ရီရီ့မှာ အေးဝင်းဆီက အကြံတစ်စွန်းတစ်စလေးများရမလားလို့ ညည်းပြနေသော်လည်း အေးဝင်းက တစ်ဖက်ကိုလှည့်သွားကာ ဖုန်းကိုကြည့်ပြီး အူမြူးနေသည်မှာ ရီရီကို အဖက်တောင်မလုပ်။

ညနေ အလုပ်ဆင်းချိန်နီးလာတော့ ရီရီ ရင်တွေခုန်လာသည်။ ထွေထွေထူးထူးခံစားချက်ကြောင့်တော့ မဟုတ်။ စာမေးပွဲ ဖြေဖို့ ဆရာမဝေတဲ့ မေးခွန်းကို စောင့်နေရတဲ့ ခံစားချက်မျိုးဖြစ်သည်။ ရုံးခန်းထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် အလုပ်ဆင်းသွားကြလေပြီ။ အေးဝင်းကလည်း ကိစ္စရှိလို့ဆိုပြီး အစောကြီးထွက်သွားသည်။

" ရီရီ မဆင်းသေးဘူးလား။ "

အမြဲနောက်ဆုံးကျန်တတ်သော ကိုဘုန်းရှိန်ပင် သူ့ရုံးခန်းကထွက်ပြီ။ ရီရီ တစ်ယောက်တည်းတော့ မကျန်ရဲ။ ကိုဘုန်းရှိန်နဲ့ အတူ လိုက်ဆင်းဖြစ်သည်။

အမျိုးသားတစ်ဦးနှင့်တွဲလျှောက်လာသော ရီရီ ကို ဉာဏ်လင်းမနည်းမှန်းယူလိုက်ရသည်။ ဉာဏ်လင်းသည် ရီရီ တို့ အလုပ်ခန်းရှိသည့် တိုက်ရှေ့တွင် ၄ နာရီ ကတည်းက စောင့်နေခြင်းဖြစ်သည်။ အေးဝင်းပြောထားသောကြောင့် ရီရီ ပုံစံ အရမ်းပြောင်းလဲသွားသည်ဟုတော့သိထားသည်။ သို့သော် မည်သို့မည်ပုံပြောင်းလဲ သွားမည်ကိုတော့ ပုံဖော်၍မရပါ။ မိန်းကလေးတစ်ယောက် ထွက်လာတိုင်း ရီရီ များလားဆိုပြီး လိုက်ကြည့်နေရတာ ၄ နာရီခွဲသွားပြီ။

အမျိုးသားတစ်‌ဦးနဲ့ အမျိုးသမီးတစ်ဦးအတူလျှောက်လာသော စုံတွဲကား အပြင်ကိုမထွက်ခင်ကတည်းက သတိထား၍ကြည့်မိလောက်အောင်ထင်ရှားနေသည်။ အနောက်တိုင်းဝတ်စုံအပြည့်ကို ဝတ်ဆင်ကာ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်၊ ကျန်တစ်ဖက်ဖြင့် အိတ်ကိုင်လျက် လျှောက်လာပုံက စတိုင်လ်ကျသည်။ ခြေတံရှည်ကြီးများက လူအများထဲရောက်နေသော်လည်း သတိထားမိချင်စရာ၊ ဘေးက ပါလာသော အမျိုးသမီးကလည်း အရပ်မတိုမရှည်။ နှစ်ဦးသားလျှောက်လာပုံမှာ ခြေလှမ်းတိုင်းက စည်းချက် ကျလွန်းသည်။ သတိထားမိစရာကောင်းလှသော ထိုစုံတွဲကို အသေအချာလည်း စိုက်ကြည့်မိသည်။

ဟောဗျာ ရီရီ ပါလား။

ပန်းရောင် လည်ဟိုက် အကျီ လက်ရှည်ကို စကပ်အမဲ ထီးပုံကားကားလေးနှင့်တွဲဝတ်ထားသော ရီရီ ။ အကျီကို စကပ်ထဲ ထည့်ဝတ်ထား၍ ရီရီ ရဲ့ ခါးသေးလေးကထင်ရှားနေသည်။ အမဲရောင် ဒေါက်ဖိနပ် နဲ့ စမတ်ကျကျ လမ်းလျှောက်လာသောရီရီကား အရင်တုန်းက ရီရီ လုံးဝမဟုတ်တော့ပေ။

အသားအရေက ဖြူဖွေးခြင်းမျိုးမဟုတ်ပဲ သွေးရောင်တောက်ကာ စိုပြေနေသည်။ ထို့ကြောင့်လည်း မြန်မာလူမျိုးတို့၏ အသားအရေကို ဝင်းဝါ စိုပြေသည် ဟု သုံးကြတာကိုး။ ပခုံးတွင်လွယ်၍လာသော အိတ်က အဖိုးတန် brand မျိုးမဟုတ်သော်လည်း ရီရီ နဲ့ တွဲလိုက်တော့ ဖက်ရှင်ကို ကျလွန်းနေသည်။ ခြေလှမ်းတိုင်းမှာ ဆံနွယ် တစ်ချက်ခါလိုက်တိုင်း ပုရိသတို့ မူးမေ့စေမည့် အမူအရာ။ မျက်နှာပေါ်မှာတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ရီရီရဲ့ ပွင့်လင်းပြီး ကလေးဆန်တဲ့ အမှုအရာအစား ရင့်ကျက် ပြတ်သားပြီး နားလည်ရခက်တဲ့ အမှုအရာတို့ကိုသာ မြင်နေရသည်။

ဘာမှ ထွေထွေထူးထူး ပြောင်းလဲသွားခြင်းမရှိသည့် ကိုဉာဏ်လင်း ကတော့ အရင်လို တည်ငြိမ်ရင်ကျက်ပြီး နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားတုန်းပါပဲ။ အဆောက်အအုံရှေ့မှာရပ်နေသော ကိုဉာဏ်လင်းကို ပေါ်တင်ရှိုး၊ ခိုးခိုးပြီးတော့ ရှိုးနေကြသော မိန်းကလေးများကို မမြင်ချင်မှအဆုံး။ပြောင်းလဲသွားခြင်းမရှိသည့် ကိုဉာဏ်လင်းကို ရီရီ အပြင်သို့မထွက်ခင်ကတည်းက မှတ်မိသည်။ ထို့ကြောင့် လည်း ကိုဘုန်းရှိန်ကို နှုတ်ဆက်ပြီး

ကိုဉာဏ်လင်း ရှိရာသို့ ဦးတည်၍လာလိုက်သည်။

" Hello ကိုဉာဏ်လင်း "

ဟု ရီရီ အရင်နှုတ်ဆက်ကာ ရယ်ပြလိုက်သည်။ သည်တော့မှ ဉာဏ်လင်းက ပြန်ပြုံးပြသည်။

"အေးဝင်းပြောတဲ့ ရီရီ ပြောင်းလဲသွားတယ်ဆိုတာ ဒီလိုကိုး။ အေးဝင်း ပြောတာ လိုနေသေးတယ်။ ရီရီ လှလာတယ်လို့ပြောရမှာ "

"ဟုတ်ပ အေးဝင်းက ပြည့်စုံအောင်ပြောတာမဟုတ်ဘူး"

ဟုပြောကာရယ်သည်။ လူကြီးရှက်တော့ရယ်တဲ့။ အခုတော့ ရှက်တာထက် ဘယ်လိုနေရမလဲ မသိလို့ ရယ်နေရခြင်းဖြစ်သည်။

ရီရီ တို့နှစ်ယောက် ဆိုင်တစ်ဆိုင်မှာ ညစာစားကြသည်။ ဟိုပြောသည်ပြောနှင့် ရီရီထင်ထားသလောက် အနေခက်တာမျိုးတော့ မခံစားရ။

"ကိုဉာဏ်လင်း အခု ကျောင်းထဲမှာပဲ အလုပ်ဝင်နေတယ်ဆို။ အေးဝင်းဆီက ကြားထားပါပြီ။ ကိုဉာဏ်လင်းက အခုထက်ထိ တက္ကသိုလ်ကျောင်းသူတွေ ကြားထဲ ရေပန်းစားတုန်းပဲလို့။"

"ဟာ အေးဝင်းကတော့ လုပ်ပြီ။ ကိုယ့်အကြောင်းကို ပြောရင် အဲ့ဒါကမပါမဖြစ်ဘူး"

ဟု ပြောကာ ရယ်လျက် ခေါင်းတဆတ်ဆတ်ခါလေသည်။

"အော် ပြီးတော့ တစ်ခုပြောသေးတယ်။ အရင်လိုတော့ မချေတော့ဘူးတဲ့"

"ဟား အကုန်ပြောထားတာပဲ။ "

"ဒါပေါ့ အေးဝင်းက ဘယ်သူ့သူငယ်ချင်းမို့လို့လဲ။"

❖ "ရီရီ အလုပ်လာအပ်တဲ့ ဧည့်သည်တစ်ယောက် မန်နေဂျာရုံးခန်းထဲ ရောက်နေတယ်။

ရီရီကို ဝင်လာခဲ့ပါတဲ့။ ကြည့်ရတာ ရီရီ့ကို အလုပ်အပ်မယ်ထင်တယ်။"

အေးဝင်က ရီရီ့အနားကိုကပ်၍ တိုးတိုးပြောသည်။ ရီရီ့ရင်ခုန်သံများ တဒုန်းဒုန်းမြည်နေသည်။ အမှန်တော့ ဧည့်သည် ဝင်သွားကတည်းက ရီရီ မန်နေဂျာရုံးခန်းကိုပဲ စိုက်ကြည့်နေခြင်းဖြစ်သည်။ ဟော အခုတော့ခေါ်ပြီ ။

"ရီရီ ထိုင်။ ကိုသူရ ဒါကျွန်တော်ပြောတဲ့ ရီရီ ပါ။ ကိုသူရတို့ အတွက် တာဝန်ယူပေးမယ့် ပန်းပညာရှင်ပါ။ "

"ဟုတ်ကဲ့ပါခင်ဗျာ။ တွေ့ရတာဝမးသာပါတယ်။ ရီရီ့အကြောင်းကိုတော့ မန်နေဂျာကိုဘုန်းရှိန်က တော်တော်လေးပြောထားပါတယ်။ အရမ်းတော်တဲ့ ပန်းပညာရှင် အဖြစ်ပေါ့"

"ဒါကတော့ ကိုဘုန်းရှိုန် အပိုပြောတာပါ။ ရီရီက ပွဲဦးတောင် မထွက်ရသေးတဲ့ ပညာရှင်လေးပါ။"

"ပွဲဦး မထွက်ရသေးပေမယ့် ပွဲဦးကို ကောင်းကောင်းထွက်နိုင်မယ်လို့ အာမခံချက်ရထားတယ်ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းရှိလို့တော့ မရဘူးလေ။"

"ရီရီ ကိုယုံကြည်ပေးတဲ့အတွက်ကျေးဇူးပါ"

"ကျွန်တော်တို့ကို အကောင်းဆုံးကြိုးစားပေးပါအုံး။"

"ရီရီ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"

ကိုသူရ ဆိုသူမှာ ရုပ်ရှင်ထုတ်လုပ်ရေး producer တစ်ဦးဖြစ်သည်။ စိတ်ကူးယဉ်ဆန်ဆန် ရုပ်ရှင်တစ်ကားကို စတူဒီယိုထဲမှာပဲ ပြင်ဆင်ပြီးရိုက်ရန်အတွက် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ပေးဖို့ အလုပ်လာအပ်ခြင်းဖြစ်သည်။

အလုပ်လာအပြီး တစ်ပတ်အကြာမှာ အလုပ်စသည်။ သူတို့ဘက်က ဇာတ်ဝင်ခန်းကို ကြိုအသိပေး၍ ရီရီတို့က ကြိုတင်ပြင်ဆင်ထားသည်။

ရီရီတို့အဖွဲ့မှာ ရီရီ၊ အေးဝင်းနှင့် ဝန်ထမ်း မိန်းကလေး ၃ ဦး၊ အလေးအပင် ပစ္စည်းတွေ သည်စရာရှိရင် အကူအညီရအောင် ယောက်ျားလေး ၂ ဦး။ စုစုပေါးင် ၇ ဦးပါသည်။