သိမ် ဟူသည်

Updated: Jul 28



သိမ်ဟူသည်


​မှတ်သား၍လွယ်ကူစေရန်၊ ဗဟုသုတအကျိုးငှါ သိမ်သမုတ်ခြင်းအကြောင်းကို တင်ပြလိုက်ပါသည်။ မြတ်စွာဘုရားသည် သံဃာ့ညီညွတ်ခြင်းကို အလိုရှိ၏။ သံဃာတော်ညီညွတ်မှသာ သာသနာအကျိုးစီးပွားရှိ မည်ဟု သိမြင် တော်မူ၏။ တစ်ကျောင်းတည်း၌နေခြင်းဖြင့် သံဃာညီညွတ်ခြင်းထက် တစ်သိမ်တည်း၌ စုဝေးကြ လျှက် သံဃာ ညီညွတ်ခြင်းကို အလိုရှိတော်မူ၏။ ထို့ကြောင့်သာ “သိမ်သမုတ်ခြင်းကို မြတ်စွာဘုရားခွင့်ပြုတော်မူခဲ့သည်” ဟု ဆိုသည် (၀ဇီရာဋီ၊ ၄၅၁)။ ဝိနည်းဒေသနာတော်အရဆိုလျှင် တစ်ကျောင်းတည်း၌ရှိသော သံဃာတော်တို့သည်လည်း ကောင်း၊ သို့တည်းမဟုတ် ကျောင်းတိုက်အသီးသီး၊ ဒေသအသီးသီးတို့မှ သံဃာတော်တို့သည်လည်းကောင်း ဝိနည်းကံ များဖြစ်ကုန်သော၊ ကံကြီးကံငယ်ဟု ဆိုအပ်ကုန်သော “ရဟန်းခံ ခြင်း၊ ကထိန်ခင်းခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ပရိ၀တ်ဆောက်တည်ခြင်း” ဟူသော သာသနာ့ကိစ္စရပ်တို့ကို တစ်သိမ်တည်း၌စုဝေး၍ နှစ်တောင့် ထွာ ဟတ္တပါသ်စပ်ပြီး အတူတကွထိုင်ခြင်းကိုပြုလျှက် ဆောင်ရွက်ကြရ၏။ ထိုကဲ့သို့ တစ်သိမ်တည်း၌ နှစ်တောင့်ထွာဟတ္ထပါသ်စပ်လျှက် ထိုင်ခြင်းကို ကာယသာမဂ္ဂီ (ကိုယ်အားဖြင့်ညီညွတ်ခြင်း) ဟုဆိုသည် (ကင်္ခါဋီ၊ သစ်၊ ၁၂၅)။ ထို့ကြောင့် သိမ်သည် သံဃာညီညွတ်ခြင်းကိုဖြစ်စေရာ၌လည်းကောင်း၊ ဝိနည်းကံကို ဆောင်ရွက်ရာ၌လည်းကောင်း မရှိမဖြစ်လိုအပ်သော “သာသနာ့နယ်မြေ” တစ်ခုပင်ဖြစ်၏။ သိမ်မရှိလျှင် ရဟန်းမရှိနိုင်၊ ရဟန်းမရှိလျှင် သာသနာမရှိနိုင်။ ထို့ကြောင့် သိမ်သည် သာသနာတော်၏အထွဋ်အမြတ်လည်းဖြစ်၏၊ အသက်သွေးကြော လည်းဖြစ်၏။ “ဘုရားမှာစိန်၊ ကျောင်းမှာသိမ်” ဟူ၍ပင် သာသနာတော်အဓွန့်ရှည်ရေးအတွက် သိမ်အရေးပါမှုကို ဆိုရိုးပြုကြလေသည်။

သိမ်ဆိုသည်မှာ သီမာဟူသော ပါဠိစကားမှလာသော စကားဖြစ်သည်။ နယ်ပယ်အပိုင်းအခြားဟု အဓိပ္ပါယ်ရ သည်။ “သိနီယတေ သမဂ္ဂေန သံဃေန ကမ္မဝါစာယ ဗန္ဓီယတေတိ သီမာ - ညီညွတ်သော (လေးပါး၊ လေးပါး အထက်ရှိသော) သံဃာတော်တို့က ကမ္မဝါစာဖြင့်ဖွဲ့အပ်, သမုတ်အပ်သောကြောင့် (နယ်ပယ်အပိုင်းအခြား) သိမ် မည်၏” ဟုဆို၏ (၀ိနယာလင်္ကာရဋီ၊ ပ၊ ၂၉၈)။ ၀ိနည်းဒေသနာလာ ကံကြီး၊ ကံငယ်တို့ကို ဆောင်ရွက်နို်င်ရန် သတ်သတ်မှတ် မှတ်ပြုထားသော နယ်ပယ်ကို “သိမ်” ဟုခေါ်သည်ဟု နားလည်နိုင်သည်။ ထို့ကြောင့်သိမ်သည် ရဟန်တော်တို့သာပိုင်သော သာသနာနယ်မြေ အစစ်ပင်ဖြစ်သည်။


သိမ်သည် ဗဒ္ဓသိမ်၊ အဗ္ဗဒ္ဓသိမ်အားဖြင့် (၂) မျိုးရှိ၏။ ထို (၂) မျိုးတို့တွင် ၀ိပတ္တိသိမ်-သိမ်ပျက် (၁၁) မျိုးကို လွန်မြောက်၍ သိမ်၏ပြည်စုံခြင်း သမ္မတ္တိ (၃) ပါးနှင့် ပြည့်စုံစေပြီး သိမ်နိမိတ်ချင်း ထိစပ်စေလျှက် ကမ္မဝါစာဖြင့်ဖွဲ့အပ်၊ သမုတ်အပ်သော သိမ်သည် ဗဒ္ဓသိမ်မည်၏ (၀ိ၊ သင်္ဂဟအဋ္ဌ၊ ၁၇၈။ ကင်္ခါ၊ ၈၈)။ ထိုကဲ့သို့ ကမ္မဝါစာဖြင့်ဖွဲ့အပ်၊ သမုတ်အပ်သည်မဟုတ်ပဲ ပကတိအားဖြင့်သူ့အလိုလို သိမ်အရာမြောက်နေသော (ရဟန်းတော်တို့ အတူတကွစုပေါင်း၍ ဥပုသ်ပြုခြင်းစသော ကံကြီးကံငယ်တို့ကိုဆောင်ရွက်၍ ရအပ်သော နေရာဖြစ်၍ သိမ်ဖြစ်နေသော) သိမ်ကို “အဗဒ္ဓသိမ်” ဟုခေါ်ကြောင်းဆို၏။ ဗဒ္ဓသိမ်သည်လည်း ခဏ္ဍသိမ် နှင့် မဟာသိမ် အားဖြင့် (၂) မျိုးရှိ၏။ ခဏ္ဍသိမ်ကို သမာနသံဝါသသိမ် ဟုလည်းကောင်း၊ မဟာသိမ်ကို အဝိပ္ပဝါသသိမ်ဟုလည်းကောင်း ခေါ်သေးသည်။ ထို (၂)မျိုးတို့တွင် ကျောင်းတိုက် ဟူသော ၀ိဟာရသိမ်အတွင်းမှဖြစ်စေ၊ ဂါမခေတ် (ရွာစားအပိုင်) တစ်ခုအတွင်း၊ နိဂမခေတ် (နိဂုံးစားအပိုင်)အတွင်း၊ နဂရခေတ် (မြို့စားအပိုင်)အတွင်းတို့မှဖြစ်စေ တစ်စိပ်တစ်ပို်င်းသော မြေအရပ်ကို ကမ္မဝါစာဖြင့် ဖွဲ့အပ်၊ သမုတ်အပ်သော သိမ်သည် “ခန္ဓသိမ်”မည်၏။ သက်ဆိုင်ရာများထံမှအခွင့်အာဏာကိုယူ၍ ခဏ္ဍသိမ်ကို သီးခြားရွာအဖြစ် သတ်မှတ်လျှက် ၀ိသုံဂါမသိမ်အဖြစ် သမုတ်နိုင်သေး၏။ တစ်ကျောင်းတိုက်လုံးကိုဖြစ်စေ၊ တစ်ရွာလုံးကိုဖြစ်စေ၊ တစ်မြို့နယ်လုံးကိုဖြစ်စေ၊ အလွန်ဆုံး (၃) ယူဇနာတိုင်အောင်ထိ ကျယ်ဝန်းသော အပိုင်းအခြားကို သတ်မှတ်လျှက် ကမ္မဝါစာဖြင့် ဖွဲ့အပ်၊ သမုတ်အပ်သော သိမ်သည် “မဟာသိမ်”မည်၏ (ကုမာရ၊ ၂၀၁၃၊ ၈၀၊ ၈၃)။ “သာ ဟေဋ္ဌိမပရိစ္ဆေဒေန သစေ ဧကဝီသတိဘိက္ခူ ဂဏှာတိ ၀ဋ္ဋတိ၊ တတော သြတရံ န ၀ဋ္ဋတိ။ ပရံ ဘိက္ခုသဟဿံ ဂဏှာတိပိ ၀ဋ္ဋတိ - သိမ်သည် အောက်ထစ်ဆုံးအားဖြင့် ရဟန်းတော်(၂၁)ပါး ဆန့်လျှင် အပ်၏၊ ထိုပမာဏထက်ယုတ်လျှော့နေလျှင် မအပ်။ တခါ ရဟန်းတော်အပါး (၁)ထောင်ဆန့်သည်ထိလည်း အပ်သေး၏ (၀ိ၊ မဟာဝဂ္ဂဋ္ဌ၊ ၃၂၃)” ဟူသော စကားရပ်ကိုထောက်၍ “အယုတ်စွဆုံး ရဟန်တော် (၂၁) ပါးစုဝေးလောက်သော ပမာဏရှိသော သိမ်မှစ၍ သံဃာ အပါး(၁)ထောင်ဆန့်သော ဗဒ္ဓသိမ်အမျိုးအစားကို ခဏ္ဍသိမ်ဟုခေါ်သည် ဟုဆိုပြီး၊ ထိုရဟန်းတော် အပါး(၁)ထောင်ဆန့်မှစ၍ (၃) ယူဇနာအကျယ် အဝန်းထိ ပမာဏရှိသော ဗဒ္ဓသိမ်အမျိုးအစားကိုမူ မဟာသိမ်ဟုခေါ်သည်” ဟုလည်းဆိုသည် (ပညာ၊ အသျှင်၊ ၃)။ တစ်ယူဇနာဟူသည် အကြီးဆုံးအားဖြင့် (၁၂)မိုင်၊ အလယ်အလတ်အားဖြင့် (၉)မိုင်နှင့် ပေ (၄၈၀)၊ အငယ်ဆုံးအားဖြင့် ပေ (၇၂၀) ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)ကို ကိုးကား၍ ဝိကိပီဒီယ၌ သိမ်းအကြောင်းကိုဖော်ပြရာတွင် ပြဆိုထားသည်။ အသေးဆုံး ပမာဏကို ဤဝိနည်းအရာ၌ယူမှသာ သင့်တော်မည်ဟုလည်း အကြံပြုထား၏။


ကမ္မဝါစာဖြင့်မဖွဲ့အပ်၊ မသမုတ်အပ်သော အဗဒ္ဓသိမ်သည်လည်း ဂါမသိမ်၊ သတ္တဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပသိမ် အားဖြင့် (၃) မျိုးရှိသည် (၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၄၉။ ကင်္ခါ၊ ၉၀)။ တစ်ခုသော ဂါမခေတ် (နိဂမခေတ်၊ နဂရခေတ်တို့လည်ပါ၀င်၏) ရွာအပို်င်းအခြားသည် ဂါမသိမ်မည်၏(၀ိ၊ မဟာဝဂ္ဂ၊ ၁၅၀။ ကင်္ခါ၊ ၉၀။ ၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၉၄)။ လူသူအရောက်အပေါက်သွားလာသုံးဆောင်ရာမဟုတ်သော၊ တံငါသည်တို့နေ့ချင်းပြန်ခရီးအဖြစ်မသွားလာနို်င်သော သမုဒ္ဒရာအလယ်ကျွမ်းစသော အရပ်တို့၏အလယ်၌ သံဃာ၏အစွန်မှပတ်လည် (၇) အဗ္ဘန္တရ ပမာဏရှိသော အရပ်အပိုင်းအခြားသည် သတ္တဗ ္ဘန ္တရသိမ် မည်၏ (ကင်္ခါ၊ ၉၀။ ၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၉၅)။ တစ်အဗ္ဘန္တရလျှင် (၂၈)တောင်ရှိသည်ဟု ဝိကိပိဒိယ၌ သိမ်အကြောင်းကိုပြဆိုရာတွင် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)ကို ကိုးကား၍ ဆို၏။ မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရအိုင်တို့၏အလယ်၌ကံပြုသော သံဃာ၏အစွန်မှ အားအလယ် အလတ်ရှိသော ယောက်ျားတစ်ယောက်၏ ထက်ဝန်းကျမှ ပစ်ချလိုက်သောရေ၏ကျရာ အရပ်ဖြင့် (သို့မဟုတ်) ပစ်ချလိုက်သောသဲ၏ ကျပ်ရာအရပ်ဖြင့် ပိုင်းခြားအပ်သော အရပ်သည် ဥဒကုက္ခေပသိမ်မည်၏ (၀ိ၊ မဟာဝဂ္ဂ၊ ၁၅၀။ ကင်္ခါ၊ ၉၀။ ဇနကာဘိ၀ံသ၊ ၁၉၉၀၊ ၅၈-၆၀)။


​အထက်၌ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အောင်မြင်သောသိမ်ဖြစ်ရန်အတွက်မှာ “(၁) သိမ်ပျက် (၀ိပတ္တိသီမာ) ၁၁- လုံးကိုလွန်မြောက်ခြင်း (သိမ်ပျက် ၁၁ လုံးထဲ မပါ၀င်စေရ)၊ (၂) သမ္ပတ္တိသုံးပါးနှင့်ပြည့်စုံခြင်း၊ (၃) နိမိတ်ချင်းထိစပ်အောင် နိမိတ်ကြား၍ သမုတ်ခြင်း” ဟူသော အင်္ဂါ (၃) ရပ်နှင့်ပြည့်စုံရမည်ဖြစ်သည် (ကင်္ခါ၊ ၈၇။ ၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၇၈)။ သိမ်ပျက်-၀ိပတ္တိသီမာ-သိမ်ပျက် (၁၁) လုံးတို့မှာ - (၁) အလွန်ငယ်သောသိမ် (ရဟန်းတော် ၂၁ -ပါးမစုဝေးလောက်သော သိမ်)၊ (၂)အလွန်ကြီးသောသိမ် (၃-ယူဇနာထက်ကျယ်သောသိမ်)၊ (၃) နိမိတ်ကျိုးသောသိမ် (နိမိတ်ချင်းမထိစပ်ပဲ သမုတ် အပ်သောသိမ်)၊ (၄) အရိပ်ကိုနိမိတ်ပြု၍သမုတ်အပ်သော သိမ်၊ (၅) နမိတ်မထားပဲသမုတ်သောသိမ်၊ (၆) သိမ်အပြင်မှ နေ၍သမုတ်အပ်သောသိမ်၊ (၇) မြစ်၌သမုတ်အပ်သောသိမ်၊ (၈) သမုဒ္ဒရာ၌သမုတ်အပ်သော သိမ်၊ (၉) ဇာတိဿရအိုင်၌ သမုတ်အပ်သော သိမ်၊ (၁၀)မိမိသိမ်နှင့်သူတပါးသိမ်ကို စပ်၍သမုတ်အပ်သောသိမ် (သိမ်ဟောင်းနှင့်ထိစပ်၍ သမုတ်အပ် သော သိမ်)၊ (၁၁) မိမိသိမ်နှင့်သူတပါးသိမ်ကို လွှမ်းမိုး၍သမုတ်အပ်သောသိမ် (သိမ်ဟောင်းပေါ်ထပ်၍ သမုတ်အပ်သော သိမ်) တို့ဖြစ်ကြသည်(ပရိ၀ါ၊ ၃၈၃။ ကင်္ခါ၊ ၈၇)။ အောင်မြင်သော သိမ်တစ်ခုဖြစ်လာရန်မှာ ဤသိမ်ပျက် (၁၁) လုံးမှ ကင်းလွတ်ရမည်ဖြစ်သည်။ သမ္ပတ္တိ-ပြည့်စုံခြင်း (၃) ပါးတို့မှာ (က) နိမိတ္တသမ္ပတ္တိ -နိမိတ်ပြည့်စုံခြင်း၊ (ခ) ပရိသာသမ္ပတ္တိ -ပရိသတ်ပြည့်စုံခြင်း နှင့် (ဂ) ကမ္မဝါစာသမ္ပတ္တိ -ကမ္မဝါစာပြည့်စုံခြင်း တို့ဖြစ်ကြသည် (ကင်္ခါ၊ ၈၈။ ၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၈၀)။


နိမိတ္တသမ္ပတ္တိ-နိမိတ်ပြည့်စုံခြင်း


ဤနေရာ၌ နိမိတ်ဟူသည် အမှတ်အသားကိုခေါ်သည်။ သိမ်အပိုင်းအခြား ဧရိယာကို သတ်မှတ်ထားသော အမှတ်အသားကို သိမ်နိမိတ်ဟုခေါ်သည်။ “ရှေ့ဦးစွာ နိမိတ်(သိမ်အမှတ်အသား)ကို ပြောကြားရမည်”ဟု မြတ်စွာဘုရားမိန့် တော်မူခဲ့သည်။ ထို့ကြောင့် သိမ်မသမုတ်ခင် သိမ်နိမိတ်ကို ဦးစွာပထမ သံဃာတော်များသိအောင် ပြောကြားသတ် မှတ်ပေးရသည်။ ထို့အပြင် မြတ်စွာဘုရားသည် နိမိတ်(၈)မျိုးကိုလည်း ခွင့်ပြုတော်မူခဲ့သည်။ နိမိတ် (၈) မျိုးမှာ - (၁)တောင်နိမိတ်၊ (၂) ကျောက်နိမိတ်၊ (၃) သစ်ပင်နိမိတ်၊ (၄) တောနိမိတ်၊ (၅) လမ်းနိမိတ်၊ (၆) တောင်ပို့နိမိတ်၊ (၇) မြစ်နိမိတ် နှင့် (၈) ရေနိမိတ် (ရေမြင့်သတ်မှတ်ပိုင်းခြားထားသော နိမိတ်) တို့ဖြစ်ကြသည် (၀ိ၊ မဟာဝဂ္ဂ၊ ၁၄၄)။ မြန်မာနိုင်ငံ ၌မူ ကျောက်နိမိတ်ကို အများအားဖြင့် အသုံးပြုကြသည်။ သိမ်နိမိတ်တိုင်များကို ကျောက်တိုင်ဖြင့် စိုက်ထူလျှက် သိမ်နိမိတ် ကို သတ်မှတ်ထားကြသည်။ ထိုကျောက်တိုင်များသည် ကျောက်နိမိတ်ပင်ဖြစ်သည်။


နိမိတ်မကြားမီးရှေ့ဦးစွာ အရပ် (၈)မျက်နှာ၌ နိမိတ် (၈)မျိုးထဲမှ နိမိတ်တစ်ခုခုကိုရွေး၍ဖြစ်စေ၊ အရပ်မျက်နှာ တစ်ခုစီ၌ နိမိတ်တမျိုးစီတမျိုးစီကိုဖြစ်စေ နိမိတ်ပြုထားရသည် (ကင်္ခါ၊ ၈၈)။ ထိုအရပ် (၈)မျက်နှာရှိနိမိတ်များ၌ နိမိတ်စောင့် ရဟန်းတော်(၁)ပါးစီထားရှိရမည်။ ရဟန်းတော်မလောက်လျှင် လူပုဂ္ဂိုလ်များကိုလည်း နိမိတ်စောင့်ထားနိုင် သည် (ဇနကာဘိ၀ံသ၊ ၁၉၉၀၊ ၄၇)။ မြန်မာနိုင်ငံဓလေ့၌မူ လောကထုံးတမ်းအစဉ်အလာအရ အရပ်မျက်နှာအလိုက် နေ့နံကိုကိုက် ၍ အရပ်သင့်၊ နံသင့် တစ်ပါစီထားလေ့ရှိသည်။ ဥပမာ - အရှေ့အရပ်သည် တနင်္လာအရပ်ဖြစ်၍ တနင်္လာနေ့သား ရဟန်းတော်တစ်ပါးကို နိမိတ်စောင့်ထားလေ့ရှိသည်။ နိိမိတ်စောင့်ရဟန်းတော်များကို နေရာချထားပြီး နောက် ကျန်သော ရဟန်းတော်များသည် သိမ်အတွင်း (၂)တောင့်ထွာ ဟတ္ထပါသ်ချင်းစပ်လျှက် ကာယသာမဂ္ဂီကိုဆောင်၍ သီးတင်းသုံး နေကြရမည်။ ထိုအခါ ၀ိနည်းဓိုရ်ဆရာတော်တစ်ပါးက နိမိတ်ပြောကြားရသည်။ နိမိတ်ပြောကြားရာတွင် နိမိတ်စောင့်ထံသို့ ၀ိနည်းဓိုရ်ဆရာတော်ကိုယ်တိုင်သွားရောက်ယှဉ်းကပ်၍ နိမိတ်ကြားနိုင်သည်၊ ဤသည်ကို အနီးကြား ဟုဆိုသည်။ နိမိတ်စောင့်ထံသို့မသွားပဲ သံဃာ့အလယ်မှနေ၍လည်း နိမိတ်ပြောကြားနိုင်သည်။ ဤသည်ကို အဝေးကြားဟု ဆိုသည်။ အရှေ့အရပ်မှစတင်၍ အရပ်မျက်နှာ အစဉ်အတိုင်းအားဖြင့် နိမိတ်ကြားရမည်။ ထိုသို့ပြောကြား ရာတွင် ပါဠိဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ ပါဠိကို မြန်မာပြန်၍ဖြစ်စေ နိမိတ်ကြားနိုင်သည်။ ၀ိနည်းကျမ်းများ၌မူ သံဃာအ လယ်မှနေ၍ကြားသော အဝေးကြားကိုသာ ဤကဲ့သို့ ဖော်ပြပေးထားကြသည်။ နိမိတ်သည် ကျောက်နိမိတ်ဖြစ်သည် ဆိုလျှင် ၀ိနည်းဓိုရက်ဆရာတော်က သံဃာအလယ်မှနေ၍ နိမိတ်ကြားရန်မှာ အရှေ့အရပ်ရှိ နိမိတ်စောင့်ကို “ပုရတ္တိမာယ ဒိယာယ ကိ ံ နိမိတ္တံ -အရှေ့အရပ်မျက်နှာ၍ အဘယ်နိမိတ်ပါနည်း?” ဟု လှန်း၍မေးရမည်။ နိိမိတ်စောင့် ရဟန်းတော်က “ပါသာဏော ဘန္တေ - ကျောက်နိမိတ်ပါဘုရား”ဟုဖြေကြားရမည်။ ထိုအခါ ၀ိနည်းဓိုရ်ဆရာတော်က သံတော်များ ကြားအောင် “ ဧသော ပါသာဏော နိမိတ္တံ -ထိုကျောက်သည် သမုတ်လတ္တံ့သော သိမ်၏အရှေ့ ဖက်မျက်နှာအရပ်က နိမိတ်တည်း” ဟု အတည်ပြု ပြောကြားပေးရသည်။ ယနေ့ခေတ်တွင်မူ နိမိတ်စောင့်ရဟန်းတော်က “ အာမ ဘန္တေ- မှန်ပါ၏ဘုရား” ဟု ပြန်လည်၍ အတည်ပြုလျှောက်ချက်တစ်ခုထည့်ပေးလေ့ရှိကြ၏။ သို့သော် ၀ိနည်းအဋ္ဌကထာများ၌ ထိုအချက်ကို ဖော်ပြမထားပါ။ မထည့်လျှင်လည်းရသည်၊ ထည့်လျှင်လည်းရသည်ဟု မှတ်ရမည်။ အနီးကြားဖြင့် ကြားသောအခါ “အယံ ပါသာဏော - ထိုကျောက်သည် သမုတ်လတ္တံ့သော သိမ်၏အရှေ့ဖက်မျက်နှာအရပ်က နိမိတ်တည်း” ဟုဝိနည်းဓိုရပ်ဆရာတော်က ပြောကြားရမည်။ မြန်မာဓလေ့ထုံတမ်းမှာမူ အနီးကြားကို ကြားပြီးမှ အဝေးကြား ကို ကြားလေ့ ရှိကြသည်။ (၂)ကြိမ််လုံးကြားကြသည်ဟုဆိုလိုသည်။ မည်သို့ပင်ကြားစေကာမူ အထူးအရေးကြီးသည်မှာ နိမိတ်ကြားရာ၌ နိမိတ်ချင်းစပ်အောင်ကြားရမည်၊ နိမိတ်ချင်းစပ်မှ နိမိတ်ပြည့်စုံသည်။ နိိမိတ်ချင်းစပ်စေရန်အတွက် နိမိတ်ကြားရာတွင် “ အရှေ့အရပ်မှစ၍ နိမိတ်ကြားပြီးလျှင် အရှေ့အရပ်မှာပင် ပြန်လည်၍အဆုံး သတ်ပြော ကြားပေးရမည်။” ဤအင်္ဂါရပ်များဖြင့်ပြည့်စုံမှသာလျှင် သိမ်သမုတ်ရာ၌ “နိမိတ္တသမ္ပတ္တိ -နိမိတ်ပြည့်စုံခြင်း” ဟုခေါ်သည်(၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၈၀။ ကင်္ခါ၊ ၈၈-၈၉။ ၀ိ၊ မဟာဝါဋ္ဌ၊ ၃၁၈)။


ပရိသသမ္ပတ္တိ- ပရိသတ်ပည့်စုံခြင်း


ဤနေရာ၌ ပရိသတ်ဟူသည် ရဟန်းပရိတ်သတ်ကိုဆိုလိုသည်။ ရဟန်းပရိတ်ပြည့်စုံခြင်းကို ပရိသသမ္ပတ္တိ- ပရိသတ်နှင့်ပြည့်စုံခြင်းဟုဆိုလိုသည်။ သိမ်သမုတ်ရာ၌ အနည်းဆုံးအားဖြင့် ပရဟန်းတော် (၄)ပါးရှိရမည်။ ထို (၄)ပါးတို့ တစ်သိမ်တည်း၌စုဝေး၍ ဟတ္ထပါသ်စပ်လျှက်ထိုင်နေပြီး သမုတ်လျှင် ပရိတ်သတ်ပြည့်စုံသည်ဟုဆိုသည်။ “အနည်းဆုံး အားဖြင့် (၄)ပါးသော ပကတတ်ရဟန်းတော်တို့သည် သိမ်သမုတ်မည့်နေရာ၌စုဝေးကြလျှက် သမုတ်အပ်သည်။ ထိုသိမ် သမုတ်မည့်နေရာသို့ မလာနိုင်သော ရဟန်းတော်များရှိလျှင် ထိုရဟန်းတော်များသည် ထိုဂါမခေတ်နယ် အတွင်း၌ရှိသော သမုတ်ထားအပ်ပြီးသော သိမ်အတွင်းသို့ ၀င်နေရမည်။ သို့မဟုတ် ထိုဂါမခေတ်နယ်အတွင်းရှိ မြစ်, သမုဒ္ဒရာ, ဇာတဿ အိုင်အတွင်းတည်သို့ ၀င်နေစေရမည်။ ထိုသို့ ၀င်၍မနေလိုသော် ရဟန်းတော်မျာအားလုံးကို သိမ်သစ်သမုတ်ရာသို့ လာရောက်စေ၍ ဟတ္ထပါသ်ထိစပ်အောင် နေစေရမည်။ သို့မဟုတ် သိမ်သမုတ်သည်ကို သဘောတူကြောင်း ဆန္ဒပေးရမည်။ ဤအင်္ဂါရပ်နှင့်ပြည့်စုံခြင်းကို ပရိသသမ္ပတ္တိ- ပရိတ်ပြည့်စုံခြင်းဟုဆိုလိုသည် (၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၈၄။ ကင်္ခါ၊ ၈၉။) ဤကဲ့သို့နယ်ကိုသိမ်း၍ သမုတ်ခြင်းကို နယ်သိမ်းသမုတ်သည်ဟုဆိုသည် (ဇနကာဘိ၀ံသ၊ ၁၉၉၀၊ ၅၂-၅၃)။


ကမ္မဝါစာသမ္ပတ္တိ-ကမ္မဝါပြည့်စုံခြင်း


ကမ္မဝါသမ္ပတိ-ကမ္မဝါပြည့်စုံခြင်းဆိုသည်မှာ ဉာတ်တစ်ကြိမ်၊ ကမ္မဝါတစ်ကြိမ်အားဖြင့် “သုဏာတု မေ……. ဧဝမေတံ ဓါရယာမိ” ဟု စင်ကြယ်သော ဉာတ္တိဒုတိယကမ္မဝါစာဖြင့် (ဘုရားဟော ပါဠိတော်လာအတိုင်း) သမုတ်ခြင်းကို ခေါ်သည် (၀ိ၊ သင်္ဂဟဋ္ဌ၊ ၁၈၄-၅။ ကင်္ခါ၊ ၉၀)။ ထိုသို့သမုတ်ရာ၌ “ရှေ့ဦးစွာ သမာနသံဝါသသိမ်ကို သမုတ်ပြီး၍၊ နောက်မှ အဝိပ္ပဝါသသိမ်ကိုသမုတ်ရန် မြတ်စွာဘုရားခွင့်ပြုခဲ့၏ (၀ိ၊ မဟာဝဂ္ဂ၊ ၁၄၉)။ ထို့ကြောင့် တူသော ကံကြီး၊ ကံငယ်ရှိအောင် “သမာနသံဝါသသီမာ သမ္မုတိကမ္မဝါစာ”ဖြင့် ရှေ့ဦးစွာ သမုတ်၍၊ သိမ်အတွင်း၌ သင်္ကန်း (၃)ထည်နဲ့ကင်းကွာ၍ နေခွင့်ရှိအောင် “အဝိပ္ပဝါသသီမာ သမ္မုတိကမ္မဝါစာ”ဖြင့် ဆက်၍သမုတ်ကြရသည် (ဇနကာဘိ၀ံသ၊ ၁၉၉၀၊ ၅၅)။ သိမ်သမုတ်ခြင်းဆိုရာ၌ သမုတ်ဟူသည် ဖွဲ့ခြင်းပင်ဖြစ်သည်၊ ကမ္မဝါစာဖြင့်သာ ဖွဲ့အပ်သည် ဟုဆိုသည် (ကင်္ခါဋီ၊ သစ်၊ ၁၃၄)။ ထို့ကြောင့် ကမ္မဝါစာဖြင့်သာ သမုတ်ခြင်းကို ပြုအပ်သည်ဟုဆိုရမည်။ ဤသို့အားဖြင့် ဉာတ်တစ်ကြိမ်၊ ကမ္မဝါတစ်ကြိမ်အားဖြင့် သက်တိုင်ရာ ဉာတ္တဒုတိယကမ္မဝါစာတို့ကိုဖတ်လျှင် ကမ္မဝါစာသမ္ပတ္တိ-ကမ္မဝါပြည့်စုံသည်။


သိမ်နုတ်ခြင်း


သိမ်အသစ်ကို သမုတ်ခြင်းမပြုမီ သိမ်ဟောင်းကိုနုတ်ခြင်း (သီမာသမူဟနန)ကံကို ဆောင်ရွက်ကြရမည်။ သိမ်ဟောင်းနဲ့ စပ်၍သမုတ်ထားအပ်သောသိမ် (သီမာသမ္ဘိန္ဒ)နှင့် သိမ်ဟောင်းပေါ်လွှမ်းမိုးသောသိမ်(သီမာအဇ္စျောတ္ထရဏ) တို့သည် မအောင်မြင်သော သိမ်ပျက် (၀ိပတ္တိသီမာ)များသာဖြစ်ကြသည်(ပရိ၀ါ၊ ၃၈၃။ ကင်္ခါ၊ ၈၇)။ သိမ်ဟောင်းနဲ့ ဆံချည် တစ်မျှင်ခန့်မျှ ထိစပ်၍ (သို့မဟုတ်) ဆံချည်တစ်မျှင်ခန့်မျှ သိမ်ဟောင်းအတွင်းသို့ဝင်၍ သမုတ်ထားသော သိမ်သစ်သည် သိမ်ဟောင်းနဲ့ ထိစပ်သောသိမ် (သီမာသမ္ဘိန္ဒ)ဖြစ်သည်။ ထို့အတူ ရဟန်း (၄)ပါးထိုင်လောက်အောင်ထိဖြစ်စေ၊ တစ်သိမ်လုံးခန့်ဖြစ်စေ သိမ်ဟောင်းအပေါ်တင်လွှမ်း၍ သမုတ်ထားသောသိမ်သစ်သည် သိမ်ဟောင်းပေါ်လွှမ်းမိုးသောသိမ် (သီမာအဇ္စျောတ္ထရဏ) ဖြစ်သည်(၀ိ၊ မဟာဝဂ္ဂ၊ ၁၅၀။ ၄င်း ဋ္ဌ၊ ၃၃၇၊ ကင်္ခါ၊ ၈၉။ သာရတ္ထ၊ ၃၊ ၂၇၅။ ကင်္ခါဋီ၊ သစ်၊ ၁၃၇၊ ၀ိမတိ၊ ၂၊ ၁၆၈။ ၀ိနယာလင်္ကာရဋီ၊ ၁၊ ၃၄၄)။ ဤသိမ် (၂) မျိုးလုံးတို့သည် မအောင်မြင်သောသိမ်များပင်ဖြစ်ကြ၏။ ထို့ကြောင့် သိမ်ဟောင်းနဲ့ဆက်စပ်နေသော သိမ်(သီမာသမ္ဘိန္ဒ) နှင့် သိမ်ဟောင်းပေါ်လွှမ်းမိုးထားသောသိမ် (သီမာအဇ္စျော တ္ထရဏ) အဖြစ်တို့မှ ကင်းစင်စေရန် သိမ်ဟောင်းများကို ပယ်ဖျက်လိုသောကြောင့် သိမ်နုတ်ခြင်းကံကို ဆောင်ရွက်ကြ ရသည်။ သာသနာတော် ကာလရှည်စွာတည်ရှိလာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံကဲ့သို့ အရပ်ဒေသများမှာမူ သိမ်ဟောင်းစပ်ခြင်းမျိုး မဖြစ်စေရန် သိမ်အသစ်ဧရိယာထက် အနည်းဆုံး (၅)တောင်ခန့်တိုးယူ၍ သိမ်နုတ်သင့်သည်ဟု အကြံပြုကြ သည် (ကုမာရ၊ အရှင်၊ ၂၀၁၃၊ ၁၀၈)။ အမေရိကနိုင်ငံကဲ့သို့ သာသနာမရှိခဲ့ဖူးသော အရပ်ဒေသမျိုးမှာမူ တိုက်ခန်း၊ အဆောင်တို့ကို သိမ်သမုတ်ရာတို့၌ (၁) ပေ၊ (၆)လက်မခန့်သာ တိုးယူ၍ သိမ်နုတ်ကြသည်ကိုတွေ့ရသည်။ အန္တရာယ် မရှိနိုင်ပါ။


သိမ်သမုတ်းခြင်းကို ပကတတ်ရဟန်းတော် (၄)ပါးက ပြုနိုင်သကဲ့သို့ သိမ်နုတ်ခြင်းကိုလည်း ပကတတ် ရဟန်းတော် (၄)ပါးကပြုနိုင်သည်။ ထို့ကြောင့် သိမ်သမုတ်၊ သိမ်နုတ်ခြင်းကံကို စတုဝဂ္ဂကံ ဟုခေါ်သည်။ အောင်မြင်သော သိမ်နုတ်ခြင်းကို ဖြစ်စေရန် အချက် (၂)ချက် ပြည့်စုံရမည်။ (၁) သိမ်အတွင်း၌အနည်းဆုံး ရဟန်းတော် (၄)ပါး စုဝေး တည်မိနေခြင်း နှင့် (၂) ထိုရဟန်းတော်တို့ကလည်း သိမ်နုတ်မည်ဟု နှလုံးသွင်း၍ ကမ္မဝါဖတ်ခြင်း တို့ဖြစ်သည် (၀ိမတိ၊ ၂၊ ၁၅၆။ ၀ိနယာလင်္ကာရဋီ၊ ၁၊ ၃၅၇)။ သိမ်နုတ်ရာတွင် မြတ်စွာဘုရားက “ရှေ့ဦးစွာ အဝိပ္ပဝါသသိမ်ကို နုတ်ပြီး၊ နောက်မှ သမာနသံဝါသသိမ်ကို နုတ်ကြရန်” ခွင့်ပြုတော်မူခဲ့သည် (၀ိ၊ မဟာဝဂ္ဂ၊ ၁၄၉)။ ထို့ကြောင့် သိမ်နုတ်ခြင်း (သီမာသမူဟနန) ကံကို ဆောင်ရွက်ရာတွင် ရှေ့ဦးစွာ အဝိပ္ပဝါသသီမာသမူဟနကမ္မဝါစာကို ဖတ်ပြီး၊ နောက်မှ သမာနံသဝါ သသီမာသမူဟနကမ္မဝါစာတို့ကို အစဉ်အတိုင်းဖတ်ကြလျှက် သိမ်နုတ်ခြင်း (သီမာသမူဟနန)ကံကို ဆောင်ရွက်ကြ ရသည်။

ဤဆိုအပ်ခဲ့ပြီးသော ၀ိနည်းဒေသနာကျမ်းဂန်များမှလာသော အကြောင်းအခြင်းရာတို့နှင့်အညီ သိမ်နုတ်ခြင်း (သီမာသမူဟနန)ကံ နှင့်၊ သိမ်သမုတ်ခြင်း (သီမာသမ္မတ)ကံတို့ကို ဆောင်ရွက်ခဲ့သော သိမ်သည် “(၁) သိမ်ပျက် (၁၁) လုံး၌မပါ၀င်ခြင်း၊ (၂) သမ္ပတ္တိသုံးပါးနှင့်ပြည့် စုံခြင်း နှင့် (၃) နိမိတ်ချင်းထိစပ်အောင် နိမိတ်ကြား၍ သမုတ်ခြင်း” တည်းဟူသော အင်္ဂါ (၃)ရပ်တို့နှင့် စင်ကြည်စွာပြည့်စုံသောကြောင့် အောင်မြင်သောသိမ် ဖြစ်သည်။


ကျမ်းညွန်းနှင့် ကျမ်းကိုးစာရင်း


ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများ

ပရိ၀ါ = ပရိ၀ါပါဠိတော်

၀ိ၊ မဟာဝဂ္ဂ= ၀ိနည်းမဟာဝါပါဠိတော်

ကင်္ခါ =ကင်္ခါ၀ိတရဏီအဋ္ဌကထာ

၀ိ၊ မဟာဝဂ္ဂဋ္ဌ = ၀ိနည်းမဟာဝါအဋ္ဌကထာ

၀ိ၊ သင်္ဂဟဋ္ဌ = ၀ိနယသင်္ဂဟဋ္ဌကထာ

ကင်္ခါဋီ၊ သစ် = ကင်္ခါဋီကာသစ်

၀ဇီရာဋီ = ၀ဇိရာဗုဒ်ဓိဋီကာ

၀ိမတိ =ဝိမတိဝိနောဒနီဋီကာ

၀ိနယာလင်္ကာရဋီ = ၀ိနယာလင်္ကာရဋီကာ

သာရတ်ထ= သာရတ်ထဒီပနီဋီကာ

တခြားသောကျမ်းများ

ကုမာရ၊ အရှင် (၂၀၁၃)၊ သိမ်နှင့်စိပ်သောအဆုံးအဖြတ်များ၊ သော်တာရောင်စုံပုံနှိပ်တိုက်၊ ၃ရ လမ်း၊ ကျောက်တံတား၊ ရန်ကုန်။

ဇနကာဘိ၀ံသ၊ အရှင် (၁၉၉၀)၊ ကင်္ခါဘာသာဋီကာ၊ ပထမတွဲ၊ ထုတ်ဝေသူ၊ ဦးစံလှ၊ စိုးမိုးမိတ်ဆက်ပုံနှိပ်တိုက်၊ ရန်ကုန်။

ပညာ၊ အသျှင် (၁၉၅၄)၊ သီမာဝိနိစ္ဆယကျမ်းနှင့်ဥပသမ္ပဒကမ္မဝါစာနိဿျ ၊သုုဓမ္မဝတီစာပုံနှိပ်တိုက်၊ စစ်ကဲမောင်ခိုင်လမ်း၊ ရန်ကုန်။



မေတ္တာဖြင့်

အရှင်ပညာစက္က

၀၇/၀၅/၂၀၂၂

4 views0 comments