ဗုဒ္ဓဝါဒနှင့် ခေတ်သစ်လူ့ဘောင်


ဗုဒ္ဓ၀ါဒနှင့် ခေတ်သစ် လူ့ဘောင် or

From Knowledge Age to Wisdom Age


10, 06, 2018: Bangkok


လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်။ မဇ္ဈိမဒေသ အိန္ဒိယတွင် မြတ်စွာဘုရားပွင့်တော်မူသောအခါ၊ သစ္စာနှင့် ပတ်သက်၍ ၀ါဒအမျိုးမျိုး ပေါ်ခဲ့သည်။ ထိုဝါဒများကို အုပ်စုဖွဲ့လိုက်ပါက ယေဘုယျအားဖြင့် (၃)ခုရှိသည်ဟုဆိုသည်။


ပထမ၀ါဒမှာ အတ္တ၀ါဒအုပ်စုဖြစ်ပြီး၊ ခေါင်းဆောင်မှာ ဗြဟ္မဏများနှင့် တိတ္ထိကြီးများ ဖြစ်သည်။


ဒုတိယ၀ါဒမှာ အနတ္တ၀ါဒအုပ်စုဖြစ်ပြီး၊ ခေါင်းဆောင်မှာ မြတ်စွာဘုရား ဖြစ်သည်။


တတိယ၀ါဒမှာ အတ္တနှင့်အနတ္တကိုပေါင်းစပ်ထားသော အတ္တာနတ္တ၀ါဒဖြစ်ပြီး ခေါင်းဆောင်မှာ မဟာဝီရ

ဖြစ်သည်။


သည်ဘက်ခေတ်ပိုင်းတွင် မဟာလူသားများအဖြစ် ကမာ့္ဘသမိုင်းက ဗုဒ္ဓနှင့် မဟာဝီရကို ထည့်သွင်းထားကြသော်လဲ၊ သိပံ္ပနည်းကျကျ အစစ်ဆေးခံနိုင်သောဝါဒမှာ ဗုဒ္ဓဦးဆောင်ခဲ့သော အနတ္တ၀ါဒဖြစ်ပြီး အိုင်းစတိုင်း၊ စတီဗင်ဟော့ပ် ကင်းစသော ထင်ရှားသူများအပါအ၀င်၊ ကြီးကျယ်သောသိပံ္ပပညာရှင်ကြီးများ၏ထောက်ခံမှုကို ရခဲ့သည်။

မိမိကိုယ်ကို အမှန်သုံးသပ်နိုင်ခြင်းသည် (Self Actualized) မဖြစ်သေးသမျှကာလပတ်လုံး၊ အတ္တ၀ါဒကို လူ သားများအခြေခံကြသည်။


မြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို မွေးဖွားခဲ့သော ဖခမည်းတော် သုဒ္ဓေါဒနနှင့် ဆွေတော်အပေါင်းတို့ပင် လောကကိုကြည့်သောအခါ ပုဂ္ဂလစက္ခုဖြင့်သာ ကြည့်ခဲ့ပါသည်။ ပုဂ္ဂလစက္ခုသည် အတ္တ အခြေခံဖြစ်ပြီး ယခုခေတ်ဆိုလျှင် Interest Oriented ဟု တင်စားနိုင်မည်လားမသိ။


ပုဂ္ဂလစက္ခုဖြင့် လောကကို ကြည့်သောအခါ ပုဂ္ဂိုအဖြစ်မြင်၏၊ သတ္တ၀ါအဖြစ် မြင်၏၊ သူသူ ငါငါအဖြစ်လဲ မြင်၏၊ ငါ့ဆွေမျိုး သူစိမ်းဟုလဲ မြင်၏၊ ဓမ္မအဖြစ် မမြင်နိုင်၍ သင်္ခါရအမြင်မျိုးဖြင့် မရှုနိုင်၊ ချစ်စရာကိုတွေ့လျှင်ချစ်၍ မုန်းစရာကိုတွေ့လျှင်မုန်း၏။ ဘုန်း တောက်စဉ် တည်မြဲသည်ဟုထင်၍၊ ဘုန်းကျသည့်အခါကို မမြင်နိုင်၊ ပညာမျက်စိ ပညာအတွေးတို့မှာ ဝေးကွာသည်။


ဗုဒ္ဓ၏အမြင်ကား အတ္တအမြင်နှင့်ဆန့်ကျင်ဘက်၊ အနတ္တ၏အခြေခံမှာ ဘာမှမမြဲ၊ ဓမ္မစက္ခုဖြင့် ကြည့်ခြင်းဖြစ် ပြီး၊ အကြောင်းအကျိုးဆက်နွယ်မှုကို ဖြတ်ဆောက်သောဝါဒ၊ ပဋိသန္ဓေမျိုးစေ့ ရှင်းလင်းသောဝါဒဖြစ်သည်။


အတ္တသည် လောကီချမ်းသာကို ဦးစားပေးသည်။ အနတ္တသည် လောကုတ္တရာချမ်းသာကို ရှေးရှုသည်။

လောကီချမ်းသာ၏ ရင်ထဲတွင် သောကတွဲ၍၊ လောကုတ္တရာချမ်းသာ၏နှလုံးတွင် သောကကင်းသည်။ ပကတိချမ်းသာနှင့် အေးငြိမ်းမှုတို့ ရှိသည်။


သိပ္ပံပညာ ပိုမိုတိုးတက်လာသော မျက်မှောက်ခေတ်ကြီးသည် ‘သုတသိ’ (Knowledge)များ ပိုမိုမြင့်မားလာ လေ အတ္တအခြေပြု (Interest Based) ပို၍များလာလေ ဖြစ်လျက်ရှိသည်။ သုတသိ (Knowledge)ကို လေ့လာလျှင် အတတ်ပညာသိ၊ နည်းပညာအသိအခြေခံပြီး ထိုနည်းပညာ၊ အတတ်ပညာများက အတ္တကို ပိုမိုအားပေးထောက်ပံ့ စေ့ဆော်နေသည်။


ထို့ထက်မြင့်မားသော Wisdom ဟူသည့် ‘ပညာသိ’ ‘ထိုးထွင်းသိ’ သို့ မရောက်နိုင်သေးသမျှကာ လပတ်လုံး အတ္တကြီး၊ ကြီးနိုင်ငယ်ညှင်းမှ လွတ်ကင်းကြဦးမည် မဟုတ်၊ Knowledge ပိုများလေ အတ္တပိုကြီးလေ၊ နွံ ထဲ့ ရုန်းထွက်နိုင်မည့်ပုံ မမြင်ချေ။

မိမိကိုယ်ကို အမှန်မြင်နိုင်သည့်အဆင့် (Self Actualized) ဖြစ်သည့်အခါမှသာ ‘ပညာသိ’ (Wisdom) ဖြစ် သည်ဟု ဆိုနိုင်ပါသည်။ ထိုအဆင့်သို့ရောက်လျှင် ‘ဘာမှမဟုတ်ကြတော့ပါလား’ ဟူသောအသိသည် အတ္တနှင့်စတင် ဖယ်ခွာရာအသိမျိုးဖြစ်သည်ဟု ယူဆရသည်။


ထို့ထက် ပိုမြင့်သော အသိအဆင့်မှာ Enlightenment ဟူသော ‘သေချာ တတ်အပ်သိ’ (Know-for-sure) အဆင့်ရှိပါသေးသည်။ ပဋိစ္စသမုပ္ပတို့၏ ကွင်းဆက်၊ အကျိုးဆက်ဖြတ်တောက်ရာ၏ အကျိုးကို သိလာခြင်းအဆင့်ဖြစ်သည်။


လောကုတ္တရာပညာအဆင့်ရောက်ပြီဖြစ်၍ အေးချမ်းသာယာသော လူ့ ဘောင်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတို့ ကင်းလွတ်ပြီဖြစ်၍ ရုပ်ဝတ္ထုတို့၏တိုး တက်မှုကတော့ Knowledge Era လောက် တိုးတက်နိုင်မည်မဟုတ်၊ အနည်းဆုံး Wisdom Age ရောက်လျှင်မူ Actualization ဟူသော အမြင်မှန်၊ သုံးသပ်မှန်ပြီဖြစ်၍ လောက၏အနိဋ္ဌာရုံများမှ ကင်းဝေးနိုင်မည်ဟု ယူဆသည်။


သို့သော်လဲ ကံဆိုးစာပင် ယနေ့ခေတ်သည် အတတ်ပညာပြိုင်ပွဲခေတ် (Knowledge Age) ဖြစ်နေသဖြင့် ယှဉ်ပြိုင်မှု၊ ကြီးစိုးမှု၊ သြဇာလွှမ်းမိုးရေးစသော အတ္တအခြေခံတို့ကြား ကမာ့္ဘလူသားများ ဒုက္ခအဖုံဖုံဖြင့် လုံးထွေးနေကြရလျက် ရှိ ပါသေးသည်။


အမှန်မှာ ယနေ့ ပညာဟုတင်စားနေကြသော Knowledge သည် ပညာစင်စစ်မဟုတ်၊ ‘အတတ်ပညာ’ ‘သု တပညာ’ မျှသာဖြစ်ပြီး၊ Wisdom အဆင့်မှသာ ‘အသိပညာ’ အဆင့်ဖြစ်ပါသည်။ Knowledge ခေတ်သည် ‘ဓါးသွား ထက်ထက် လက်ထဲထည့်ပေးသောခေတ်’ ဖြစ်ပါသည်။ ‘သိုင်းသင်ပေးထားသော ခေတ်’ ဖြစ်ပါသည်။

ဘယ်နေရာကြည့်ကြည့် ကမ္ဘာတ၀န်း အနည်းအများ အနိဋ္ဌာရုံချည်းသာဖြစ်သည်။ နိုင်ငံကြီးများက နိုင်ငံ ငယ်များကို အနည်းနည်းအဖုံဖုံဖြင့် ပါဝင်စွက်ဖက်၊ နိုင်ငံကြီးအချင်းချင်း အင်အားပြိုင်၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးတခုမကျန် သာလွန်အောင် ကြိုးစား၊ အတတ်ပညာနုံချာသောနိုင်ငံများက ကျွန်စုပ်သရက်စေ့ ပမာဖြစ်သွားကြပြီး၊ ချမ်းသာသောနိုင်ငံများက ပိုချမ်းသာလကြပါသည်။ လူတန်းစားမညီမျှမှု ပို၍ကြီးထွားလာသည်။


စစ်ရေးအရ၊ နိုင်ငံရေးအရ စွက်ဖက်မှုများကလဲ မကြားချင်မှအဆုံး၊ ဒါက ကမ္ဘာကြီး၏ အခင်းအကျင်း၊ တနိုင်ငံချင်း အခင်းအကျင်းများကလဲ ဣဋ္ဌာရုံဟူ၍ လွန်စွာနည်းပြီး အနိဋ္ဌာရုံများသာ များပါသည်။ နိုင်ငံအချင်းချင်း ဦးဆောင်သူ တို့ သင့်မြတ်မှုနည်းပါးသည်မှစ၍ Self-interest / Family interest ဟူသော ကိုယ်ကျိုးအတ္တအခြေပြုနိုင်ငံများက သာ၊ များနေပါသည်။ တနိုင်ငံချင်းအတွင်း လူတန်းစားခြားနားမှု ကွာဟခြင်းကလဲ ပိုမိုကြီးထွားလာပါသည်။


အတွေ့အကြုံ၊ အစဉ်းအစား၊ သင်ကြားခဲ့သောပညာများ၏စုစည်းမှုမှတဆင့် အတွေးအခေါ်တခု ဖြစ်လာပါ သည်။ အတွေးအခေါ်မှသည် အယူအဆတခုသို့ တိုးတက်သွားပြီး၊ ယုံကြည်မှုအပေါ်အခြေခံကာ ၀ါဒတခုအဖြစ် အ သွင်ပြောင်းတတ်ပါသည်။ ခြားနားသောအတွေးအခေါ်မှသည် ခြားနားသောဝါဒများကို မွေးထုတ်ကြသည်။ ၀ါဒကိုင် စွဲသူ ဦးဆောင်သူတို့၏ အခြေအနေ လုပ်ပိုင်ခွင့်အရ ၀ါဒတခု၏သက်ရောက်မှုသည် အများကို ဆိုးကျိုး ကောင်းကျိုး ပေးစွမ်းနိုင်ပါသည်။


မဟာဝီရ၏ အတ္တာနတ္တ၀ါဒထင်ရှားသလို၊ ဗုဒ္ဓ၏ အနတ္တ၀ါဒကလဲ လွှမ်းမိုးသည်။ ဗြာဟ္မဏများ၏ အတ္တ၀ါဒကလဲပညာနည်းသူတို့အတွက်အားထားရာ၊ယုံကြည်ရာဖြစ်ခဲ့ဖူးသည်။အများကောင်းကျိုးမည်မျှစွမ်း ဆောင်နိုင်သည်၊ သစ္စာမည်မျှတည်သည်က နောက်ဆုံး အဆုံးအဖြတ်ပေးပါသည်။


ယနေ့ခေတ်ကား အရင်းရှင်ဝါဒ၊ ဈေးကွက်စီးပွားရေးစနစ်၊ ဆိုရှယ်လစ်ဝါဒစသော ၀ါဒများရှေ့တန်းရောက် အားပြိုင်ကြသည်။ အများပြည်သူကို မည်မျှ အမှန်တကယ်၊ လက်တွေ့ဆန်ဆန်အကျိုးပြုသည်ကသာ အရေးကြီး သည်။ ၀ါဒတခု၊ စနစ်တခုသည် အများကောင်းကျိုးရှေးရှုရန် လိုသည်။ အများကောင်းကျိုး အမှန်ဆောင်ကြဉ်းနိုင်ရန် ထိုဝါဒတည်ထောင်သူတို့၏ ခေါင်းဆောင်သူများကဏ္ဍ အရေးကြီးသည်။


ပညာနည်းသော၊ အတ္တအခြေခံ၊ အများ ကိုယ်စားမပြုသော အတေွးအခေါ်ရှိ ခေါင်းဆောင်တို့၏၀ါဒကား ရေရှည်ခံမှတ်ကျောက်တင်နိုင်မည်မဟုတ်။


နှစ်ပေါင်း၂၅၀၀ ကျော်လာသောအခါ ဗုဒ္ဓ၏ အနတ္တ၀ါဒသည် အခြားဝါဒနှစ်ခုကို လွှမ်းမိုးအောင်နိုင်သွားပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာကျယ်ပြန့်လာသည်မှာ အများကောင်းကျိုးအခြေပြု Public Oriented ဖြစ်သည်သာမက၊ သစ္စာ တည် မှန်ကန်မှုရှိ၍ ဖြစ်သည်။


ဗုဒ္ဓလက်ထက်က ‘နိယတ’ ဗျာဒိတ်ကိုရနိုင်ရန် အရေးကြီးသော စိတ်ပိုင်းဆိုင်ရာအင်အားနှစ်ရပ်သည် အ ထွတ်အထိပ်သို့ရောက်အောင် ပြည့်စုံသွားခြင်းကို သဗ္ဗညုတဉာဏ်တော်ကိုရခြင်းဟုဆိုသည်။ ထိုအင်အားနှစ်ရပ်ကို ခွဲခြမ်းလျှင် တရပ်မှာ ‘ကရုဏာ’ အင်အားဖြစ်၍ အခြားတရပ်မှာ ‘ပညာ’ အင်အားဖြစ်သည်။ ‘ကရုဏာ’နှင့် ‘ပညာ’ သည်ကား သာမန်လူတို့ထားနိုင်သောအရာ ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်တို့၌ရှိသင့်သော အခြေခံအရည် အချင်းလဲ ဖြစ်သည်။ ကရုဏာမဲ့သော၊ ပညာမဲ့သောသူသည် တကယ်အားဖြင့် ခေါင်းဆောင်ကောင်းတဦးဟု မသတ် မှတ်နိုင်။


လူသည်မွေးဖွါးစဉ်က အတ္တအခြေခံဖြင့်ကြီးပြင်းခဲ့ရသော်လဲ၊ အတွေ့အကြုံနှင့်ပညာရင့်ကျက်လာသည် နှင့်အမျှ အတ္တနှင့် ပရကို မျှတစွာ ကျင့်သုံးသင့်သည်။ ပညာမဲ့ပါက အတ္တစက်ကွင်းမှ ရုန်းထွက်နိုင်မည် မဟုတ်ပါ။


ဝါဒအမည် မည်သို့ဖြစ်စေ၊ အများကောင်းကျိုး အခြေခံဖြစ်ခြင်းကသာ အကြောင်းရင်း ဖြစ်သင့်သည်။


လူသည် သဘာဝအားဖြင့်

‘မောက္ခ’ ဟူသော လွတ်မြောက်မှု၊

‘အမတ’ ဟူသော သေခြင်းတရားမှ ကင်းဝေးမှု

‘သရဏ’ ဟူသော ကိုးကွယ်ရာ၊

ဤသုံးပါးကို တောင့်တကြသည်။ ဤအချင်းအရာသုံးပါးသည် လောကုတ္တရာနှင့်အ ကြုံးဝင်သလို၊ လောကီဘက်မှမြင်လျှင်လဲ တထပ်တည်းကျသည်။ အန္တိမရည်မှန်းချက်များသာ တထပ်တည်းမကျ ခြင်းဖြစ်သည်။


လောကုတ္တရာရှုထောင့်က ဆန်းစစ်လျှင် ‘သရဏ’ သည်ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်လာပြီး၊ ‘အမတ’ မ သေခြင်းနှင့် ‘မောက္ခ’ လွတ်မြောက်ခြင်းတို့အတွက် နိဗ္ဗာန်ဟူသည်ဖြစ်လာ၏။ အခြားမရှိ။


လောကီချမ်းသာမှုနှင့်သုံးသပ်လျှင်ကား ကိုးကွယ်ရာသည် ခေတ်၊ စနစ်တို့ဖြစ်လာပြီး၊ ဘ၀သက်တမ်းတခု အတွက် မသေခြင်းးကား ပညာဟု ယူဆနိုင်ပြီး၊ လွတ်မြောက်မှုမှာ လောကီချမ်းသာမှု ဖြစ်လာပါမည်။ အခြေခံသည် ခေတ်၊ စနစ်ဖြစ်ပြီး၊ အပေါ်ထပ်အဆောက်အဦသည် ပညာနှင့် လောကီချမ်းသာမှု ဖြစ်ပါသည်။


ဘုရားမပွင့်မီကာလ အလုံးစုံပုံအပ်သော ‘ကမ္မ၀ါဒ’ ထွန်းကားခဲ့ပြီး၊

ဗုဒ္ဓက ‘ဉာဏ၀ါဒ’ ဖြင့် အများ၏အသိကို ပညာအလင်း ထွန်းညှိပေးခဲ့ပါသည်။


‘ကမ္မ’ ဟူသော ‘ကံ’ ၏သဘောတရားတို့ကို ဗုဒ္ဓက ပစ်ပယ်သည်မဟုတ်၊ ‘ကံ’ ကို အလုံးစုံ ‘မပုံ’ ခိုင်းခြင်းသာဖြစ်၍ ‘ကံ’ ၏ အရေးပါမှုနှင့် အကြောင်းအကျိုးတို့၏ဖြစ်စဉ်ကို လက်ခံသော ‘ဉာဏ၀ါဒ’ သာဖြစ်သည်။ အလှူပေးရုံဖြင့် ကုသိုလ်ရသည်မဟုတ်၊ ‘စေတနာ’ ထားတတ်မှ ကုသိုလ်တကယ်ရသည်ဟူသော ဉာဏ်အရာဖြင့် ဆင်ခြင်နိုင်ရေးကို၊ ဗုဒ္ဓက မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။

သို့ဆိုလျှင် အများအကျိုးအတွက် ဆောင်ရွက်နေကြပါသည်ဆိုသော သူများသည် တကယ်စေတနာမှန်ဖို့ လိုပါသည်။


‘သမ္မာသမာဓိ’ ကို မှန်ကန်သောသိမှု (သို့မဟုတ်) မှန်ကန်သော သတိရှိမှုဟု အဓိပ္ပာဖွင့်ဆိုကြပြီး၊ အခက်အ ခဲအားလုံးကို အောင်နိုင်စေရန် အကောင်းဆုံးနည်းဖြစ်သည်ဟုဆိုသည်။ သို့သော်လဲ နာမ်ဓါတ်သည် မကောင်းသော ကြံစည်မှုများဘက် ဆွဲဆောင်သောသဘောရှိသဖြင့်၊ လူတိုင်းမှန်ကန်သောသိမှု မရနိုင်၊


တိရစ္ဆာန်လောက အသက်ရှိရေး အတွက် အားထုတ်ကြရာတွင်၊ သိမှု (သို့မဟုတ်) သတိရှိမှု မမြင့်မားကြပါချေ။

လူ့ဘ၀တွင်ကား အတတ်ပညာနှင့် အသိ တိုးလာသည့်အလျောက်၊ လောကီချမ်းသာရရေးအတွက် အချို့လူများ မကောင်းမှုဖြင့်ဆောင်ရွက်ရန် ၀န်မ လေးကြချေ။


ပို၍ဆောင်ရွက်နိုင်ခွင့်လဲ ရှိလာကြသည်။ ပညာ(သုတ)တတ်များ ကောက်ကျစ်လျှင် ပိုဆိုးသည်ဟူ သော စကားသည် ဤအယူအဆအတွက် အထောက်အပံ့ဖြစ်သည်။ တကယ်မှာကား ထိုပညာတတ်ဟူသော လူမျိုးသည် အတတ်များပြီး အသိနည်းသူများသာဖြစ်ကြသည်။ အသိရင့်ကျက်ပြီး ‘သမ္မာသမာဓိ’ ဖြစ်ကြသူများ ပါဝင် သည်မဟုတ်။


အနောက်နိုင်ငံများတွင် Civil Society ဟူသော လူမှုအဖွဲ့အစည်းများကို အားပေးသည်။ စားဝတ်နေရေး မ ပြေလည်သူများ လူမှုရေး (Social Affairs) ဆောင်ရွက်နိုင်ရန် သာမန်အားဖြင့် အခွင့်အလမ်းနည်းပါးကြ၏။ တိုင်း ပြည် ချမ်းသာသည်ဆိုရာ၌ ပြည်သူများ ချမ်းသာခြင်းဖြစ်ပြီး၊ ထိုနိုင်ငံများ၌ Civil Society များ အများအပြားရှိသည်။ ကြည့်တတ်လျှင် ညွှန်းကိန်းတခုအဖြစ် အသုံးပြုနိုင်သည်။


Social Affairs, Social Activities ဟူသည် အများ ကောင်းကျိုးဆောင်ရွက်သည်ဖြစ်ရာ လောကီ၊ လောကုတ္တရာ ရှုထောင့်နှစ်ခုလုံးမှ လုံးဝလက်ဖွယ်ရာ အရာဖြစ်ပါ သည်။

ရှုထောင့်တခုမှဆိုရလျှင် လောကတွင် လူနှစ်မျိုးရှိသည်။ တမျိုးမှာ တစုံတရာကို ပြုလုပ်လိုသော ပုဂ္ဂိုလ်နှင့် အခြားတမျိုးမှာ ကိုယ်တိုင်က တစုံတရာကို ဖြစ်ချင်သော ပုဂ္ဂိုလ်ဟူ၍ဖြစ်သည်။ အချို့သော သူဌေးကြီးများ၊ နိုင်ငံ ခေါင်းဆောင်များသည် အများကောင်းကျိုးအတွက် တစုံတရာပြုလုပ်ပေးလိုသောသူများဖြစ်ကြပြီး၊


ရှေးက ‘အနာထ ပဏ္ဍိက’ သူဌေးသည် အများကောင်းကျိုးဆောင်ရွက်ရာမှာ ထင်ရှားသည်။ ကိုးကွယ်ရာမဲ့သူတို့အား ပေးကမ်း၊ စွန့်ကြဲ စောင့်ရှောက်၏။


မျက်မှောက်ခေတ် သူဌေးကြီး Bill Gates သည် ၂၀ ဘီလီယံ လှူဒါန်းခဲ့သူဖြစ်ပြီး၊ ခေတ်သစ် လူမှု ရေးဆောင်ရွက်သူများကြားတွင် ထင်ရှားသည်။

တချိန်က ပနားမားခေါင်းဆောင် Torrijos သည် သူ့နိုင်ငံကောင်းစားရေးအတွက် သူ့အသက် ပဓာနမထား ဆောင်ရွက်ခဲ့သော်လည်း သူလုပ်ကြံခံရပြီး ဒုတိယခေါင်းဆောင် နိုရေးဂါး တက်လာသောအခါတွင်ကား တိုင်းပြည် ထက် သူ့ကိုယ်ကျိုးစီးပွား(Personal Interest)ကို ပိုမိုရှေ့တန်းတင်ခဲ့သူဖြစ်သည်။ ဒုတိယခေါင်းဆောင်ဘ၀အထိ စီ အိုင်အေသတင်းပေးအဖြစ် နှစ်ပေါင်း ၂၀ လုပ်ပေးခ့သဲူအဖြစ် ထင်ရှားသည်။


တိုရီဂျိုးစ်သည် အများအတွက် တစုံတ ရာလုပ်ပေးလိုသောသူဖြစ်ခဲ့သော်လည်း သူ့နောက်ခေါင်းဆောင်က တစုံတရာဖြစ်ချင်သောသူသာဖြစ်သည်။ နိုင်ငံ များအတွက် ပထမလူမျိုးခေါင်းဆောင်များသာ ရသင့်ပြီး၊ ဒုတိယလူတန်းစားခေါင်းဆောင်များသာ ရရှိပါက ‘ဖွတ်သ ထက်ညစ်’ ကိန်းဆိုက်သွားပါမည်။


အဖွဲ့အစည်းအသီးသီး လူသာမန် နောက်လိုက်တို့တွင် အရည်အချင်းသည် ရှိသင့်သောအရာတခု ဖြစ်သော် လဲ ခေါင်းဆောင်ပိုင်း၌ကား ပို၍အရေးကြီး၏။ သူ၏ခေါင်းဆောင်မှု (Leadership)က သူ့အဖွဲ့အစည်း၏ပုံစံကို ပုံဖော် နိုင်သောကြောင့် ဖြစ်သည်။


အသိဆိုင်ရာတွင် ရှုထောင့်တခုက

(၁) မသိခြင်း

(၂) ဖောက်ပြန်စွာ သိခြင်း နှင့်

(၃) မှားယွင်းစွာ သိခြင်း

ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြပါသည်။


မသိခြင်း၊ လုံးဝမသိခြင်းတို့အတွက် ပြုပြင်ရလွယ်ကူသော်လဲ ဖောက်ပြန်စွာသိခြင်းနှင့် မှားယွင်းစွာ သိခြင်း တို့ကမူ ကြီးစွာသောအန္တရာယ်ကိုဖြစ်စေ၏။ ဖောက်ပြန်စွာသိခြင်းသည် ယုံကြည်မှုအပြည့်အ၀မရတတ်ဘဲ မကြာခ ဏ အပြောင်းအလဲများဖြင့် လိုရာပန်းတိုင်သို့ မရောက်တတ်ချေ။ ပိုဆိုးသည်က မှားယွင်းစွာ သိခြင်းဖြစ်သည်။


တချိန် က အတ္တ၀ါဒီသမားများ၏ မှားယွင်းစွာသိမှုသည် နိဗ္ဗာန်ရောက်ကြောင်းနှင့်ဆန့်ကျင်ခဲ့သဖြင့် လိုရာခရီးမရောက်ခဲ့။

မျက်မှောက်ခေတ်တွင်လဲ ကမ္ဘာဆန်မှု၏တူရူ (Direction of Globalization)ကို မသိကြသောနိုင်ငံများ သည် မှားယွင်းအသိများဖြင့် မူဝါဒမှားများချမှတ်ကာ တ၀ဲလည်လည်ဖြင့် ဆင်းရဲတွင်းမှ မထွက်နိုင်ကြချေ။


‘မှားယွင်း စွာ သိမှု’ တွင်၊ ‘အမှားကို အမှန်’ ဟု ခံယူခြင်း၊ တကယ်မသိခြင်းကို ‘တကယ်သိသည်’ ဟု ယုံကြည်ခြင်းများ ပါဝင် သည်။ ထိုသူများ အသိမှန်ရန် အလွန်ခက်ခဲကြသည်။ အရာရာသည် ဦးဆောင်သူတို့၏ အရည်အချင်းပေါ်၌သာမူ တည်၏။


‘သုတပညာ’ ထက် ကျော်လွန်၍၊ ‘Wisdom’ အဆင့်ရောက်လျှင် ပြုပြင်ပြောင်းလဲနိုင်ကြပါသည်။


တချိန်က နိုင်ငံရေးနှင့်စီးပွားရေးကို တသားတည်းမြင်ကြသည်။ နိုင်ငံရေးသည်သာ အဓိက၊ နိုင်ငံရေးကသာ စီးပွားရေးမူဝါဒချမှတ်ရာဖြစ်သည်ဟု ခေါင်းဆောင်အများက ယုံကြသည်။ ဘယ်အရာမှ ထာဝရမတည်မြဟဲူသော ‘အနတ္တ’ သဘောအရ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ ကျဆုံးသောခေတ်တွင် ထိုးထွင်းသိမြင်သော တရုတ်နှင့် ဗီ ယက်နမ်တို့က နိုင်ငံရေးနှင့်စီးပွားရေးကို ခြွဲခားသိမြင်လိုက်သောခဏတွင် တရုတ်နိုင်ငံသည် တဟုတ်ထိုး တိုးတက် သွားပြီး၊ ဗီယက်နမ်သည်လည်း ကမ္ဘာတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးတနိုင်ငံ ဖြစ်လာခဲ့ပါချေပြီ။


တချိန်က ဒေ၀ဒတ်သည် အတ္တအခြေပြုခဲ့သဖြင့်လည်းကောင်း၊ မှားယွင်းစွာ သိခြင်ခဲ့သဖြင့်လည်းကောင်း၊ သူ့တသက်တာမက ဘ၀ပေါင်းများစွာကပင် ဗုဒ္ဓအပေါ် အကောက်ကြံခဲ့၏။

အမှန်ကိုသိမြင်သည့်ခဏဒေ၀ဒတ် အင်္ဂုလိမာလတို့ပြင် ဆင်ခဲ့ပါသည်။


အရေးကြီးသည်က လူတိုင်း၊ လူတိုင်းတို့သည် မှားယွင်းစွာ မသိမြင်ကြဖို့နှင့်၊ ပြင်ဆင်သည့်အခါ နောက်မကျဖို့သာ ဖြစ်သည်။ အလုံးစုံသော လူတို့သည် အတ္တအခြေပြုကို ကျော်လွှားနိုင်လျှင် ပြီးပြည့်စုံသလောက်ဖြစ်ပြီး၊ ကမ္ဘာကြီးလည်း ငြိမ်းချိမ်းနိုင်ပေမည်။

အတ္တဗဟိုပြု အသိ အလုပ်မှနေ၍ အနတ္တဗဟိုပြု အတွေး အကျင့်အကြံသို့ရောက်လျှင် လူသားရပ်ဝန်းတစ်ခုလုံး အေးချမ်းလာမည်။

သုတအသိ ခေတ် Knowledge age မှ ပညာအသိ ခေတ် Wisdom age, ပွင့်လင်းအသိခေတ် Enlightenment age သို့ ရောက်လျှင် မြန်မာနှင့် ကမ္ဘာကြီး ငြိမ်းချမ်း၍ နေချင်စဖွယ် ဖြစ်လာမည် ဖြစ်ပါသည်။

..................................................


Ref -


Ashin Panna

Nayzinlatt

12 views
Pechaung Institute

 

Wae Griee Htaunt Village, Pechaung Region

Kyauktaw Township, 07061

Rakhine State, Myanmar

Follow Us

  • Facebook
  • Twitter
  • YouTube
Mobile: +95 9450866224, 9421746678

Email: admin@pechaunginstitute.com