အတ္တအမြင်မှ အနတ္တအမြင်သို့



အတ္တအမြင်မှ အနတ္တအမြင်သို့


နိဒါန်း


အနတ္တအကြောင်းကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ မိဂဒါဝုန်တောမှာ မြတ်စွာဘုရားက ဓမ္မစက္ကပဝတ္တနသုတ်တော်ကိုဟောကြားတော်မူပြီးနောက် ဝါဆိုလ္ဆုပ် ၅ ရက်နေ့မှာ ပဥ္စဝဂ္ဂီတို့ကိုဟောကြားခဲ့တာဖြစ်ပါတယ်။ ဒီအနတ္တတရားဟာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မှန်ကန်နေဆဲ၊ ခေတ်မှီနေဆဲဖြစ်တဲ့တရားလည်းဖြစ်တယ်။ တချို့အထင်မှာ ဘုရားဟောတရားတော်တွေဟာ ရှေးကျလွန်းတယ်၊ ခေတ်မမှီတော့ဘူးလို့ ထင်နေကောင်း ထင်နေလိမ့်မယ်။ ဘုရားဟောခဲ့တဲ့ တရားတော်တွေဟာ ဘယ်တော့မှ ဟောင်းနွမ်းတယ်လို့ မရှိပါဘူး။


ဥပမာအားဖြင့် ရွှေ၊ ငွေ၊ ပတ္တ မြား စတဲ့အဖိုးတန်ရတနာတွေလိုပါပဲ။ ရတနာတွေဟာ ဘယ်ခေတ်ပဲရောက်ရောက်၊ ဘယ်နေရာပဲရောက်ရောက် လူ့အဖွဲ့အစည်းမှာ အမြဲတမ်းတန်ဖိုးရှိတယ်၊ အမြဲတမ်းနှစ်လိုဖွယ်ဖြစ်နေတယ်။ ဒီအတိုင်းပဲ မြတ်စွာဘုရားရဲ့ တရားရတနာတော်ဟာလည်းပဲ အမြဲတမ်းတန်ဖိုးရှိတယ်။ ဘယ်ခေတ်၊ ဘယ်နေရာမှာမဆို သုံးတတ်ရင် တန်ဖိုးမလျှော့ဘူး။


တချို့တွေကတော့ ဗုဒ္ဓဘာသာဟာ အင်မတန်ကို ခေတ်မမှီတော့ဘူး၊ လက်တွေ့မဆန်ဘူး၊ ကျင့်နိုင်ခဲတယ်လို့ထင်နေကြတယ်။ ဒိပြင် ဘာသာတရားတွေမှာ လူတိုင်းလိုက်နာနိုင်တယ်၊ သိလွယ် တယ်။ ဒါကြောင့် လူတိုင်းသိလွယ်၊ တတ်လွယ်တဲ့နည်းနဲ့ဟောပြောရမယ်လို့ သုံးသပ်ကြတယ်။ အမှန်က မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေဟာ အစ၊ အလယ်၊ အဆုံး ၃ပါးလုံး ကောင်းတဲ့တရားပဲဖြစ်ပါတယ်။ ဒီလောကမှာ ကောင်းပေ့ဆိုတဲ့တရားတွေထက် ကောင်းတယ်၊ အကျိုးများပေ့ဆိုတဲ့ တရားတွေထက် အကျိုးများတယ်။ တရားတော်တွေကို နားမလည်လို့ ဒီစကားကိုပြောကြတာပါ။


ငြိမ်းချမ်းမှု၊ အပူသောကကင်းပြီး နေထိုင်နိုင်တဲ့အထိ တရားအရည်အသွေးတွေ ပတ္တမြားခဲလိုတောက်ပြောင်မှု အရသာကို ခံစားဖူးကြရင် တရားဟာ တကယ့်ရတနာပဲဆိုတာ လက်ခံလာနိုင်ပါတယ်။ ဇာတိခေတ်၊ အာဏာ ခေတ်၊ ဝိသယခေတ် ဘယ်ခေတ်မှာမဆို ဒီတရားတွေဟာ လူတိုင်းနဲ့ လိုက်လျှောညီထွေရှိတယ်။ ကျင့်တဲ့သူကိုအကျိုးဖြစ်စေတယ်။





အတ္တအယူအဆ


ဘုရားတရားတော်တွေဟာ အနတ္တတရားကို အခြေပြုထားတယ်။ ဒီတော့ အနတ္တကိုမြင်ဖို့ အစပထမ အတ္တကိုအရင် သိရမှာဖြစ်တယ်။


အတ္တဆိုတာ ဘာလဲ။


အတ္တဆိုတာ ရှိကိုမရှိဘူး၊ စိတ်ထဲထင်နေကြတာ။ အတ္တဆိုတဲ့ပုဒ်ကို မြန်မာပြန်ရင် မိမိ၊ ကိုယ်၊ ကိုယ်ပိုင်၊ ငါ လို့အဓိပ္ပါယ်ရတယ်။ ခန္ဓာကိုယ်အတ္တဘောကိုလည်း အတ္တလို့ဆိုသေးတယ်။ အမှန်က အိန္ဒိယက တိတ္တိဆရာကြီးတွေက "ခန္ဓာကိုယ်ကိုသော်လည်းကောင်း၊ လောကကို သော်လည်းကောင်း အစိုးရလျှက်၊ မပျက်မစီး အမြဲတည်နေသော အနှစ်သာရ အမာခံသဘော တရားတစ်ခုရှိရမယ်၊ အဲဒါ "အတ္တ" လို့ အယူရှိကြတယ် (တိပိ၊ ၁၊ ၄၃၇)။


မြင်-သိစိတ်ဖြစ်ကြောင်း မျက်လုံး၊ ကြား-သိစိတ်ဖြစ်ကြောင်း နား၊ နံ-သိစိတ်ဖြစ်ကြောင်း နှာ၊ အရသာသိစိတ်ကိုဖြစ်ကြောင်း လျှာ၊ အတွေ့ထိ-သိစိတ်ဖြစ်ကြောင်း ကိုယ်၊ စိတ်ကိုဖြစ်ကြောင်းဟဒယတွေမှာ အဲဒီအတ္တရှိ တယ်လို့ ယူဆကြတယ်။ အဲဒီလို အတ္တကောင်ရှိလို့သာ မြင်နိုင်၊ ကြား နိုင်၊ နံနိုင်၊ စားနိုင်၊ ထိနိုင်၊ သိနိုင်ကြတာဖြစ်တယ်လို့ အယူရှိကြတယ်။ အချုပ်ပြောရင် တခန္ဓာလုံးမှာ အတ္တကောင်ရှိတယ်၊ ဒါကြောင့် အသက် ရှင်နေတာလို့ ယူဆကြတယ်(အဟာစည်ဆရာတော်၊ ၂၀၀၈၊ ၆-၉)။


သဘောတရား အရပြောရရင် စွဲလမ်းပြီးမြင်တဲ့ အမြင်မျိုးဟာ အတ္တဝါဒ- အတ္တအယူဆ၊ အတ္တအမြင်ပဲဖြစ်ပါတယ်။ ငါ့ကိုယ်ပိုင်ပဲ၊ ငါပဲလို့ စွဲလမ်းပြီး မြင်တဲ့အမြင်၊ ဒိဋ္ဌိနဲ့စွဲလမ်းတဲ့အမြင်ဟာ အတ္တအမြင်ပဲဖြစ်ပါတယ်။ ဒါဟာ တကယ် အတ္တရှိနေတာမဟုတ်ဘူး။ စိတ်ထဲအထင်ရောက်နေတာ။ ဘာနဲ့ အထင်ရောက်နေတာလဲဆိုတော့ ဒိဋ္ဌိနဲ့စွဲလမ်းပြီး အထင်ရောက်နေတာ။ ဒိဋ္ဌိဝိပလ္လာသဖြစ်နေတာကြောင့်၊ အမြင်မှားနေတာကြောင့်သာ အတ္တလို့ထင်နေတာ။ တရားမသိခင်ဖြစ်တဲ့ စိတ်ထဲက အထင်လေးပဲ။ ရုပ်အပေါင်း၊ နာမ်အပေါင်းကို တစ်ခုတည်း၊ တစ်လုံးတည်းအနေနဲ့ ခန္ဓာကိုယ်အဖြစ်မြင်နေတာ။ ပြီးတော့ ဒီရုပ်ပဲ၊ ဒီနာမ်ကို တစ်ခုစီခွဲမသိပဲ အတုံးအခဲ၊ အစဉ်အတန်းအားဖြင့် ထင်မြင်ပြီး အဲဒီရုပ်နာမ်အစု အတ္တဘောကို စွဲလမ်းပြီးထင်နေတာ။ တကယ်တော့ ဘယ် အတ္တမှ ရှိတာမဟုတ်ဘူး (လယ်တီဆရာတော်၊ ၂၀၀၀၊ ၁၁)။


အချုပ် အားဖြင့်ပြောရရင် ငါပဲ လို့ထင်နေတဲ့ အထင်ကလေးဟာ အတ္တ အမြင်ပဲ။ ထင်ပုံလေးက ဥပမာ- ထိုင်တယ်ဆိုရင် ငါထိုင်တယ်၊ ထတယ် ဆိုရင် ငါထတယ်၊ လဲလျှောင်းတယ်ဆိုရင် ငါလဲလျှောင်းတယ်၊ လျှောက် တယ်ဆိုရင် ငါလျှောက်တယ်- စသည်ဖြင့် ငါကောင်လို့ အထင်မှတ်နေ တာတွေဟာ ကိုယ့်ကိုကိုယ် အတ္တလို့ အထင်ရောက်နေတာ၊ တနည်း အားဖြင့် အနတ္တကို မမြင်လို့ဖြစ်နေတဲ့အမြင်ဖြစ်ပါတယ်။


အတ္တဆိုတာ "ငါ"ဆိုတဲ့အမြင်မျိုးပဲဖြစ်ပါတယ်။ ဒိဋ္ဌိနဲ့စွဲကိုင်ပြီး သုံးသပ်တဲ့အမြင်မျိုးဖြစ်ပါတယ်။ စိတ်ထဲစွဲနေတဲ့သဘောကို ဥပါဒန်လို့ဆိုတယ်။ သဘောတရားတိုင်းကို သဘောလို့မမြင်ပဲ အသွင်သဏ္ဍာန်အားဖြင့် မှားယွင်းစွာ သုံးသပ်ပြီး ငါလို့မြင်တဲ့ အမြင်မျိုးဖြစ်ပါတယ်။ သဘောကိုသဘောလို့မသိပဲ အသွင်သဏ္ဍာန်အားဖြင့်ထင်နေတာကို ဒိဋ္ဌိနဲ့သုံးတယ်လို့ဆိုတယ်။ ဒိဋ္ဌိနဲ့ ဘယ်လိုသုံးသပ်သလဲဆိုတော့ ရုပ်ကိုသော်လည်းကောင်း၊ နာမ်ကိုသော်လည်းကောင်း တဏှာနဲ့ ဦးစွာတပ်မက်ပြီးသိမ်းပိုက်လိုက်တယ်၊ မာနလေးနဲ့ငါပဲ လို့ ထင်လိုက်တယ်၊ ပြီးတော့ ဒိဋ္ဌိလေးနဲ့ ဒါဟာ ငါ့ကိုယ်ပဲလို့ ရှုမြင်လိုက်ခြင်းပဲ။ ဒီသုံးခုမှာ ဒိဋ္ဌိဟာ အရေးပါတယ်။ ဒိဋ္ဌိဦးစီးပြီးတော့ တဏှာနဲ့ သာယာတယ်၊ ပြီးတော့ မာနနဲ့ အထင်ရောက်တယ်။ မာနဆိုတာ အထင်ရောက်နေတာ။ ငါပဲ၊ ငါ့ဟာပဲလို့ အထင်ရောက်နေခြင်း။ မာန ဖြစ်နေရင်တော့ ဒိဋ္ဌိမလိုဘူး။ ဒါကြောင့် မာနဖြစ်ရင် ဒိဋ္ဌိ မဖြစ်ဘူးလို့မှတ်၊ ဒိဋ္ဌိ ဖြစ်စရာကိုမလိုပဲ မာနတစ်ခုတည်းနဲ့ကို အတ္တပုံရိပ်ကြီးပေါ် နေတော့တာ။ တစ်စုံတစ်ခုကိုမြင်တယ်ဆိုရင်ပဲ ငါမြင်တယ်လို့ထင်တယ်။ အဲဒါ ငါဆိုတာ မာန၊ ငါလို့ထင်မြင်နေတာ ဒိဋ္ဌိ၊ ငါ့ဟာ, ငါ့အမြင် စသည် ဖြင့်ထင်နေတာ တဏှာပဲ။ အဲဒီသုံးခုပေါင်းလိုက်တော့ ငါပိုင်တယ်လို့ ထင်သွားတယ်။ နောက်ဆုံးတော့ တဏှာနဲ့ တပ်မက်ပြီး ဒိဋ္ဌိနဲ့ စွဲလမ်း ထားတဲ့ဟာကို မာနလေးနဲ့ သတ်မှတ်ပေးလိုက်တယ်။ ငါပဲ၊ ဘယ်သူမှ မဟုတ်ဘူး ဖြစ်သွားတယ် (မဟာစည်ဆရာတော်၊ ၂၀၀၈၊ နှာ ၁၉၈-၂၀၁)။


ခြုံပြီးပြောရရင်တော့ ငါမကင်းတဲ့အမြင်၊ ငါအစွဲပါတဲ့အမြင်၊ ငါအဖြစ်စွဲယူတတ်တဲ့အမြင်ဟာ အတ္တအမြင်ပဲ။ ဘယ်အချိန် ငါအစွဲနဲ့ စွဲသလဲဆိုတော့ - မြင်ဆဲခဏ၊ ကြားဆဲခဏ၊ နံဆဲခဏ၊ စားဆဲခဏ၊ ထိတွေ့ဆဲ ခဏနှင့် စဉ်စားဆဲခဏတွေမှာ ငါအစွဲနဲ့ သုံးသပ်တတ်ကြတယ်။ အဲဒီဖြစ်ဆဲ ခဏမှာ ငါအစွဲမပါရင် အဲဒါ အတ္တကင်းနေတာ ဖြစ်တယ်။ သို့သော် သတိ မလုံတဲ့ ပုထုဇဉ်တွေကတော့ ဖြစ်ဆဲခဏ တိုင်းမှာ ငါအစွဲ မကင်းကြပါဘူး။ အမြဲ ငါဆိုတာကြီးကပ်ပါနေတယ်၊ သို့ သော် မသိကြဘူး။ ဒါကြောင့် တဏှာ နဲ့တပ်မက်၊ မာနနဲ့ ထောင်လွှားပြီး ဒိဋ္ဌိနဲ့စွဲလမ်းတဲ့ အမြင်ဟာ အတ္တမြင်၊ အတ္တဝါဒ၊ အတ္တပဲလို့မှတ်ရမယ်။ အဲဒီတရားတွေနဲ့သုံးသပ်ရင် အရာအားလုံးကို မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ စားသမျှ၊ တွေ့ထိသမျှ၊ တွေးတောသမျှ ငါပဲလို့ အထင်ရောက် တတ်တယ်။ ပြောချင်တာကတော့ ဗုဒ္ဓဘာသာရှုထောင့်ကကြည့်ရင် အတ္တဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ အနတ္တ-အစိုးမရမှုတွေပါပဲ။ ဒါကြောင့် မြတ်စွာဘုရားတရားတော်တွေဟာ အနတ္တကို ဗဟိုပြုထားတယ်လို့ ဗုဒ္ဓဘာသာက ဆိုထားတာဖြစ်ပါတယ်။ တကယ်တော့ အတ္တဆိုတာ- တပ်မက်စွဲလမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ငါဆိုတဲ့ အမြင်ကလေးပဲဖြစ်ပါတယ်။ တကယ်မရှိပါဘူး။ ငါ ဗဟိုပြုတဲ့ အမြင်ကလေးပဲဖြစ်ပါတယ်။ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် သာစရာ၊ စွဲမက်စရာအဖြစ် အရာရာကို သုံးသပ်ဆုတ်ကိုင်ထားတဲ့ အယူကလေးပဲဖြစ်ပါတယ်။ အဲဒီအယူကလေးဟာ ခန္ဓာ ငါးပါးအစုကို ရုပ်-နာမ်လို့ လက်ခံနိုင်တဲ့ အသိကလေး မရှိတဲ့ သူတွေရဲ့ အသိစိတ်ထဲမှာ ကိန်းနေတယ်။ ဒါကြောင့် မြတ်စွာဘုရားက ခန္ဓာ ငါးပါးကို ခန္ဓာ ၅ ပါးအဖြစ်မျှ မြင်နိုင်ရင် ငါဆိုတဲ့အမြင်ကလေး တကယ်မရှိဘူးဆိုတာ နားလည်နိုင်တယ်၊ အဲဒီအသိဟာ အနတ္တသို့ ဦးတည်နေတဲ့ အသိကလေးပဲ လို့ သွန်သင်တော်မူခဲ့တယ်။ သက်ရှိ၊ သက်မဲ့အပေါ်မှာ ရုပ်-နာမ်တွေရဲ့အစု ခန္ဓာ ၅ ပါးမျှသာလို့ တကယ်သိပြီး လက်မခံနိုင်သေးသမျှ ဒို့တွေရဲ့ အသိဟာ ငါကို ဗဟိုပြုနေဦးမှာပဲ။ အဲဒါပဲ အတ္တဆိုတာ။ တခြားအတ္တဆိုပြီး အကောင်ပလောင်အနေနဲ့ ရှိတာ မဟုတ်ဘူးလို့ ဗုဒ္ဓဘာသာရှုထောင့်က နားလည်လို့ရတယ်။




အနတ္တအယူအဆ


ဒီလို ငါအစွဲရှိတဲ့ အတ္တအမြင်ရဲ့ ဆန့်ကျင်ဘက် အမြင်ကတော့ ငါအစွဲမပါတဲ့ အနတ္တအမြင်ပဲဖြစ်ပါတယ်။ အနတ္တလို့ဆိုခြင်းသည် "အဝသဝတ္တနဋ္ဌေန အနတ္တတော-မိမိအလိုသို့ မလိုက်တတ်သော ကြောင့် အစိုးမရ ( အနတ္တ) ဟုခေါ်သည်…."(အံ၊ ဋ္ဌ၊ ၁၊ ၃၃၃)။ မိမိ ဖြစ်ချင်သလိုမဖြစ်၊ မိမိမဖြစ် ချင်သလိုတွေချည်းပဲဖြစ်နေတဲ့အတွက်, အစိုးမရ၊ မမြဲတဲ့အတွက် ရုပ်၊ နာမ် တွေကို အစိုးမရ-အနတ္တလို့ဆိုတာဖြစ်ပါတယ်။ ရုပ်၊ နာမ်တွေမှာ သဘာဝအားလျှော်စွာတည်ရှိနေတဲ့ လက္ခဏာ(သဘာဝလက္ခဏာ) နှင့် အများဆိုင် လက္ခဏာ( သာမည လက္ခဏာ) ဆိုတာရှိတယ်။ သဘာဝလက္ခဏာဆိုတာ နာမ်ဆိုရင် အာရုံသို့ညွတ်ကိုင်းတတ်တဲ့သဘော၊ အာရုံကိုယူတတ်တဲ့သဘောရှိတယ်။ အဲဒါသူ့ရဲ့ ပင်ကိုယ်သဘာဝဖြစ်စဉ်ဖြစ်လို့ သဘာဝလက္ခဏာလို့ခေါ်တယ်။ ရုပ်ဆိုရင် ပင်ကိုယ်အားဖြင့် အကောင်သဏ္ဍာန်မဟုတ်ပဲ အကောင်သဏ္ဍာန်ရဲ့ မာမှု ပျော့မှု၊ ပူမှုအေးမှု၊ ယိုစီးစေးကပ်မှု၊ တွန်းကန်လှုပ်ရှားမှုတွေသာထင်ရှားတယ်၊ အဲဒီဟာက ဘယ်တော့မှပျောက်ပျက်မသွားတဲ့ ရုပ်တိုင်းမှာရှိတဲ့ ရုပ်ရဲ့ပင်ကိုယ်သဘောတစ်ခုဖြစ်တယ်။ အဲဒီသဘောကိုရုပ်၏သဘာဝလက္ခဏာလို့ခေါ်တယ်။ နာမ်၏အာရုံသို့ ညွတ်တတ်တဲ့သဘောနှင့် ရုပ်၏ အမာအပျော့, အပူအအေး, အဖိအတွန်းတွေဟာ နမိုနမိနေရင် မထင်ရှားဘူးထင်ရတယ်၊ နမိုနမိနေတဲ့အချိန်မှာဆို ခန္ဓာကိုယ်အသွင်သဏ္ဍာန်တွေကိုပဲ အာရုံကျပီး အသွင်အပြင်တွေပဲထင်နေလေ့ရှိတယ်။ သို့သော် သတိထားစောင့်ကြည့်တဲ့အခါ အမာအပျော့၊ အပူအအေး၊ အတွန်းအဖိဆိုတဲ့ ရုပ်၏ပင်ကိုယ်သဘောကိုပဲတွေ့ရမယ်။


ဒီလိုပဲ သမာဓိရင့်ပြီးတဲ့အခါ ကြည့်လိုက်တိုင်း ရုပ်က သတ်သတ်၊ နာမ်က သတ်သတ်လို့ ရုပ်နဲ့နာမ်ကို တခြားစီမြင်တွေ့နိုင်တဲ့အဆင့်မှာ ရုပ်နာမ် သဘောဟာ ထင်ရှားတယ်။ အသွင်သဏ္ဍာန်မရှိတော့ဘူး။ ဘလိုထင်ရှားလဲဆိုတော့ နာမ်ဆိုတဲ့စိတ်ကလေးက အာရုံဆီကိုင်းညွတ်သွားတာ၊ ရုပ်ဆိုတဲ့ အာရုံမှာလည်း နာမ်နဲ့ကိုင်းညွတ်ပီးသိလိုက်တိုင်း အမာအပျော့၊ အပူအအေးအတွန်းအဖိပဲ တွေ့တော့တာ။ အသွင်သဏ္ဍာန်ကိုမတွေ့တော့ဘူး။ အဲဒါကို သဘာဝလက္ခဏာကို သိတယ်လို့ခေါ်တယ်။ တကယ်ရှိနေတဲ့ အရှိတရားကို သိတာမို့လို့၊ ပရမတ်ကိုသိတာဖြစ်တယ်။ အဲဒီရုပ်သဘော နာမ်သဘောဟာလည်းပဲ စိုက်ကြည့်လိုက်တဲ့အခါ ဖြစ်ပြီးပျက်နေတာကိုသွားတွေ့မယ်၊ မြဲမနေဘူး။

အဲဒီအဆင့်ကနေ ဖြစ်ပျက်ကို မြင်အောင်စိုက်ကြည့်လာတဲ့အခါ ဖြစ်ပျက် ဖြစ်ပျက်ပဲ ထင်ရှားလာမယ်။ ညွတ်တဲ့သဘောလည်းမရှိ၊ အမာအပျော့ အပူအအေး အတွန်းအဖိလည်း မတွေ့။ အဲဒီသဘောတွေက ပေါ်လာပြီးပျောက်သွားတာပဲ ထင်ရှားလာမယ်။ အဲဒီကနေတဆင့် ပျက်တာပဲထင်ရှားလာမယ်။ ပျက်တာမြင်တော့- ဖောက်ပြန်နေပါလားလို့သိလာတယ်၊ အဲဒီမှာ အနိစ္စလက္ခဏာထင်တယ်။ ပျက်တာ ထင်ရှားလာတော့ ကြောက်စရာအဖြစ်သိလာတယ်။ အဲဒီမှာ ဒုက္ခလက္ခဏာထင်။ ပျက်တာတွေပဲမြင်နေတော့ အစိုးရတာမရှိဘူးလို့ သိလာတယ်။ အဲဒီမှာ အနတ္တလက္ခဏာထင်တယ်။ ပျက်တာတွေမြင်ရင် အနိစ္စထင်တယ်။ ကုန်ခန်းတာတွေ မြင်ရင် ဒုက္ခထင်တယ်။ ပျောက်တာကွယ်တာတွေထင်ရှားရင် သုညတ(အနတ္တ)ထင်လာတယ်။ အဲဒါ နာမ်တား၊ ရုပ်တရား (၂) ခုလုံးနဲ့ဆိုင်တာဖြစ်လို့ အများဆိုင် သာမညလက္ခဏာလို့ ဆိုတယ်။ ဒီလိုအနတ္တ(အစိုးမရ) လို့မြင်တယ်ဆိုပါစို့။ ဘယ်အတိုင်းတာထိ မြင်ရမလဲဆိုရင် မြင်ဆဲခဏမှာ အင်္ဂါ ၄ ချက်ပြည့်အောင်မြင်ရမယ်။


"… မျက်လုံး အနတ္တ၊ ရုပ် အနတ္တ၊ မြင်သိစိတ် အနတ္တ၊ မျက်လုံး နှင့် ရူပါရုံပေါင်းဆုံမှု ဖဿ အနတ္တ…."( မ၊ ၃၊ ၃၃၀)။


ဒီလို အနတ္တသဘောကို လက်ခံနိုင်ဖို့ ရှေ့ဦးစွာ အနိစ္စသဘောကို တွေ့နေရမှာဖြစ်တယ်။ ရုပ်၊ နာမ်တွေရဲ့ မမြဲခြင်းသဘောကိုတွေ့ပြီဆိုရင် ရုပ်၊ နာမ် အပေါ်မှာ ငြိိီးငွေ့လာတတ်တယ်၊ ငြိီးငွေးပြီး မလိုချင်တော့ဘူး။ ဒီတော့ ငါ့ဟာ၊ ငါ၊ ငါ့ဥစ္စာ အနေနဲ့မသိမ်းပိုက်တော့ဘူး။ ဒါကြောင့် ရုပ်၊ နာမ်တို့ရဲ့ မမြဲမှုကို သိနားလည်အောင်လို့ ရှေ့ဦးစွာ မြင်ဆဲခဏ၊ ကြားဆဲ ခဏ၊ နံဆဲခဏ၊ စားဆဲခဏ၊ ထိဆဲခဏ၊ ကြံဆဲခဏတွေမှာ မြင်တယ် ..မြင်တယ်.. စသည်ဖြင့်ရှုမှတ်ရတယ်။ မြင်ခြင်းသဘောကို မြင်နေတာ ကရုပ်၊ မြင်တာကစိတ်လို့ သိလာရင် ရုပ်နာမ်ကိုသိလာတာဖြစ်တယ်။ ရုပ် တရား၏လျှင်မြန်စွာဖြစ်၊ ပျက်နေမှုနှင့် နာမ်တရား၏အလျှင်အဟုန်နဲ့ ဖြစ်ပြီး ပျက်နေမှုတွေကို သိလာမှာဖြစ်တယ်။ အဲဒီအချိန်ကျတော့ အော်.. ရုပ်၊ နာမ်ဟာ မမြဲပါလား၊ ဒုက္ခပဲ၊ အစိုးမရပါလားလို့ ကိုယ့်အလိုလိုသိလာမှာ ဖြစ်တယ်။


"…….ရဟန်းတို့… ရုပ်သည် မမြဲ၊ မမြဲတဲ့ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲခြင်းသည် ငါမဟုတ် (အနတ္တ)။ အနတ္တဖြစ်တဲ့ရုပ်ကို "ငါမဟုတ်၊ ငါ့ ဥစ္စာမဟုတ်၊ ငါ့ကိုယ်မဟုတ်"ဟူ၍ အရှိကိုအရှိအတိုင်း ရှုမြင်နို်င်ရမယ်…." (သံ၊ ၃၊ ၂၃၇)။


တကယ်တော့ ရုပ်ဟာ (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် တွေဟာ) မမြဲဘူး၊ မမြဲတဲ့ရုပ်ဟာ ဆင်းရဲခြင်းပဲ၊ မမြဲဘူး၊ ဖောက်ပြန်နေတယ်။ အဲဒီမမြဲ၊ ဖောက်ပြန်နေတဲ့ရုပ်ဟာ အတ္တ (ငါကိုယ်) မဟုတ်ဘူး၊ ငါမပိုင်ဘူး၊ အစိုးရခြင်းသဘောမရှိဘူး။ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့ကိုယ်ရယ်လို့ အတင်း အကြပ်ဆုပ်ကိုင်ရန်မဖြစ်နိုင် (အနတ္တ) ( သံ၊ ၂၊ ၃၄၄)။


ခန္ဓာကိုယ်တွေလှုပ်ရင် ငါလှုပ်တယ်လို့ထင်တတ်ကြတယ်။ တကယ်တော့ စိတ်ကြောင့်လှုပ်ရတာဖြစ်တယ်။ ငါလှုပ်တယ်လို့ထင်ခြင်းသည် အတ္တ။ တစ်ခုခုကိုခံစားရင်လည်း ငါခံစားတယ်လို့ထင်တတ်ကြတယ်။ အမှန်က ဝေဒနာကခံစားတာသာဖြစ်တယ်။ ငါခံစားတယ်လို့မြင်ခြင်းသည် အတ္တ။ မှတ်သားရင်လည်း သညာက သူ့ဟာသူမှတ်နေတာ၊ ဘယ်သူမှမှတ်နေတာမဟုတ်ဘူး။ အဲဒါကို ငါမှတ််နေတယ်ထင်ကြတယ်။ ငါမှတ်နေတယ်လို့ထင်နေခြင်းသည် အတ္တ။ ပြုပြင်နေရင်လည်း ငါပြုပြင်နေရတယ်လို့ ထင်တတ်ကြတယ်။ အမှန်က သင်္ခါရတရားစုတွေကသာ ပြုပြင်နေတာဖြစ်တယ်။ ငါမဟုတ်ဘူး။ ငါလို့ထင်နေတာက အတ္တ။ စိတ်နဲ့သိနေရင်လည်း ငါသိတယ်လို့ ထင်နေကြတယ်။ အမှန်က စိတ်က သူ့အလုပ်သူလုပ်နေတာသာဖြစ်တယ်။ ငါလို့ထင်နေတာ အတ္တ။ ဒီအတ္တကို ဖြိုခွင်းနိုင်မှ အနတ္တ ဆိုတာကို သိမယ်။


"……မမြဲဟုရှုလျှင် မြဲ၏ဟူသော အမှတ်သညာကိုစွန့်နိုင်တယ်၊ ဆင်းရဲဟု ရှုလျှင် ချမ်းသာ၏ဟူသောအမှတ်သညာကိုစွန့်နိုင်တယ်၊ ငါ့ကိုယ်မဟုတ် (အနတ္တ)ဟုရှုလျှင် ငါ့ကိုယ်(အတ္တ) ဟူသော အမှတ်သညာကိုစွန့်နိုင်တယ်၊ ငြီးငွေ့လျှင် လိုချင်စိတ်ကို စွန့်နိုင်တယ်…." (ပဋိသံ၊ ၅၅။ ဒီ၊ ၃၊ ဋ္ဌ၊ ၃၄၈)။


တကယ်တော့ ရုပ်၊ နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ ဖောက်ပြန်မှု၊ ပျက် စီးနေမှုတွေကို သိအောင်လုပ်နိုင်လျှင် အစိုးမရဆိုတာ အလိုလိုသိလာမှာ ဖြစ်တယ်။ ဘာကြောင့် သိနိုင်သလဲဆိုတော့ ဒီရုပ်၊ နာမ်ဓမ္မသင်္ခါရတရားတွေက အစိုးမရခြင်းသဘောရှိနေလို့ပဲ။ တကယ်အစိုးမရဖြစ်နေလို့ပဲ။


"…….ပြုပြင်စီရင်ခြင်းသဘော သင်္ခတသဘောရှိတဲ့ ရုပ်ကို .ရုပ်ဟာ ပြုပြင်စီရင်ခြင်းသဘော ရှိတယ် လို့သိရမယ်၊ သင်္ခတဖြစ်တဲ့ ဝေဒနာ….သင်္ခတဖြစ်တဲ့ သညာ…. သင်္ခတဖြစ်တဲ့ သင်္ခါရ….. သင်္ခတဖြစ်တဲ့ ဝိညာဏ… တွေကို သင်္ခတဖြစ်တယ်လို့….. ဟုတ်တိုင်းမှန်စွာသိရမယ်…."(သံ၊ ၃၊ ၉၄)။


ဒီသင်္ခါရတရားတွေရဲ့ သရုပ်မှန်ကိုသိလို့ အနိစ္စလက္ခဏာ၊ ဒုက္ခ လက္ခဏာ နှင့် အနတ္တလက္ခဏာတွေထင်ပြီဆိုရင်တော့ မိမိတို့တောင်းတနေတဲ့ နိဗ္ဗာန်ဆိုတာကို မတောင်းတပဲ ရရှိကြမှာဖြစ်ပါတယ်။


"….ခန္ဓာအပေါ်မှာ အနိစ္စအားဖြင့်၊ ဒုက္ခအားဖြင့်၊ အနတ္တအားဖြင့်မြင်ရင် အာသဝေါတရားအားလုံးကိုစွန့်ပြီးတော့ အရဟတ္တဖိုလ်သို့ရောက်နိုင်တယ် …." ( အပဒါန၊ ၂၊ ၂၅၈)။


အနိစ္စသဘောကိုတကယ်မြင်တဲ့အခါ ဖြစ်ပေါ်လာတဲ့အကြောင်းတရားသဘောတိုင်းဟာ ပျက်ခြင်းသဘောဆိုတဲ့ အကျိုးရှိတယ်လို့ အကြောင်းအကျိုးကို သိမြင်လာတယ်။ ဒီလိုအကြောင်းအကျိုး (ပဋိစ္စသမုပ္ပါဒ်)ကို သိမြင်လာတဲ့အခါ ကြောင်းကျိုးနှစ်တန်ရဲ့ ကုန်တဲ့သဘော (ခယ)၊ ပျက်တဲ့သဘော(ဝယ)၊ တခုပြီးတခု တားဆီးမရ ပေါ်လိုက်ပျောက်လိုက်နဲ့ ဖောက်ပြန်ခြင်းဓါတ်(ဝိပရိဏာမ) သဘောဟာ သူ့အလုပ်သူလုပ်နေတယ်လို့ပါ မြင်လာတယ်။


အဲဒီမှာ နာမ်ရုပ်သဘောဟုဆိုအပ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် တို့အနက် ဘယ်တရားပဲပေါ်ပေါ် ဖြစ်ပျက်နှစ်တန်ပဲထင်းရှားနေတော့တယ်။ ဒါကြောင့် အဲဒီ ဖြစ်ပျက်နှစ်တန်နှစ်စက်ဒဏ်ကြောင့်၊ တရံမစဲ အလွန်ပင်ဆင်းရဲတဲ့ ဒီနာမ်ရုပ်အစုတို့ကို မလိုချင်တော့ဘူးဖြစ်လာတယ်။ တပ်မက်စိတ်တွေမရှိတော့ဘူးဖြစ်လာတယ်။ တပ်မက်စိတ်တွေကင်းလာတယ်။ ဒီဆင်းရဲခြင်း သဘောကနေလွတ်ချင်တာတယ်။ အစိုးတရမရှိ၊ ဘာမှပြုပြင်လို့မရ၊ ကိုယ်ပိုင်မဟုတ်တဲ့ ဖြစ်ပျက်တွေပဲ ကြီးစိုးညှင်းဆဲနေတဲ့ နာမ်ရုပ်အပေါ်မှာ မှီနေတဲ့အရာကနေ လွတ်ချင်၊ ကျွတ်ချင်လာတယ်။ အဲဒီလွတ်ချင်စိတ်နဲ့ နာမ်ရုပ်တို့၏ မြဲတည်မနေမှု (အနိစ္စသဘော) ကို စူးစိုက်ရှုမှတ်ရင်းပင် ဖြစ်ခြင်းဟူသော အကြောင်းတရား(သမုဒယ)နှင့် ပျက်ခြင်းဟူသော အကျိုးတရား (ဝယ)တို့၏ အကြောင်းကျိုးအားဖြင့် ဖြစ်ပျက်နေမှု(ပဋိစ္စသမုပ္ပါဒ်) ကိုပါနားလည်သိမြင်လာတယ်။ ထိုဖြစ်ပျက်ကိုရှုနေရင်းကနေ နာမ်ရုပ်တို့၏ ပျက်မှုအဆုံးမှာ စိတ်ထဲမှာ နာမ်ရုပ်ကင်းတဲ့သဘော (ဝိရာဂ)၊ ချုပ်ပျောက်သွားတဲ့သဘော( နိရောဓ) တွေကို အကုန် အစီအရီသိမြင်လာတယ်။ နောက်တော့ ကုန်ခန်းပျက်စီးချုပ်ပျောက်သွားတဲ့ခဏမှာ နာမ်ရုပ်ဆိုတာ မရှိတော့ဘူးလို့ ဆိုက်သုဉ်းခြင်း(အနတ္တသုည)သဘောကို ပါနားလည်လိုက်တယ်။အဲဒီအနတ္တသုညခဏမှာ နာမ်လည်းမထင်ရှား၊ ရုပ်လည်းမထင်ရှား၊ ဘာမမရှိတဲ့သဘောတစ်ခုကို ထိုးထွင်းသိမြင်ပြီးတော့ နာမ်ရုပ်ကိုမှီနေတဲ့ ကိလေသာတွေလည်း မရှိတော့တာကို သိမြင်လာတယ်။ ကိလေသာကင်းနေတဲ့ ရှုမှတ်စိတ် ဉာဏ်အစဉ်မှာ ငြိမ်းအေးမှု အနှစ်သာရ တခုပဲထင်ရှားပြနေတာတွေ့တယ်။ အဲဒါ အနတ္တဆိုက်တာပဲ။ ဒီအနတ္တကိုဆိုက်တဲ့အခါ နာမ်ရုပ်သဘောဖြစ်ဖြင်းပျက်ခြင်းဒုက္ခလည်းစိတ်ထဲမရှိ၊ နာမ်ရုပ်ကိုတွယ်ကပ်နေတဲ့ တဏှာလောဘ ကိလေသာ သမုဒယလည်းစိတ်ထဲမရှိ။ ဖြစ်ပျက်မှု ဒုက္ခသစ္စာတွေလည်း ကုန်၊ တွယ်တာမှု သမုဒယလည်းကွာ၊ စိတ်ကလေးဟာ တည်ကြည်အေးချမ်းမှုအသိတခုပေါ်မှာ အာရုံပြုပြီး ငြိမ်းချမ်းမှု နိရောဓဆိုက်နေတယ်။ အဲဒီ အေးချမ်းမှုဟာ ဒုက္ခသမုဒယတို့ ချုပ်ပျောက်ခြင်းကြောင့် ရှုစိတ်ကလေး အနတ္တသုည ဆိုက်နေလို့ဖြစ်နေတာ။ အဲဒါကိုလည်း အကျင့်အားဖြင့်သိတယ်။ ဒီလိုမျိုး သစ္စာ ၄ ပါးတရားကို အတ္တအမြင်ဆိုက်မှ မဂ်ခဏမှာ သိခွင့်ရကြတာဖြစ်ပါတယ်။


အဲဒီမှာ အနတ္တဓမ္မသတ္တိအမြင်ကလေးနဲ့ "ယေကေစိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ'န္တိ- ဖြစ်ပေါ်လာတဲ့ သဘော (အကြောင်းတရား)တို့သည် ချုပ်ပျောက်ခြင်းသဘောရှိကြကုန်၏" လို့ ဆုံးဖြတ်ချက်ချမှတ်နိုင်လာတယ်၊ လက်ခံကျင့်သုံး ယုံကြည်မှု ခိုင်မာသွားတယ်။ တရားအားလုံးဟာ သုညတ အနတ္တမှာ ဆုံးပါတယ်။ ဒါကြောင့် ရုပ်၊ နာမ်တွေရဲ့ သာမညလက္ခဏာတွေဖြစ်တဲ့ မမြဲခြင်း သဘော၊ ဆင်းရဲခြင်းသဘောနှင့် အစိုးမရခြင်းသဘောတွေကိုသိမြင်ပြီး မိမိတို့ရည်မှန်းထားတဲ့ တရားထူး၊ တရားမြတ်ကိုရောက်အောင် ရုပ်၊ နာမ် တွေရဲ့ဖြစ်ဆဲခဏကို သတိနဲ့ကပ်ပြီး ဖြစ်နေဆဲဖြစ်တဲ့အခြေနေတွေကို သိ အောင်အားထုတ်နိုင်ကြပါစေသတည်း။


သာဓု သာဓု သာဓု

မေတ္တာဖြင့် ဦးပညာစက္က

27 views0 comments