၂၀၇၀ ခုနှစ် အာရက္ခနိုင်ငံတော်



၂၀၇၀ ခုနှစ် အာရက္ခနိုင်ငံတော်


သန်းအောင်ဖြိုး

31/05/2022


၁။ နိဒါန်း


၂၀၃၀ ခုနှစ်မှာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံက ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်သွားတဲ့ အာရက္ခနိုင်ငံငယ်လေးဟာ နှစ်ပေါင်း ၄၀ အကြာ၊ အရှရဲ့ကျား စင်္ကါပူနိုင်ငံနီးပါးလို အစစ အရာရာ ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ တစ်ချိန်က အဆင်းရဲဆုံးနိုင်ငံတစ်ခုရဲ့ ကျွန်ပြုခံပြည်နယ်တစ်ခုလည်းဖြစ်၊ နှစ်ပေါင်း ၂၄၀ ကျော်နီးပါး ဗမာပြည်ထောင်စု၊ အင်္ဂလိပ်နယ်ချဲ့ နဲ့ ဖက်ဆစ်ကိုလိုနီတို့ရဲ့၊ ခေတ်အဆက်ဆက် လက်အောက်ခံ ရခိုင်လူမျိုးနှင့် ရခိုင်ပြည်ဟာ လွတ်လပ်ရေးယူပြီး ဆယ်စုနှစ် ၄ ခုခန့်အကြာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေတာဟာ ကမ္ဘာ့နိုင်ငံများအတွက် အတုယူစရာစံပြနိုင်ငံငယ်လေးတစ်ခုလို ဖြစ်နေပါတယ်။ အာရက္ခနိုင်ငံတော်ရဲ့ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အေးချမ်းသာယာမှုတို့ကို မျက်မြင်မတွေ့ကြုံဖူးသေးတဲ့ ကမ္ဘာ့နိုင်ငံများအနေဖြင့် အာရက္ခနိုင်ငံတော်အခြေအနေကိုသိရှိနားလည်အောင်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း သင်ခန်းစာယူ အတုယူနိုင်အောင်၊ အာရက္ခနိုင်ငံတော်၏ ပကတိမြေပြင်အခြေအနေကို တင်ပြလိုက်ရပါတယ်။


၂။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် သွေးစည်းညီညွတ်မှု


အာရက္ခတိုင်းပြည်မှာ မှီတင်းနေထိုင်ကြတဲ့ ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ သက်၊ ချင်း၊ ရခိုပြည်မှ မွတ်ဆလင် အစရှိသည် တိုင်းရင်းသားပေါင်းစုံတို့ဟာ ဒီမိုကရေစီရဲ့ အဓိကအနှစ်သာရဖြစ်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အပြည့်အဝခံစားခွင့်ရရှိနေကြတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ခရီးသွားလာခွင့်၊ တိုင်းရင်းသားလူမျိုးတို့ရဲ့ စာပေနဲ့ ယဥ်ကျေးမှုကို လွတ်လပ်စွာထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်တို့ကို အပြည့်အဝအာမခံပေးထားပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရထဲကတစ်ခုဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုဝေဖန်ခွင့်ဟာ ကမ္ဘာ့အဆင့်မှာ နံပါတ် ၅ နေရာတွင်ရှိတယ်။ တစ်ချိန်က လွတ်လပ်မှုရဲ့အရသာကို မခံစားဖူးခဲ့ရတဲ့ အာရကန်နိန့်(စ်)တွေဟာ ယခုတော့ ကြောက်ရွံ့မှုမှကင်းမဲ့ပြီး ဂုဏ်သရေရှိတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားများအဖြစ်ရပ် ရပ်တည်နိုင်ပြီဖြစ်တယ်။


ဒါ့အပြင် အာရက္ခနိုင်ငံအတွင်း နိုင်ငံသားတိုင်းဟာ ဘာသာရေး၊ လူမျိုးရေး၊ ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်၊ အာဏာရှင် အုပ်ချုပ်ခံ အစရှိသည် ခွဲခြားဆက်ဆံခံရမှုကင်းမဲ့ပြီး တန်းတူညီမျှမှုအရသာကို ပြည့်ပြည့်ဝဝခံစားနေကြရတယ်။ အာရက္ခနိုင်ငံတော်ရဲ့ တရားစီရင်အောက်တွင် လူမျိုးတိုင်း၊ ဘာသာဝင်းတိုင်းဟာ တရားမျှတမှုကိုရရှိပြီး မည်သူတစ်ဦးတစ်ယောက်ကမှ တရားစီရင်ရေး၏အထက်တွင်မရှိပါ။ လွတ်လပ်၊ မျှတ ဘက်မလိုက်သည့် တရားစီရင်ရေးကို ဥပဒေစိုးမိုးရေးအခြေခံအောက်ကနေ အခိုင်အမာတည်ဆောက်ထားတော့ အာရက္ခပြည်သူပြည်သားတို့အဖို့ အရှင်လတ်လတ်နဲ့ နတ်ပြည်ရောက်နေသလားလို့တောင် အောင့်မေ့ရပါတယ်။


အာရက္ခနိုင်ငံတော်အဖြစ် ပြန်လည်ထူထောင်ခါစ၊ ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခတွေနဲ့ ပြည့်နှက်ပြီး ကျရှံးနိုင်ငံငယ်လေးအဖြစ်နှင့်သာရပ်တည်နေလိမ့်မည်ဟု ဝေဖန်မှု​တွေရှိခဲ့တယ်။ သို့သော် အထင်အမြင်နဲ့ လက်ရှိအခြေအနေဟာ မိုးနဲ့မြေလို ကွာခြားပါတယ်။ တိုင်းရင်းသားလူမျိုးစုအချင်းချင်း တစ်ဦးပေါ် တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ သွေးစည်းညီညွတ်မှုရှိပြီး၊ လူမျိုးရေးပြသနာဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံများအနေဖြင့် အတုယူစရာ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုနီးပါး ရခိုင်တိုင်းရင်းသားနဲ့ ရခိုင်ပြည်မှမွတ်ဆလင်တို့ကြား ပဋိပက္ခဟာ မြေလျိုးမိုးပျံ ပျောက်ကွယ်သွားပြီး၊ လူမျိုးစုနှစ်ခုကြား သဟာဇာတကျကျနေထိုင်တတ်ခြင်းမှာလည်း အံ့သြလောက်ဖွယ်ပင်။


၃။ ခေတ်မီ အာရက္ခအသိုင်းအဝန်း


တစ်ချိန်က အုပ်ချုပ်သူအစိုးရများထံ ''ရခိုင်တွေဟာ စာမတတ်ကြပါ'' ဟု အနှိမ်ခံခဲ့ရတဲ့ အာရက္ခလူမှုအသိုင်းအဝန်းဟာ၊ ယနေ့အချိန်မှာဖြင့် ကိုယ့်နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ပညာရှင်ပေါင်းမြောက်များစွာကို မွေးထုတ်ပေးနေပါပြီ။ ပညာရေးဟာ မသင်မနေရ မူဝါဒကိုချမှတ်ထားပြီး၊ မူကြိုအဆင့်ကနေ တက္ကသိုလ်အဆင့်ထိ အခမဲ့ပညာရေးဖြစ်ကာ၊ ပညာရေးအတွက် ငွေကြေးအသုံးအများဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲတွင် ပါဝင်တယ်။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ပေါင်း မြောက်များစွာတည်ရှိသလို၊ နိုင်ငံတကာမှ ကျောင်းသားများကို ပညာသင်ဆု ပေးလျှက်ရှိပါတယ်။ ခေတ်မီ သင်ရိုးညွှန်တမ်းများဖြစ်သည့်အတွက် နိုင်ငံတကာကပါ ကိုးကားမှုပြုလာသလို၊ ပြည်ပတက္ကသိုလ်များကတောင် အရာက္ခဆရာ၊ ဆရာမများကို ခေါ်ယူသင်ကြားစေတယ်။ ဘွဲ့လွန်ကျောင်းသားအများစုဟာလည်း ကမ္ဘာကြီးအတွက်လိုအပ်တဲ့ ပညာရပ်မျိုးစုံကိုလေ့လာဆည်းပူးလျှက်ရှိတယ်။


သိပ္ပံပညာစုစမ်းလေ့လာရေးနဲ့ သုတေသနပြုလုပ်ရာမှာ နာမည်ရနိုင်ငံတစ်ခုဖြစ်လာပြီး၊ အချိန်တိုအတွင်း ပညာရေးအဆောက်အအုံ အရှိန်အဟုန်နှင့် တိုးတက်လာခြင်းရဲ့ နောက်ကွယ်က ဘာဖြစ်မလိုဆိုတာ ကမ္ဘာကသိချင်ကြမှာပါ။ အမှန်မှာ အာရက္ခပညာရေးအဆောက်အအုံကို စီးပွားရေးကဏ္ဍဖြင့် မြှင်တင်ထားခြင်းဖြစ်ပါတယ်။ အာရက္ခနိုင်ငံဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP နဲ့ တိုင်းပြည်ထုတ်ကုန် GNP မြင့်မားသည့်နိုင်ငံတစ်ခုဖြစ်ပြီး၊ ပင်လယ်ပြင်ကို စိုးမိုးထားသောကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမြို့များဟာ ကမ္ဘာ့အဆင့်မီ ကုန်သွယ်ရေးမြို့တော်များ ဖြစ်ကြတယ်။ စက်မှုနည်းပညာ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။


အာရှတွင် အလှပဆုံးကမ်းခြေများနှင့် UNESCO ဝင် ရှေးဟောင်းမြောက်ဦးမြို့တည်ရှိရာနိုင်ငံဖြစ်သောကြောင့် ခရီးသွားများ လာရောက်အပန်းဖြေရာနေနိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းအလွန်နည်းပါးပြီး တစ်ဦးချင်ဝင်ငွေဟာ မြင့်မားလွန်းပေတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု လုံးဝမရှိ။ ဘင်္ဂလားဒေ့ရှ့်၊ အန္ဒိယ၊ မြန်မာဖက်ဒရယ်ပြည်ထောင်စု၊ တရုတ်၊ အမေရိကားတို့ဟာ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး၊ ရာသီဥတုကောင်းမွန်သောကြောင့် စိုက်ပျိုးရေးဟာ ကောင်းမွန်၊ ပင်လယ်ပြင်မှ သား၊ငါးတို့ဟာ သုံးမကုန်ဖြစ်နေတော့ ရခိုင်တွေချမ်းသာတာဟာ အံ့သြစရာတော မဟုတ်ပဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ သာလွန်နေမှုကြောင့် UNDP ၏ ၂၀၆၈ ခုနှစ် လူမှုဖွံ့ဖြိုးရေးညွှန်းကိန်း HDI အမြင့်ဆုံး ၁၀ နိုင်ငံတွင် အာရက္ခနိုင်ငံတော်သည် အဆင့် ၃ နေရာတွင် ရှိလာ၏။


၄။ နိုင်ငံတော် ယန္တရား


နိုင်ငံတစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ဟာ ထိုနိုင်ငံရှိ အစိုးရစနစ် ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အာရက္ခနိုင်ငံဟာ အားကောင်းတဲ့အစိုးရတစ်ရပ်ကိုပိုင်ဆိုင်ထားတယ်။ အစိုးရဟာ ပြည်သူတစ်ယောက်ချင်းစီအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားပြီး၊ လူတစ်ယောက် မွေးကတည်းကနေ သေသည်အထိ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စအဝဝကို အစိုးရကတာဝန်ယူဖြေရှင်းပေးထားပါတယ်။ လူထုကလည်း အစိုးရကိုယုံကြည်သည့်အနေနဲ့ ဝင်ငွေရဲ့ ၄၀% ကို အစိုးရထံအခွန်ဆောင်ကြပါတယ်။ အာရက္ခအစိုးရဟာ တိုင်းပြည်ကို စနစ်တကျလည်ပတ်စေပြီး၊ ပြည်သူတွေရဲ့ စီးပွားရေးလုပ်ငန်းအများစုကိုလည်း အစိုးရကဝင်ရောက်လုပ်ကိုင်ပေး၏။ စီးပွားရေးအရ စုပေါင်းပိုင်ဆိုင်မှုကို အလေးပေးထားသည့်တိုင် ပုဂ္ဂလိကပိုင်ဆိုင်မှုကိုလည်း မပိတ်ပင်ထားပေ။ အစိုးရရဲ့ မိခင်သဖွယ် ပြုစုစောင့်ရှောက်မှုအောက်မှာ အရာက္ခရဲ့ မတူညီတဲ့လူမျိုးစုတိုင်းဟာ မေတ္တာ၊ ဂရုဏာ အငွေ့အသက်တွေကို ခံစားနေကြရပါတယ်။

အရာက္ခနိုင်ငံတော်ဟာ အရွယ်အစားအားဖြင့်သေးငယ်သောကြောင့် ပြည်သူများကရွေးချယ်တင်​မြှောက်ထားသည့် ဥပဒေပြုလွှတ်တော်တစ်ရပ်ကိုသာထားရှိ၏။ လူမျိုးစုအသီးသီးရဲ့ ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲတွင် ပါဝင်​ပေတယ်။ နိုင်ငံရဲ့ဂုဏ်ထူးဆောင်အဖြစ် သမ္မတတစ်ဦးကို ခန့်အပ်ထားသည့်တိုင် အာဏာအပ်နှင်ထားခြင်းတော့မရှိပေ။ ဝန်ကြီးချုပ်ဟာ အုပ်ချုပ်ရေးအာဏာကို လက်ကိုင်ကျင့်သုံးပြီး အစိုးရအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်ကို အပြန်အလှန်ထိန်းကျောင်းသည့်စနစ်ဖြင့် လည်ပတ်စေပြီး၊ အားကောင်းသည့် ဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးစနစ် တည်ရှိပါတယ်။ အာရက္ခနိုင်ငံတော်ဟာ ကမ္ဘာ့တည်ငြိမ်မှုအရှိဆုံး နိုင်ငံများ ၁၀ ခုစာရင်းတွင် နှစ်စဥ်ပါဝင်လျှက်ရှိတယ်။ လူဦးရေးနည်းပြီး နိုင်ငံဧရိယာသေးငယ်သည့် ကမ္ဘာ့နိုင်ငံတော်တော်များကတောင် ရခိုင်နိုင်ငံတော်ရဲ့ အုပ်ချုပ်ပုံစနစ်ကို အတယူရန် စိုင်းပြင်းလျှက်ရှိပါတယ်။ နိုင်ငံရေး နှင့် စီးပွားရေး ကောင်းမွန်သည့် အာရက္ခဒေသဟာ ကမ္ဘာသူ၊ ကမ္ဘာသားအဖို့ နေချင်စဖွယ် နေရာတစ်ခု ဖြစ်လာပါတယ်။


၅။ ဆိုရှယ်ဒီမိုကရေစီ


အာရက္ခနိုင်ငံတော်ကို ဆိုရှယ်ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဆိုရှယ်လစ်အယူအဆနဲ့ ဒီမိုကရေစီတန်ဖိုးတွေဟာ အာရက္ခဒေသတစ်ခွင့် စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ နိုင်ငံရေးအားဖြင့် ဒီမိုကရေစီတန်ဖိုးတွေကို အလေးထားပြီး၊ စီပွားရေးအားဖြင့် ဆိုရှယ်လစ်အယူအဆကို ပိုမိုကျင့်သုံးနေကြတာဖြစ်ပါတယ်။ နိုင်ငံရေးအရ လွတ်လပ်မှုရှိပြီး၊ စီးပွားရေးအရ မျှတမှုကို ဖော်ဆောင်ပေးထားပါတယ်။ ရှင်းရှင်းပြောရရင် နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နိုင်ငံတို့တွင် ကျင့်သုံးသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်ကို အတုယူထားခြင်းဖြစ်တယ်။ အာရက္ခနိုင်ငံဟာ လွတ်လပ်တယ်၊ မျှတတယ်၊ လုံခြုံတယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်နေကြတယ်။ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူလူထုနဲ့ ဆီလျော်အပ်စပ်တယ်။ လူထုကထောက်ခံပြီး အစိုးရက အကောင်အထည်ဖော်ပေးတယ်။ အုပ်ချုပ်ခံပြည်နယ်တစ်ခုကနေ ဆိုရှယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဘယ်လိုဖြစ်တည်လာလဲ။ ရခိုင်တွေ ဘယ်လိုတော်လှန်ခဲ့လဲ၊ ဘယ်လိုဖြတ်သန်းခဲ့ကြတာလဲ? ကမ္ဘာကြီးမှာ တော်လှန်ရေးအကြောင်းပြောကြရင် အာရက္ခနိုင်ငံတော်လှန်ရေးဟာ မပါမဖြစ်ပါနေပါပြီး။ အရှတိုက်က ဆိုရှယ်ဒီမိုကရေစီ နိုင်ငံငယ်လေးပေါ့။


၆။ အုတ်မြစ်ချခဲ့သူများ


အခုလို ရခိုင်ပြည်မှ တိုင်းရင်းသားလူမျိုးတိုင်းရဲ့ လွတ်လပ်မှုအသီးအပွင့်ဟာ သဘာဝအလျှောက်ပေါက်ဖွားလာခြင်းတော့ မဟုတ်ပေ။ အသက်ပေါင်းမြောက်များစွာကိုအရင်းတည်၍ လွတ်လပ်မှုအကျိုးအမြတ်ကို ခံစားရရှိနိုင်အောင် တော်လှန်ရေးခေါင်းဆောင်တို့က ဖန်တီးပေးခဲ့ခြင်းဖြစ်တယ်။ ၂၀၃၀ နောက်ပိုင်း ဆိုရှယ်ဒီမိုကရေစီစနစ်အသက်တည်လာအောင် ပြည်သူလူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ တစ်ချိန်က တော်လှန်ရေးအစိုးရအဖြစ် ရပ်တည်ခဲ့သည့် ရခိုင်ပြည်သူ့အစိုးရနဲ့ ပြည်သူကြား ဘုံသဘောတူညီချက်ကိုရှာကြံပြီး ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်သူတို့၏ ဆိုရှယ်ဒီမိုကရက်တစ် လမ်းကြောင်းကို ရွေးချယ်ခဲ့မှုသည် မှန်ကန်ကြောင်း အချိန်ကသက်သေပြထားပြီးဖြစ်သည်။ ကမ္ဘာကို အသိပေးလိုသည်မှာ ရခိုင်တိုင်းရင်းသားတို့ရဲ့ အတွေးအခေါ်၊ အယူအဆတို့ကို အဆင့်မြှင့်နိုင်ခဲ့သူမှာ လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားသူရဲကောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကြောင့်ဟု ဆိုရမည်။


ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဆိုသူမှာ အာရက္ခနိုင်ငံတော်ကို အုတ်မြစ်ချခဲ့သူ။ ULA/AA ကို ဦးဆောင် တည်ထောင်ပြီး အာရက္ခတိုင်းပြည်နဲ့ အာရက္ခပြည်သူလူထုကို ကျွန်ဘဝမှ လွတ်မြောက်အောင် ဆွဲတင်ခဲ့သူ။ အရာက္ခပြည်သူအားလုံး ဆိုရှယ်ဒီမိုကရက်တစ် ရွှေထီးဆောင်းနိုင်အောင် ဖန်ဆင်းခဲ့သူ။ ယနေ့ခေတ် ရခိုင်တွေရဲ့ ခမ်းနားကြီးကျယ်မှုဟာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အတွေးအခေါ်၊ အမြင်အမြော် မြင့်မားမှုကြောင်းဖြစ်တယ်။ ရှုပ်ထွေးလှတဲ့ မြန်မာပြည်ထောင်စုထဲကနေ အာရက္ခနိုင်ငံတော်ကို ဆွဲထုတ်နိုင်ခဲ့ကြတာ အဆင့်မြင့်အရည်အချင်းကို ပိုင်ဆိုင်သည့် ပါရမီရှင်များဖြစ်ကြသည်။ ထို့ကြောင့် အာရက္ခပြည်သူရဲ့ အိမ်များ၊ အဆောက်အအုံများ၊ ရုံးများ၊ ပန်းခြံများ၊ သမိုင်းဝင်ပြတိုက်များ အစရှိသည် နေရာတိုင်းလိုလိုကို သွားကြည့်လိုက်ကြပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ အမှတ်တရရုပ်တုများကို စိုက်ထူထား၊ ရုပ်ပုံများကို ချိတ်ဆွဲထားပါရဲ့။ နောက်ဆုံး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ တော်လှန်ရေးသင်္ကေတတစ်ခုအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားပြီးဆိုတာ ဘယ်သူမှ မငြင်းရက်နိုင်တော့ပေ။


၇။ နိဂုံး


အာရက္ခနိုင်ငံရဲ့ နိုင်ငံရေးဟာ တည်ငြိမ်နေပါတယ်။ စီးပွားရေးနဲ့ ပညာရေးကို လျှပ်စစ်ရထားမြန်နှုန်းကဲ့သို့ အရှိအဟုန်ပြင်းပြင်းနဲ့ မောင်းနင်နေပါတယ်။ လူ့အခွင့်အရေးနဲ့ လုံခြုံမှုကို အပြည့်အဝခံစားချင်ရင် အာရက္ခဒေသမှာ လာရောက်အခြေချလှည့်ပါ။ သဘာဝဘေးအန္တရာယ်၊ လူလုပ်ဘေးအန္တရာယ်နည်းပါးသလို၊ ရာသီဥတုသာယာပြီး အစားအစာတွေက ပေါကြွယ်ဝပါတယ်။ နည်းပညာထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာအောင် ကြိုးစားနေကြပါတယ်။ အာကာသစူးစမ်းလေ့လာခရီးများ တီထွင်နေကြပါတယ်။ အာရက္ခနိုင်ငံကို ကမ္ဘာ့နိုင်ပညာရှင်တို့က ၂၂၂၀ ခုနှစ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံတစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းနေကြပါတယ်။


ပြီး

သန်းအောင်ဖြိုး

1 view0 comments