ရက္ခိုင့်တော်လှန်ရေးကာလကို ဖြတ်သန်းခြင်း



ရက္ခိုင့်တော်လှန်ရေးကာလကို ဖြတ်သန်းခြင်း


သန်းအောင်ဖြိုး

27/ 06/ 2022


နိဒါန်း


ရက္ခိုင့်တပ်တော် တပ်မှုချုပ် ထွန်းမြတ်နိုင်က အချုပ်အခြာအာဏာပိုင် ရက္ခိုင့်နိုင်ငံတော် ဖြစ်လာရေးအတွက်၊ အဆင့် ၄ ခု သတ်မှတ်နိုင်တယ်လို့ ၂၀၂၁ ခုနှစ်မှာ အာရက္ခမီဒီယာကနေတစ်ဆင့် ပြောကြားခဲ့တယ်။ တော်လှန်ရေး အစပြုကာလ၊ နှစ်ဘက် အားပြိုင်မှုကာလ၊ တစ်ပြည်လုံးကို သိမ်းဆည်းတဲ့ကာလ နဲ့ နိုင်ငံတည်ဆောက်ရေး ကာလတို့ဖြစ်ပြီး တော်လှန်ရေးခရီးဟာ အဆင့် ၃ နေရာသို့ ရောက်ရှိနေပြီလို့ သတ်မှတ်ပြခဲ့တယ်။


ပကတိအနေအထားမှာ ရက္ခိုင့်တပ်တော်က နယ်မြေထိန်းချုပ်မှု နဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားသည့်တိုင်၊ ပြိုင်ဖက် စစ်ကောင်စီအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာလည်း အပျိုရည်မပျက်သေးပေ။ သယံဇာတ၊ အခွန်အခ၊ လုပ်ပိုင်ခွင့်၊ တရားဝင်မှုတွေဟာ စစ်ကောင်စီလက်ထဲ ရှိနေဆဲ။ ရက္ခိုင့်တပ်တော် အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ အခွန်အခကိစ္စတွေကို မကိုင်တွယ်နိုင်သေးသလို၊ စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေး၊ တရားစီရင်ဏ္ဍတွေကို မထိန်းချုပ်နိုင်ပေ။ ထိန်းချုပ်နယ်မြေ ပိုင်စိုးမှုဟာလည်း သူမသာ၊ ကိုယ်မနာ အခြေအနေမှာ ရှိနေဆဲပါ။


တော်လှန်ရေး အခြေအနေဟာ အဆင့် ၂ နဲ့ ၃ ကြား ကာလကို ရောက်နေပြီး။ နှစ်ဖက် အားပြိုင်မှုကနေ တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာကို သိမ်းယူနေတယ်လို့ဆိုရမယ်။ ဥပမာ - လက်ရှိအခြေအနေမှာ နှစ်ဖက်စလုံးကနေ ပြိုင်ဘက်နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးနေကြတယ်၊ လူဖမ်းပွဲကြီး ကျင်းပနေတယ်။ ရခိုင်ကနေ ဘဂ်လာဖက်ကို ကုန်ပစ္စည်းတွေပို့ရင် ၂ ဖက်လုံးက အခွန်ကောက်ကြတယ်။ စစ်ကောင်စီတပ်ကလည်း သူလှုပ်ရှားလို့ရတဲ့ နေရာတွေမှာဆို စစ်ရေးပြတယ်။ AA နေတဲ့ နေရာအထိ ရောက်လာရင်၊ တိုက်ပွဲအငယ်စားလေးတွေ ဖြစ်လိုက်ကြတယ်။

ရခိုင်ပြည်သူတွေဟာ တော်လှန်ရေးကာလ၊ ပြင်းထန်တဲ့ ခရီးကြမ်းကြီးတစ်ခုကို လျှောက်လှမ်းနေကြရတယ်။ အိပ်မက်တွေဟာ စျေးကြီးတယ်၊ နိုင်ငံထူးထောင်ရေး အိပ်မက်ဟာ အမြင့်ဆုံး ဖြစ်တယ်၊ အပင်မြင့်ရင် လေတိုက်ကြမ်းတာ ခံရသလို၊ အိပ်မက်ကြီးရင်လည်း ဆူးခင်းလမ်းကို လျှောက်လှမ်းကြရမှာဘဲ။တော်လှန်ရေးဆိုတာ လူတစ်ဦးချင်းစီကနေ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်နေသလို၊ စစ်ရေးဏ္ဍတစ်ခုမှာ မဟုတ်ဘဲ ဘက်စုံတော်လှန်ရေး လုပ်နေရမယ် ဆိုတာ ရခိုင်ပြည်သူတစ်ရပ်လုံး နှလုံးသွင်းထားစေချင်တယ်။


ခရိုနီ အသေးစားလေးတွေ


အာရှမှာ မြန်မာဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်သလို၊ ရခိုင်ဟာ မြန်မာနိုင်ငံထဲက အဆင်းရဲဆုံး ဒေသတစ်ခု။ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ဖြစ်၊ မြန်မာပြည် ကပ်ဘေးကြီး ဆိုက်ဆိုက် ရခိုင်ပြည်ဟာ ခံရအခက်ဆုံး ဖြစ်တယ်။ ကုန်စျေးနှူန်းတွေ တက်သွားတာ၊ မြန်မာကျပ်ငွေ လျော့ကျသွားတာတွေဟာ ရခိုင်က ဆင်းရဲတဲ့မိသား စုတွေအတွက် အထိနာတယ်။ ဝန်ထမ်းလစာကမတက်၊ ကုန်စျေးနှူန်းက မိုးထိအောင်တက်၊ ဆီးစျေးတက် မီးကပျက်နဲ့ အသေးစားစီးပွားရေးတွေခမာ ယိုင်လဲသွားကြတယ်။


ပညာရေး၊ ကျန်းမာရေး၊ အထွေထွေစရိတ်တွေက စျေးကြီးလွန်းတော့၊ တော်လှန်ရရေးစရိတ်တစ်ခုလောက် သက်သာပါစေလို့ ဆုတောင်းရမယ့် ကိန်း။ ဝါကျွတ်ကနေ သင်္ကြန်အထိ၊ ရှိတဲ့ ငွေတို ငွေစလေးတွေကို အပျော်အပါးနေရာတွေမှာသုံးပြီး၊ သင်္ကြန်လွန်တော့ ရခိုင်သားတွေခမာ နိုင်ငံခြားထွက်ခွာရတာ ဒုနဲ့ဒေး။ ဆင်းရဲလို့ တော်လှန်ရတာဖြစ်တာကြောင့်၊ ငွေကြေး ကျပ်တည်းစေတဲ့ လုပ်ရပ်တွေကိုလည်း တော်လှန်နိုင်ရမယ်။ တောမီးလောင် ကျား လက်ခမောင်ခတ်တဲ့ ဖြစ်ရပ်တွေကိုလည်း တော်လှန်နိုင်ရမယ်။


ထိတ်ခနဲ့ဆို ကုန်စျေးနှုန်းတင်တဲ့ ခရိုနီအသေးစားတွေဟာ မြို့တိုင်း၊ ရွာတိုင်း မှာ ရှိနေတယ်။ မြို့မှာ ထိတ်ခနဲ့ဆို နယ်တွေက စျေးဆိုင်တွေမှာ စျေးတက်သွားပီ။ ဒါတွေကို ရက္ခိုင် ပြည်သူ့အစိုးရနဲ့ ပြည်သူလူထု ပူးပေါင်းပြီးတော့ အရေးယူစေချင်တယ်။ စစ်ရေး နိုင်ငံရေးအရ ကုန်စည်တွေ ပြတ်တောက်မှု ဖြစ်တဲ့အခါ ဆင်းရဲတဲ့မိသားစုတွေအတွက် တစ်ပူပေါ် နှစ်ပူဆင့်တဲ့ဖြစ်ရပ်တွေဟာ၊ ယခုလို အကျပ်အတည်းကာ လမှာမဖြစ်သင့်ဘူး။ တော်လှန်ရေးရဲ့ ဆိုးမွေကို ဆင်းရဲသားရော ချမ်းသာသူတွေပါ ညီတူညီမျှ ခံစားသင့်တယ်။ အဓိက ကုန်စျေးနှုန်းကို ထိန်းညှိစေချင်တာ။


ဆင်းရဲသား မိသားစုတွေ မခံမရပ်ဖြစ်လို့ တော်လှန်ရေး ထလုပ်ကြတာ၊ တော်လှန်နေတုန်းလည်း ချမ်းသာတဲ့ အထက်တန်းလွှာ ခရိုနီအသေးစားတွေဆီမှာ အနှိမ်ခံနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ချမ်းသာသူတွေဟာ သဘောထား ပြည့်ဝစေချင်တယ်။ အခွင့်အရေးကို တစ်လွဲမသုံးမိစေချင်ဘူး။ ပြည် ပရောက် ရခိုင်တွေအနေနဲ့လည်း အလုပ်ကို နှစ်ဆကြိုးစားရမယ်။ ရတဲ့အလုပ်ကိုလည်း စိတ်ခံစားမှု အပြည့်နဲ့ တာဝန်ယူကြရမယ်။ ရတာကိုလည်း ချွေတာရမယ်။ လိုအပ်တဲ့နေရာမှာ အသုံးပြုကြရမယ်။ တော်လှန်ရေးဟာ စျေးကြီးတယ်၊ ရခိုင်မိသားစုတွေ တောင့်ခံနိုင်ဖို့ အရေးကြီးတယ်။ လူတိုင်း တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ သွားလာလှုပ်ရှားစေချင်မိတယ်။ အေးအတူ၊ ပူအမျှ ဖြစ်နေစေချင်တယ်။


တော်လှန် ပညာ - ကျန်းမာ ရေး


ရခိုင်ပြည်မှာ အမျိုးသားပညာရေးကျောင်းတွေ ဖွင့်လှစ်ဖို့ စီစဥ်နေတာကို တွေ့မြင်ရတယ်။ ကိုယ်ပိုင် လက္ခဏာတစ်ခုအနေနဲ့ ရှိသင့်တာတော မှန်ပါတယ်၊ သို့သော် လိုအပ်နေပြီလား၊ အချိန်တန်ပြီလား။ ကချင်မှာ၊ ကရင်မှာ၊ မွန်မှာ ကိုယ်ပိုင် ပညာရေးကဏ္ဍ ကိုယ်စီရှိနေကြတယ်။ သို့သော် သူတို့ ထိန်းချုပ်ရာ ဒေသ အနည်းငယ်က၊ အခြေခံကနေ အဆင့်မြင့်ပညာ အထိ ဆက်စပ်ရန် ခက်ခဲသေးတဲ့ အနေထားတစ်ခုမှာ ရှိနေတာ။ ထိုပြည်နယ်တွေက လူငယ်တိုင်းလည်း လက်လမ်းမမှီနိုင်ဘူး။


ထိန်းချုပ်ဒေသမှာ အမျိုးသားပညာရေးကိုသင်၊ ဗမာထိန်းချုပ်တဲ့ နေရာမှာ ဗမာသင်ရိုးကို သင်ယူကြနဲ့၊ ဒါဟာ အချင်းချင်းကြား ကွဲလွဲစေပြီး တိုးလိုးတန်းလန်းဖြစ်စေတယ်။ အသိအမှတ်ပြုမှုကို ရဖို့တောင် မနည်းကြိုးစားနေကြရတာ။ လူငယ်ထု တစ်ရပ်လုံးကို လွှမ်းခြုံမှုမရှိသေးတဲ့ သင်ရိုးညွှန်တမ်းတွေ၊ ပညာရေးစနစ်တွေကို အမျိုးသားပညာရေးဆိုပြီး ဘယ်လိုလက်ခံကြမလဲ။ ရခိုင်ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလမှာ ပညာရေးဏ္ဍကို ဘယ်လိုကိုင်တွယ်မလဲဆို စဥ်းစားချိန်တန်ပြီ။


ရက္ခိုင့်အမျိုးသား ပညာရေးကို မတီးခေါက်ခင်၊ လူထုတစ်ရပ်လုံးက အသိအမှတ်ပြုနိုင်တဲ့ ရခိုင်စာ၊ ရခိုင်စာလုံးပေါင်းသတ်ပုံကျမ်းကို ဦးစွာ ဖော်ထုတ်နိုင်ရမယ်။ ဒါကို ဘာသာဗေဒ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ တော်လှန်ရေးအသိကို အရင်းတည်ပြီး ပူးပေါင်းပါဝင်ကြရမယ်။ တရားဝင် စာပေမရှိ၊ စာလုံးပေါင်း သတ်ပုံကျမ်းမရှိလို့ ဗမာစာ ရခိုင်စာ ဆိုပြီး ငြင်းခုံနေကြရတာ အထင်းသား။ ရခိုင်စာပေကို အခြေခံအဆင့်ကနေ ဒေါက်တာဘွဲ့အထိ လေ့လာနိုင်အောင် စီမံပေးနိုင်ရန် ပိုကောင်းတာပေါ့။


ပညာရေးကဏ္ဍကို ထိုနေရာတစ်ကွက်၊ ဒီနေရာတစ်ကွက်၊ ကွက်ကျားမိုးမဟုတ်ဘဲ သင်ရိုး ညွှန်တမ်းတစ်ခုလုံး၊ စနစ်တစ်ခုလုံးကို အုန်လိုက်ကျင်းလိုက် ပြောင်းလဲစေချင်တယ်။ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲမယ့်၊ ပညာရေးစနစ်တွေကို ဖော်ဆောင်မည့်၊ တတ်သိပညာရှင်တွေကို ဆွဲစုနိုင်ရမယ်။ ဖြစ်နိုင်ရန် တော်လှန်ပညာရေးဝန်ကြီးဌာနတစ်ခုတောင် ဖွင့်လစ်နိုင်ရမယ်။ သင်ရိုးညွှန်တမ်းလည်း ရှိပြီ၊ စနစ်လည်းရှိပြီး၊ ဘယ်မှာလဲ ပညာရေးဝန်ထမ်း နဲ့ လုပ်ခလစာ။ ပညာရေးဏ္ဍ တစ်ခုကိုလည်ပတ်ဖို့ ဘဏ္ဍာရေး လိုအပ်လာတယ်။ တော်လှန်ရေးကာလမှာ အမျိုးသားပညာရေးဏ္ဍကို မြေစမ်း ခရမ်းပျိုး၊ မထိ တထိ မလုပ်စေချင်ဘူး။


လိုအပ်လာရင် အဆင်သင့်ဖြစ်အောင် ပညာရေးစနစ်ပုံစံတစ်ခုလုံးကို ကြိုတင်ပြင်ဆင်ထားပါစေ။ အလားတူ ကျန်းမာရေး စနစ်ကိုလည်း တစ်ချိန် အစားထိုးဖို့လိုအပ်လာတဲ့ပခါ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားပါစေ။ နယ်ပါယ်စုံက ပညာရှင် ဆိုသူတွေ တော်လှန်ရေးကာလမှာ တော်လှန်ရေးအစိုးရနဲ့ ပူပေါင်းကြပါ။ နောက်မျိုးဆက်အတွက် ယခုကနေ စတေးခံနိုင်ဖို့ လိုအပ်ပေတယ်။ ခုလို ကျပ်တည်းတဲ့ကာလမှာ မြတ်ဆရာ ဂုဏ်ဆောင် ဆရာများနဲ့၊ အသက်ကယ်သူ ဆရာဝန်တွေပါ ခရိုနီမဆန်ဖို့ မျှော်လင့်တယ်။


မူးယစ်ဆေးဝါး နဲ့ လောင်းကစား တော်လှန်ရေး


မြန်မာစစ်တပ် ပိုင် အရက် ဘီယာ အမျိုးအစား တော်တော်များများကိုကို ရခိုင်ပြည်သူလူထုဟာ နေ့စဥ်နဲ့အမျှ သောက်နေကြတယ်။ ပြိုင်ဘက် စစ်တပ်ကို ရခိုင်ပြည်သူကလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပေးနေသလို ဖြစ်နေတယ်။ တော်လှန်တဲ့ နေရာမှာ အရက်သောက်တဲ့ အကျင့်ကိုရော၊ ပြည်မဖက်က ဝင်လာတဲ့ အရက်ကိုပါ တော်လှန်ပိုက်ရမယ်။ ယခင်ကဆို ​ကျေးရွာအလိုက် အရက်မသောက်ရေး၊ ကျေးရွာထဲ မရောင်းဝယ်ရေး စီမံကိန်းတွေ လုပ်ခဲ့ကြတယ်။ သို့သော် ထိရောက်မှု မရှိခဲ့ပေ။ တစ်နေရာမှာ အရက်ကိုတားမြစ်ထားရင် နောက်တစ်နေရာမှာ သွားသောက်ကြတယ်။


အရက်ဟာ ရှင်ပြု၊ မင်္ဂလာဆောင်၊ ပွဲလမ်းသလင်တွေမှာ မပါမဖြစ်တဲ့ ဂျော်ကာလိုဖြစ်နေတော့ လုံးဝ ပိတ်ပင်လိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ သို့သော် ပြည်မက လာတဲ့ ဆိုင်တင်အရက် ဘီယာတွေကို မသောက်ခြင်းအားဖြင့်၊ ​ဒေသထွက် အရက်တွေကိုသာ သောက်ခြင်းအားဖြင့်၊ တော်လှန်ရေးမှာ ရခိုင်တစ်ယောက်ချင်းစီတိုင်း ပါဝင်နေတယ်ဆိုတာ မမေ့လျောအပ်ပေ။ ULA/AA က လည်း စစ်ကောင်စီထုတ် အရက်တွေကို မသောက်သုံးကြရန် ဆော်သြထားပြီးဖြစ်တယ်။ ပြည်သူကလည်း လိုက်နာ၊ မလိုက်နာလျှင် ဥပဒေအရ အရေးယူနိုင်မည့် ဒေသန္တရဥပဒေတွေကို ပြဌာန်းပေးဖို့ တောင်းဆိုပါရစေ။


စိတ်ကြွ ဆေးပြား WY ကတော ရခိုင်လူငယ်တွေအတွက် မဟာရ အဆိပ်အတောက်ဘဲ။ လူငယ်တွေရဲ့ အနာဂတ်တွေကို အချိန်တိုအတွင်း အမှုန့်ခြွေနိုင်လောက်တဲ့ အဖျက်စွမ်းအားရှိတယ်။ သို့သော် WY ကုန်သည်တွေဆိုတာကလည်း၊ အာဏာရှိသူနဲ့ ပူးပေါင်းထားတဲ့ ငွေကြေးချမ်းသာသူတွေ၊ ရာထူးအာဏာ အသင့်အတင့်ရှိသူတွေ၊ မတော်ရင် မြို့ရဲ့ မျက်နှာဖုံးတွေတောင် ဖြစ်နေကြတယ်။ WY ကုန်သည်တွေ၊ အသေးစား အလတ်စား ရောင်းချသူတွေကို တားဆီးမှာ ခက်တော ခက်မယ်။


သို့သော် ရခိုင်မှာရှိတဲ့ WY တွေကို ရခိုင်လူငယ်တွေ သုံးစွဲနေကြတယ် ဆိုတာကိုတော မမေ့အပ်။ မဖြစ်ရင်၊ ဖြစ်တဲ့ နည်းနဲ့တားဆီးရမယ်။ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ အခြေပြု WY တိုက်ဖျက်ရေး အသင်းအဖွဲ့တွေ အားကောင်းလာဖို့ လိုအပ်တယ်။ ပြည်သူနဲ့ ULA/AA ပူးပေါင်းပြီး WY ရောင်းချမှုကို တားဆီးနိုင်ရေးဟာလည်း တော်လှန်ရေးတစ်ရပ် အနေနဲ့ အလေးထားဆောင်ရွက်စေလိုတယ်။ ရောင်သူ ဝိသမ္မ လောဘသားတွေကို ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေတွေကို ပြဌာန်းပြီး၊ ကျူးလွန်းသူက်ို အရေးယူနိုင်ရမယ်။


နှစ်လုံး၊ သုံးလုံး လို့ခေါ်တဲ့ ချဲဟာလည်း ရခိုင့်နာတာရှည်ရော ဂါတစ်ခုလို ဖြစ်လာနေတယ်။ နေရာစုံ ပိတ်မရဘူး၊ ပိတ်ထားသည်ဟု ဆိုသည့်တိုင် တရားမဝင် ရောင်းချနေကြတယ်။ အထူးသဖြင့် အိမ်ရှင်မတွေ အများစုရဲ့ အကြိုက်တွေ ဖြစ်နေကြတယ်။ ယောကျာ်းက အရက်၊ မိန်းမက ချဲ၊ လူငယ်က အရက် နဲ့ WY၊ ဆိုတော့ ကျန်းမာရေး၊ လူ့အရင်းအမြစ်၊ ငွေကြေးတွေကို အလဟာသ ဖြုန်းတီးလိုက်သလို ဖြစ်နေတယ်။ အလုပ်အကိုင်ရှားပါးမှုကြောင့် အခုလို ဖြစ်နေရတာပါဟု ဆိုသည့်တိုင်၊ ထို အလုပ်တွေကို လုပ်လိုက်ရင်ရော အလုပ်အကိုင်က ပေါ်လာမှာလား။ မိမိအတွက် ဆိုးကျိုးသာပေးတဲ့ လုပ်ရပ်တွေကို တော်လှန်ရေးအသိနဲ့ ဆင်ခြင်ကြစေလိုတယ်။


ဘက် ၂ ဖက် လို့ မြင်သူတွေ


လွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက်မှာ လူထုက အုပ်ချုပ်သူကို တော်လှန်တယ်ဆိုပြီး ဘက် ၂ ဖက်ဘဲ ရှိတယ်။ ရခိုင် လူထု နဲ့ မြန်မာစစ်တပ် အုပ်ချုပ်ရေး ယန္တရားလို့ဆိုရမယ်။ မြန်မာ စစ်တပ်ဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန်နဲ့ ရခိုင်ပြည်သူတွေကို အဓမ္မအုပ်ချုပ်နေတာ။ ဆိုရင် တော်လှန်တဲ့သူတွေဖက်က အသံ ၂ ခု ၃ ခု ထွက်သွားရင် ဘယ်လို အောင်ပွဲခံနိုင်မလဲ။ ရခိုင်လူထုမှာကို ၂ မျိုးမက ကွဲနေသေးတယ်ဆိုတာ အထင်းသားမြင်ရတယ်။


စစ်ကောင်စီဖက်မှာလည်း ဘောမလိုတဲ့ ရခိုင်ပြည်သူ အနည်းငယ်ဟာ ရှိနေသေးတယ်။ ULA/AA ကို တစ်ဖက်၊ စစ်ကောင်စီကို တစ်ဖက်၊ ''ထို ဘက် ၂ ဖက် ဆိုပြီး'' အုပ်စု ၂ ခု ငါ တို့နဲ့ ဘာမှမဆိုင် ဆိုပြီး၊ မြင်နေကြတဲ့ ဘေးထွက်ထိုင်ကြည့်၊ ခေတ်ပျက်ထဲမှာ အချောင်ခိုနေကြသူတွေဟာ သတ်သတ်ရှိတယ်။ သူတို့တွေဟာ စစ်ကောင်စီကိုလည်း မလိုလားဘူး၊ ULA/AA လျှောက်လှမ်းနေတဲ့ လမ်းစဥ်ကိုလည်း မသထာပြန်ဘူး။ အာဏာမက်တဲ့သူတွေ အားပြိုင်လို့၊ ငါတို့ဟာ လွတ်လပ်ခွင့်မရဘူးဆိုပြီး ဇောတက တက်ချင်နေကြ၊ လိုအပ်ချက်အရ တင်းကျပ်လိုက်ရင်လည်း အပြစ်မြင်ကြနဲ့။


ရခိုင်ပြည်သူလူထု တစ်ရပ်လုံးကို တစ်မြေတည်းနေ၊ တစ်သံတည်းထွက်၊ တစ်လမ်းတည်း လျှောက်တဲ့သူတွေ ဖြစ်စေလိုတယ်။ ငါတို့နဲ့မဆိုင်ဘူးလို့ ဆိုသူတွေ၊ စစ်တပ်သာ ကယ်တင်ချင်လို့ မြင်သူတွေ၊ အာဏာယစ်ပြီး အချောင်ယူနေသူတွေကို မလိုအပ်ဘူး။ ဖြစ်နိုင်ရန် ULA/AA ရဲ့ လမ်းစဥ်အောက်မှာ အကုန်လုံး ပါဝင်လာစေချင်တယ်။ ရခိုင်ပြည်သူဟာ တစ်ဖက်၊ အာဏာသိမ်း စစ်ကောင်စီဟာ တစ်ဖက်၊ ဘက် ၂ ဖက်ပဲဖြစ်စေချင်တယ်။ တော်လှန်ရေး တိုက်ပွဲမှာ ဒိုင်လူကြီးနဲ့ ပဲဲကြည့်ပရိတ်သတ်လို ဘေးက ထိုင်ကြည်နေသူတွေ မရှိသင့်ဘူ။


နိုင်ရာ တာဝန်ကို ထမ်းဆောင်နေရမယ်၊ တော်လှန်လိုစိတ်၊ ပူးပေါင်းလိုစိတ် အပြည့်ဖြစ်နေရမယ်။ ဆင်းရဲ ချမ်းသာ၊ ပညာတတ် မတတ်၊ အနုပညာ၊ စာပေ၊ ဂီတ သက်ဆိုင်ရာ နယ်ပါယ်အသီးသီးကလူတွေ အကုန်လုံး ပူးပေါင်းပါဝင်စေလိုတယ်။ တော်လှန်ရေးရဲ့ ခါးသီးမှုတွေကို စုပေါင်းတောင့်ခံရမည့် အားလိုတယ်။ တစ်ဖက်သားကို မြန်နိုင်သမျှ မြန်အောင် အပြုတ် တိုက်ပြီး၊ စောလျှင်စွာ အောင်ပွဲခံရမယ်။ တော်လှန်ရေးဆိုတာ အချိန်ကြာလာတာနဲ့အမျှ ဘက်တွေ ကွဲလာသလို၊ ကွဲပြဲနေတဲ့ ဘက်တွေ၊ အုပ်စုတွေ၊ အတွေးအခေါ်တွေကို စုစည်းနိုင်တာဟာလည်း တော်လှန်ခြင်းတစ်မျိုးပါဘဲ။


လူ့အဖွဲ့အစည်း ပြောင်းလဲရေး


ရခိုင်လူ့အဖွဲ့အစည်းမှာ အာဏာရှင်အစိုးရတစ်ရပ်ကို တော်လှန်လိုက်ရုံနဲ့မပြီးဘူး။ အုပ်ချုပ်တဲ့ စနစ် အ​ပြောင်းအလဲဖြစ်လာရမယ်။ စနစ်ပြောင်းဖို့လည်း လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး၊ အတွေးအခေါ် တော်လှန်ရေးဆိုတာတွေကို လုပ်ယူရတယ်။ တရုတ်ဟာ ယဥ်ကျေးမှုတော်လှန်​ရေးအလွန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာတယ်။ တောင်ကိုးရီးယားနိုင်ငံဟာလည်း အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာတာ။ ယဥ်ကျေးမှု၊ အတွေးအခေါ်၊ လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး လုပ်လိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ။


ရခိုင်လူ့အဖွဲ့အစည်းမှာလည်း ခေတ်နဲ့မညီ၊ လက်တွေ့မဆန်တဲ့ အတွေးအခေါ်တွေ၊ ကျန်းမာရေးနဲ့ မဆီလျော်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ အသစ်အဆန်းကို စူးစမ်းလေ့လာလိုစိတ်နဲ့ ပြုပြင်ပြောင်းလဲလိုစိတ်ကင်းမဲ့တာတွေဟာ အမြစ်တွေနေတယ်။ အမြင့်ဆုံးကို မျှော်မှန်းထားသူတွေအနေနဲ့၊ အဟောင်းတွေကို ဖက်တွယ်မနေသင့်ဘူး။ ရခိုင့် လူ့အဖွဲ့အစည်းကို ကောင်းရာဖက်သို့ ဆွဲတင်နိုင်မည့် နည်းလမ်းတွေကို ရှာဖွယ်ကြရတော့မယ်။ အစိုးရအစီအမံတွေ၊ လူထုလှုပ်ရှားမှုတွေ၊ ပညာရည် မြင့်မားမှုတွေဟာ လိုအပ်လာတယ်။


မြို့တွေ၊ ရွာတွေမှာ ဘုန်းကြီးကျောင်း အကြီးကြီး ဆောက်မည့်အစား၊ အဆင့်အတန်းမီ စာကြည့်တိုက်ကြီးတွေ ပေါ်ပေါက်လာဖို့လို့တယ်။ ငွေကြေးချမ်းသာသူတွေမှာ ကျောင်းတကာဂုဏ်ခံမည့်အစား၊ လူငယ်တွေရဲ့ ပညာရေးအတွက် အားထားလောက်တဲ့ ကျောင်း၊ စာကြည့်တိုက်တို့ကို လှူဒါန်းကြစေလိုတယ်။ လူငယ်တွေ အဆင့်မြင့်ပညာကို လေ့လာနိုင်အောင် ဝိုင်းဝန်းကူညီကြရမယ်။ တရုတ်ဟာ ယဥ်ကျေးမှုတော်လှန်ရေးအပြီး တရုတ်လူငယ်တွေကို ကမ္ဘာပတ်ပြီး ပညာသင်စေလွှတ်လိုက်ကြတာ၊ ဒါကြောင့်လည်း တရုတ်ဟာ အချိန်တိုအတွင်း တိုးတက်သွားတာ။

အချိန် နဲ့ ငွေကြေး ကို၊ လူငယ် နဲ့ ပညာရေးကဏ္ဍမှာရင်းနီးမြှုပ်နှံကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ထို့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေ၊ အမှိုက်ပစ်တဲ့ စနစ်တွေ၊ ကျေးလက်သာယာရေး စီမံကိန်းတွေ ကို ပူးပေါင်း ဖော်ဆောင်ကြရမယ်။ အပြောင်းအလဲဆိုတာ အတွေးအခေါ်ကနေ စတင်လာတာဖြစ်တယ်။ ခေတ်မီတဲ့ အတွေးအခေါ်တွေ ရခိုင့်လူမှုအဖွဲ့အစည်းမှာ စိမ့်ဝင်လာရင်၊ ခေတ်မီတဲ့ ရခိုင်လူ့အဖွဲ့အစည်းဖြစ်လာမှာ ။ အတွေးအခေါ်ကောင်းတွေ ဝင်ရောက်လာဖို့၊ ပညာရေးမှာရင်းနီးမြှုပ်နှံတာတွေ၊ စူးစမ်းလေ့လာမှု၊ သုတေသနာပြုလုပ်တာတွေ၊ ပြန်လည်မျှဝေကြတာတွေကို လုပ်လာစေချင်တယ်။


နိဂုံး


တော်လှန်ရေးဆိုတာ ကြမ်းတမ်းတဲ့ စူးခင်းလမ်းကိုလျှောက်လှမ်းနေတာ။ ပျော့ညံ့လို့ မရ၊ ပြတ်ပြတ်သားသား ကိုင်တွယ်ရတယ်။ လက်နက်ကိုင် တော်လှန်ရေးသာမက၊ ဘက်စုံတော်လှန်ရေး၊ အားလုံးပူးပေါင်း တော်လှန်ရေး ဖြစ်နေရမယ်။ အိပ်မက်တွေမှာ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်တွေ အပါဝင်လျှင်၊ စိတ်အာသာဖြေတဲ့အဆင့်လောက်နဲ့ တိုးတန့်နေမယ်။ တော်လှန်ရေးကာလ အဆင့် ၂ နဲ့ ၃ စပ်ကြားမှာ ပြည်သူတွေ အလှူးအလဲ ဒုက္ခရမယ်၊ တောင်ခံနိုင်ဖို့ အားမွေးထားကြ။


တစ်ခုခုကို ရွေးချယ်လိုက်ပြီဆိုရင်၊ ထိုရွေးချယ်မှုရဲ့ ဖြစ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခံနိုင်ရမယ်၊ စတေးခံနိုင်ဖို့လို့ ကြိုပြင်ဆင်ထားရမယ်။ တော်လှန်ရေး ကာလမှာ အသေးစားရိုနီတွေ၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကို၊ မူးယစ်ဆေးဝါး နဲ့ လောင်းကစား၊ ဘေးထွက်ထိုင်နေသူ ဂဏန်းလိုသူတွေ၊ ယဥ်ကျေးမှုနဲ့ အတွေးအခေါ်တွေ အစရှိသည်တွေကို တော်လှန်ပိုက်ရမယ်။ စနစ်ဆိုးအောက်က အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဖြိုးဖျက်နိုင်သည့်တစ်နေ့၊ ရခိုင်လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်တွေ ရင်သန်လာသည့်တစ်နေ့၊ မျှော်မှန်းတဲ့ အာရက္ခနိုင်ငံတော်ဆိုတာ အမှန်ဖြစ်လာမှာပါ။


ပြီး

သန်းအောင်ဖြိုး

26 views0 comments