ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဘယ်လိုတည်ဆောက်ကြမလဲ

Updated: Jul 20



ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ ဘယ်လိုတည်ဆောက်မလဲ


( ပထမပိုင်း )


သန်းအောင်ဖြိုး

13/05/2022


၁။ နိဒါန်း


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ ယန္တရားအားလုံးဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိသွားပါတယ်။ တပ်မတော်ရဲ့ အတိုက်အခံနိုင်ငံရေးအင်အားစု NLD ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဖွဲ့စည်းပြီး နိုင်ငံရေးအာဏာကို ပြန်ရရှိအောင်ကြိုးပမ်းနေပါတယ်။ နွေဦးတော်လှန်ရေး ခေါင်းစဥ်အောက်က စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်မည်ဟု ဆိုပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့တောင် အသံထွက်လာပါတယ်။ အတိတ်က သမိုင်းနောက်ခံ၊ မှားခဲတာ​တွေနဲ့ သင်ခန်းစာတွေ၊ ဇာတ်ကောင်အဟောင်းတွေ၊ အသစ်တွေနှင့် လက်ရှိရဲ့ အခင်းအကျင်းတို့ကို မျက်လုံးဖွင့် နားကိုစွင့်ပြီး အနာဂါတ် ဖက်ဒရယ် မြန်မာပြည်ထောင်စုကို တည်ဆောက်ကြည့်ကြရအောင်။


၂။ ဖက်ဒရယ်ဆိုတာ ဘာလဲ?


ဖက်ဒရယ်စနစ်ကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးပြုကြတယ်လို့ဆိုတယ်။ အမေရိကားမှာ ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်နှင့် ဂျာမနီနိုင်ငံက ဖက်ဒရယ်စနစ်၊ ကျင့်သုံးပုံချင်း မတူညီကြပေ။ သေချာတာက ပထဝီအနေအထားနဲ့ လူထုအခြေအနေကို လိုက်ပြီး ကျင့်သုံးကြတာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေလည်း ဖက်ဒရယ်အနက်အဓိပ္ပါယ်ကို ပုံစံအမျိုးမျိုးဖွင့်ဆိုကြမှာ။ ပထဝီအနေအထား၊ သမိုင်းနောက်ခံနှင့် လူထုဆန္ဒကို ကြည့်ရမယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဖက်ဒရယ်ဆိုတာ 'ဗဟိုအာဏာလျှော့ချရေး နှင့် ပြည်နယ်တွေကို

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး' လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုတော အစိုးရအဆက်ဆက် မပေးချင်ခဲ့တာက 'အာဏာ' ဖြစ်ပြီး၊ လူထု လိုချင်တာက 'ကိုယ်ပိုင်အုပ်ချုပ်ခွင့်' ဖြစ်နေလို့ပါ။ လူထုရဲ့ ဆန္ဒနဲ့အညီ အုပ်ချုပ်ရေးစနစ်တစ်ခု မဖော်ဆောင်ခဲ့လို့ ပြည်တွင်းစစ် သက်ဆိုးရှည်နေတာဖြစ်တယ်။


နှစ်ပေါင်း ၆၀ ကြာ တိုင်းရင်းသားတွေက လက်နက်ကိုင်လမ်းစဥ်ကိုဖက်တွယ်ရင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး အတွက် တိုက်ပွဲဝင်လာတာဖြစ်တယ်။ လွတ်လပ်ရေးရပြီးစကာလမှာဆိုရင် ဦးချန်ထွန်း ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေသည်လည်း ဗဟိုကို အာဏာပိုပေးထားခဲ့တယ်။ ထို့နောက် ၁၉၆၂ ကနေ ၂၀၁၀ အထိ မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်လက်အောက်မှာ နေထိုင်ခဲ့ရတယ်။ အရပ်သားတစ်ပိုင်း-စစ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရ နဲ့ အရပ်သားအစိုးရ NLD သည် ၂၀၀၈ ခြေဥကိုကိုင်ပြီး ဗဟိုဦးစီးမှုစနစ်နှင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတာ။ ထိုသို့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုကို လျော့ချရေးဟာ ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ပြည်သူကို လွဲမှားတဲ့စနစ်၊ ပြည်သူနဲ့မဆီလျော်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တာကြောင့် ကမ္ဘာမှာ မြန်မာဟာ နာမည်ဆိုးနဲ့ကျော်ကြားနေဆဲပါ။ ၂၀၁၀ နောက်ပိုင်း လူတိုင်းက ဖက်ဒရယ်ဆိုပြီး အပြောများလာတော့ အဓိပ္ပါယ်၊ အနှစ်သာရ တစ်လွဲဖြစ်သွားမှာလည်း စိုးရိမ်ရသေး။


မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတယ်။ တိုင်း နဲ့ ပြည်နယ် ၁၄ ခုရှိပြီး၊ တိုင်း ၇ တိုင်းနဲ့ ပြည်နယ် ၇ ပြည်နယ်ကို အဆင့်အတန်းတူညီတယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံမှာတောင် အတိအလင် ဖော်ပြထားတယ်။

တိုင်း ၇ ခုက ဘယ်လို ပေါ်လာတာလဲ၊ ပြည်နယ်ရော တကယ်ဘဲ ၇ ခုတည်းလား။ ဒါတွေကို ထည့်သွင်းစဥ်းစားဖို့လိုလာပါမယ်။ သမိုင်းကို ပြန်ကြည့်ရရင်၊ ၁၉၄၇ ပင်လုံစာချုပ်အရ မြန်မာနိုင်ငံကို ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်ထောင်စု နဲ့ ဗမာပြည်မဆိုပြီး အဓိက နယ်မြေ ၄ ခု နဲ့ပေါင်းစပ်ခဲ့တာဖြစ်တယ်။ ကရင်၊ ရခိုင်နဲ့ မွန်ဟာ ဗမာပြည်မထဲ ပါဝင်နေခဲ့ပြီး၊ ကရင်နီ (ကယား) က နောက်ပိုင်းမှ ပြည်ထောင်စုထဲ ပူးပေါင်းလာတာဖြစ်တယ်။ ၁၉၇၄ ဖွဲ့စည်းပုံအရ တိုင်း ၇ တိုင်း ပေါ်ပေါက်လာတာဖြစ်တယ်။ တိုင်းဒေသကြီး ၇ ခု ကို ဗမာပြည်နယ်အဖြစ် ဖွဲ့စည်းနိုင်ရမယ်၊ unit တစ်ခုအနေနဲ့သတ်မှတ်နိုင်ရမယ်။ ၈ ပြည်ထောင်မူ၊ ဗမာ တစ်ကျပ် ကချင် တစ်ကျပ်မူကို ဦးစွာ အလေးထားဖော်ဆောင်ရမယ်။ ဒါက ပြည်နယ်တွေကို တန်းတူဖော်ဆောင်တာ။


နောက်တစ်ခုက လူမျိုးအချင်းချင်းကြား အခြေခံကျတဲ့ တန်းတူရေးကို ဖော်ဆောင်ပြီး၊ ခွဲခြားဆက်ဆန်တဲ့ အငုံစိတ်ကို ဘေးဖယ်ထားနိုင်ရမယ်။ ပြည်ထောင်စုအဆင့်က လူမျိုးအချင်းချင်းလည်း တန်းတူကည်တူဖြစ်နေဖို့လိုသလို၊ ပြည်နယ်တိုင်းက လူမျိုးစုတိုင်းဟာလည်း အခွင့်အရေးကို သုံးစွဲကြတဲ့အခါ တန်းတူဖြစ်နေဖို့ လိုအပ်တယ်။ လူမျိုးရေး နဲ့ ဘာသာရေး အရေခွံကို ခွာချနိုင်ရမယ်။ ဗမာဟာလည်း ကချင်ပြည်က ရဝန်လူမျိုး၊ သျှမ်းပြည်က ဝလူမျိုး၊ ရခိုင်ပြည်က မြိုလူမျိုးတို့လို့ လူမျိုးတစ်ခုပါလို့ မှတ်ယူနိုင်ရမယ်။ လူမျိုးကြီးဝါဒ၊ တစ်ဦးချင်း တစ်ဖွဲ့ချင်း၏ အမျိုးသားရေးဝါဒကို စွဲကိုင်ပြီးတော့ ဖက်ဒရယ်စင်မြင့် တက်မလာနဲ့။ အထူးသဖြင့် ဗမာပြည်သူလူထုထဲက ဗမာခေါင်းဆောင်တွေ သဘောထားပြည့်ဝနေဖို့လိုတယ်။


၃။ သူတို့တွေ စိတ်ရောပါရဲ့လား?


''ငါတို့တွေဟာ နှစ်ပေါင်းထောင်ချီ၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နိုင်ငံနဲ့ နေထိုင်လာတဲ့ လူမျိုးတွေကွ'' လို့ အနောက်ဖက်က အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဟုတ်လည့် ဟုတ်တယ် ရခိုင်တွေဟာ နိုင်ငံထူးထောင်ပြီး နှစ်ပေါင်းထောင်ချီ သီးခြားနေထိုင်လာခဲ့ကြတာကို။ ၁၇၈၄ ခုနှစ် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက ရခိုင်ပြည်ကို ကိုလိုနီနယ်ချဲ့ သိမ်းပိုက်ခဲ့စဥ်ကတည်းက သူတို့ခမာ ခုထိ ကျွန်သဘောက်ဘဝက မလွတ်မြောက်နိုင်သေးဘူး။ ''ကျွန်တော်တို့လိုလားတဲ့ နိုင်ငံရေးအဆင့်အတန်းကို ပြည်ထောင်စုထဲကနေ မရနိုင်ရန်၊ နိုင်ငံတကာနဲ့လက်တွဲပြီး သီးခြားနိုင်ငံထူထောင်သွားမယ်'' ဆိုပြီး ကြေညာထားပါသေးတယ်။


မွန်ကလည့် ပြောတယ်။ တစ်ချိန်က ငါတို့မှာ မွန်နိုင်ငံဆိုတာရှိခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင် နဲ့ အလောင်းမင်းတရား တို့ နယ်ချဲ့ခဲ့လို့ ငါတို့ဟာ ကောင်းကောင်းမွန်မွန်ကို မရပ်တည်နိုင်ခဲ့ဘူး။ တစ်ခေတ်တစ်ခါလောက်တော့ ကိုယ့်နိုင်ငံနှင့် နေဖူးချင်လိုက်တာတဲ့။ မကြာသေးခင်က မွန်အမျိုးသားညီလာခံ ကျင်းပခဲ့တာကို တွေ့ရတယ်။ မွန်ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲမယ်လို့ဆိုပါတယ်။ ဒါက ဖြစ်သင့်ပါတယ်။


သျှမ်းပြည်နယ်ထဲမှာဆိုရင် တိုင်းရင်းသားလက်နက်က အင်အားစုတွေ မှိုလိုပေါတယ်။ လက်နက်ကိုင် အင်အားစုတိုင်းမှာ ကိုယ်ပိုင် နိုင်ငံရေးမျှော်လင့်ချက်ကိုယ်စီရှိနေကြတယ်၊ စီးပွားရေးနောက်ခံတွေ မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတဲ့ လက်နက်ကိုင်အင်အားစုတွေ၊ ပြည်နယ်တောင်းနေတဲ့ အင်အားစုတွေအမျိုးမျိုးပါဘဲ။ နောက်ထပ် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ၊ သူတို့မှာလည်း ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်မျှော်လင့်ချက်၊ နောက်ခံသမိုင်းကြောင်း အထွေထွေနဲ့၊ နိုင်ငံရေး မျှော်လင့်ချက် ကိုယ်စီနဲ့။


ဗမာဆိုရင် ခေတ်အဆက်ဆက်တောက်လျှောက် သူတစ်ပါးကို အုပ်ချုပ်လာတာ။ သခင်မျိုးဟေ့ ဒို့ဗမာ။ ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား။ အနီးအနားက မတူကွဲပြားတဲ့ လူမျိုးစုတိုင်းကို burminization ပြုလာခဲ့တာ။ နောက် မြန်မာစစ်တပ်။ တပ်မတော်သည် အမိ၊ တပ်မတော်သည်အဖ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်နဲ့၊ အာဏာရှင် ဓားမိုး အုပ်ချုပ်လာခဲ့တော့ ပြည်တွင်းစစ်ဖြစ်လိုက်တာ နားချိန်ကို မရဘူး။


ပြောချင်တာက လူမျိုးတိုင်းမှာ လူမျိုးမာန ကိုယ်စီနဲ့၊ အင်အားစုတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီနဲ့။ လူမျိုးမာန နဲ့ သမိုင်းနောက်ခံတွေကို ခဝါချထားရမယ်။ ငါတို့မှသာ အုပ်ချုပ်သူဆိုတဲ့ ဓိတ်ဓာတ်အခံကို ဖျောက်ရမယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတိုင်းဟာ တန်းတူပါ၊ လူ လူချင်းပါဆိုတဲ့ အခြေခံသဘောတရားကို နှလုံးသွင်းနိုင်ရမယ်။ အထူးသဖြင့် ဗမာလူထုခေါင်းဆောင်တွေက တိုင်းရင်းသားလူမျိုးတွေနဲ့ ညှိနှိုင်းတဲ့အခါ တန်းတူသဘောတရားကို လက်ခံနိုင်ရမယ်။ ဒါက ဖက်ဒရယ်စနစ်ကို အသက်သွင်းနိုင်ရန် အစပျိုးရုံရှိသေးတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်ရအုံ့မယ်။ ဒါကို ဘယ်သူက ဦးဆောင်မှာလဲ?


၄။ နိုင်ငံတည်ဆောက်ရေးသမားများ


အန္ဒိယတိုက်က ပြည်သူသန်းပေါင်းများစွာကို နယ်ချဲ့ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင်ကြိုးပမ်းခဲ့သူမှာ ဂန္ဒီဖြစ်တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ ထိုပုဂ္ဂိုလ် ၂ ဦးလုံးဟာ နိုင်ငံတည်ဆောက်ရေး သမားတွေဖြစ်တယ်။ ပျက်စီးနေတဲ့ လူအဖွဲ့အစည်းကို စုစည်းနိုင်ခဲ့ပြီး၊ နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်အောင် ကြိုးပမ်းခဲ့တယ်။ အလားတူ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ခေါင်းဗဆောင်တွေ ကမ္ဘာမှာ များစွာပေါ်ထွန်းခဲ့တယ်။ နိုင်ငံတွေဆိုတာ ခေါင်းဆောင်တွေရဲ့ ကြံရည်ဖန်ရည်၊ အနစ်နာခံကြိုးပမ်းမှုတွေကြောင့် ပေါ်ထွန်းလာခဲ့တာပါ။


မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်လက်အောက်ကျရောက်သွားတော ပြည်သူခမာ ကယ်သူမဲ့ဘဝ ရောက်သွားကြတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေထဲက လူမျိုးစုခေါင်းဆောင် မြောက်များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ် တစ်ယောက်တစ်လေမှ လူမျိုးစုတစ်ဟာ စစ်ကျွန်ဘဝကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်စွမ်းမရှိသေးပါဘူး။


၈၈ အရေးအခင်းနောက်ပိုင်း မြန်မာပြည်သူလုထုကို ဦးဆောင်မည့် ခေါင်းဆောင်တစ်ဦးပေါ်လာတယ်။ ၁၉၉၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရဖူးတယ်။ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတိုင်းလိုလိုမှာ သောင်ပြိုကမ်းပြို အောင်ပွဲခံနိုင်ခဲ့တယ်။ ပြည်သူလူထုရဲ့ သူမအပေါ် ယုံကြည်အားထားမှုမှာ ကြောက်ခလိခမန်းတောင်။ ဒါပေမယ့် မြန်မာနိုင်ငံက service ရင့် ဗမာစစ်တပ်ရဲ့ မူယာ၊ မာယာ လှည့်ကွက်ထဲ ဝင်ရောက်သွားပြီး ခုဆို ထောင်ထဲပြန်ရောက်သွားပါတယ်။ NLD ဟာလည်း liberal burminization ကို သုံးပြီး တိုင်းရင်းသားတွေကို ဖိနှိပ်ခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် ကို တစ်ချိန်က ဒီမိုကရေစီမိခင်ကြီးလို့ ကမ္ဘာကတောင် အသိအမှတ်ပြုခဲ့တာ။ ဒါပေမယ့် မြန်မာပြည်သူကို အာဏာရှင်ကပ်ဘေးကနေ ဆွဲထုတ်နိုင်တဲ့ အရည်အချင်း သူမမှာရှိကြောင်းကို မတွေ့မြင်ရပေ။


မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပါတီတွေ မှိုလိုပေါပါတယ်။ ဒါပေမယ့် လူထု လိုအပ်လာတာက နိုင်ငံပြုသုခမီတွေပါ။ နိုင်ငံရေးသမားထက် တစ်ဆင့်မြင်တဲ့ တိုင်းပြည်တည်ဆောက်ရေးသမားပါ။ စေတနာ၊ ဉာဏ်၊ အမြော်အမြင်၊ သဘောထားကြီးမှု၊ သည်းခံမှု ရှိပြီး အတ္တနဲ့ မာန၊ ကိုယ်ကျိုးစွန့်မည့် တကယ့် နိုင်ငံတည်ဆောက်ရေးသမား တစ်ယောက်လောက်ကို လူထုက မျှော်လင့်နေတာပါ။


မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ် အမြစ်တွယ်အောင် လုပ်ပေးနိုင်မည့် ခေါင်းဆောင်တစ်ဦးလိုနေပါတယ်။ လူမျိုးစု ပေါင်းစုံ၊ နောက်ခံသမိုင်းပေါင်းစုံနဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်နဲ့ မောင်းနင်သင့်တာကို လူတိုင်းလက်ခံကြပါတယ်။ ဒါပေမယ့် တာဝန်ယူနိုင်မှာပါ၊ အရည်အချင်းနဲ့ ပြည်စုံပါတယ်ဆိုတဲ့ အမေစုတောင် jail ထဲရောက်သွားတဲ့ ကိစ္စဆိုတော့၊ ဒါကို AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ KIA ခေါင်းဆောင်၊ KNU ခေါင်းဆောင်၊ UWSA ခေါင်းဆောင်၊ NUG က ဒူဝါလချီလ သူတို့လည်း မစွမ်းနိုင်ပါဘူး။ ဒါဆို စုစည်းမှုကို ဘယ်လိုဖော်ဆောင်မလဲ?


၅။ မြန်မာ အမျိုးသားရေးလမ်းစဥ်


မြန်မာအမျိုးသားရေး လမ်းစဥ်ဆိုတာ ဘာလဲ? တစ်တိုင်ပြည်လုံးက ပြည်သူလူထုဟာ အာဏာရှင်စနစ်ကလွတ်မြောက်ရမယ်၊ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူနည်းစုတို့၏ တန်းတူရေးအတွက် တိုက်ပွဲဟု ကြေညာချက်ဖြစ်နေရမယ်။ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးကို ပြောင်းလှန်နိုင်ဖို့ဆိုတာ လွယ်ကူမှာတောမဟုတ်ဘူး။ မြန်မာ့အသိုင်းအဝိုင်းဟာ နှစ်ပေါင်းကြာရှည် ပဋိပက္ခနွံထဲနစ်ပြီး ပျက်စီးနေတာကြာပြီး။ ဒါကို သမန်ကာချန်ကာ ဖက်ဒရယ်လောက်နဲ့ လှမ်းအော်နေလို့မရတော့ဘူး။ လက်တွေ့ဆန်ဖို့လိုတယ်၊ စုစည်းမှုကို ဖော်ဆောင်နိုင်ဖို့ လိုလာတယ်။


မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လွတ်မြောက်မှုအတွက် ဘယ်သူမှလာပြီး တိုက်ပွဲဝင်မှာမဟုတ်ဘူး။ တရုတ် နဲ့ ရုရှားဟာ ရန်သူရဲ့ မိတ်ဆွေဖြစ်တယ်။ အမေရိကားကိုလည်း အားမကိုးလေနဲ့။ ကုလသမ္မဂဟာ စိုးရိမ်၊ အကြံပေးအဆင့်နဲ့ ကျေနပ်နေရတာ၊ ဘယ် UN တပ်ဖွဲ့ကလည့် အားအားယားယား မြန်မာပြည်လာပြီး အာဏာရှင်ကို တိုက်ထုတ်မှာမဟုတ်ဘူး။ ကိုယ်တိုင်ဘဲ တည်ဆောက်ရမှာ၊ တိုက်ပွဲဝင်ရမှာ။ ရန်သူဟာ အတွေ့အကြုံရင့်ကျက်တယ်။ မာယာများတယ်။ သူတို့ရဲ့ ထောင်ချောက်ထဲ ဘယ်သူမှမဝင်အောင် ကြိုးစားရမယ်။ ရန်သူကို အပြုတ်တိုက်ချင်ရင်၊ ရက်သူထက် အင်အား၊ နည်းဗျူဟာ၊ သဘောထား အစစ အရာရာ သာအောင်ကြိုးစားရမှာ။


တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ရန်သူကို တိုက်ခိုက်နေလို့ကတော ဘာမှ အရာထင်မှာမဟုတ်ဘူး။ ရခိုင် လွတ်မြောက်သွားမယ် ထားပါအုံ့၊ ဘေးနားက ချင်းပြည်သူလူထု ဒုက္ခကို ထိုင်ကြည့်နေရမှာဘဲ။ 'ဝ' ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေတယ်။ ဘေးနားက တအောင်က တိုက်နေရတယ်။ ရခိုင်မှာ တိုက်ပွဲဖြစ်တော့ ကရင်ပြည်မှာ တိုက်ပွဲနားထားတယ်။ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို သုံးသပ်တဲ့အခါ မြန်မာစစ်တပ် ကို အပြစ်ပုံချကြတယ်။ တိုင်းရင်းသား အင်အားစုတွေဖက်က ကြည့်လိုက်ပါ။ ရန်သူသာတူတယ်၊ ရည်မှန်းချက်နဲ့ တိုက်ခိုက်ပုံမတူတော့ ဘယ်သူမှ ဦးထူးပေါက်သွားတယ်လို့မရှိဘူး။ ခုဆို PDF တွေကို ရှေ့တန်းတင်၊ တိုက်ခိုင်း၊ ဝါရင်နိုင်ငံရေးသမားတွေက ထိန်းချုပ်ဧရိယာကနေ နိုင်ငံရေးစကားပြောနေကြတယ်။ တိုက်ပွဲတွေနဲ့ နေသားကျသွားတာ မကောင်းပါဘူး။


လွတ်မြောက်ရေးလမ်းစဥ်၊ တစ်နည်းအမျိုးသားရေးလမ်းစဥ်ကို စုပေါင်းဖော်ဆောင်ရမယ်။ အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်ရမယ်။ နိုင်ငံတော်တည်ဆောက်ရေး သမားတွေ ပေါ်ထွန်းလာအောင် မြေတောင် မြှောက်ပေးရမယ်။ စုပေါင်းခေါင်းဆောင်မှုစနစ်၊ စုပေါင်းအုပ်ချုပ်စနစ်ကို ဖော်ဆောင်ရမယ်။ အမျိုးသားရေး လမ်းစဥ်းအောက်မှာ လူမျိုးတိုင်း၊ ပြည်နယ်တိုင်း နာလည်း အတူခံ သာလည်း အတူစံ ဖြစ်နေရမယ်။


ပြန်ချုပ်ကြည့်ရသော်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တော့မယ်ဆိုရင်၊ ပြည်နယ်အချင်းချင်း၊ လူမျိုးစုအချင်းချင်း တန်းတူရေးကို ဖော်ဆောင်ပေးရမည်။ လူမျိုးမာန၊ သမိုင်းမာနတွေကို ခဏ ဘေးချိတ်ထားပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ရမယ်။ စုပေါင်း ခေါင်းဆောင်မှုစနစ်တစ်ခုကို အသက်သွင်းပြီး နိုင်ငံရေးသမားထက် တိုင်းပြည်တည်ဆောက်မည့် ပညာရှင်တို့ကို မြေတောင်မြှောက်ပေးနိုင်ရမယ်။ နိုင်ငံရေးသမားများအနေဖြင့် ၂၀ ရာစု အတွေးအခေါ်ကနေ ဖောက်ထွက်သင့်ပြီလို့ သုံးသပ်မိပါတယ်။


ဆက်ပါအုံ့မည်


အတွေးအခေါ် နဲ့ အသုံးအနှုန်း ယူသုံးထားရေး ဆရာသမားတိကို crd ပီးပါရေ

55 views0 comments